လူစွမ်းကောင်းတွေနေတဲ့ မြို့

0
396

မြိတ်။ အသံထွက်တော့”ဘိတ်”။ နာမည်ကသာ”ဘိတ်” ။ လူစွမ်းကောင်း တွေ ထွက်တဲ့နေရာမှာတော့ ထိပ်ပဲ။ မယုံမရှိနဲ့ သမိုင်းနဲ့ကို ချီပြီး ထွက်နေ တာ။
လူစွမ်းကောင်းဆိုလို့ နယ်ချဲ့ အင်္ဂလိပ်၊ ဖက်ဆစ်ဂျပန်၊ အာဏာရှင် အစိုးရ ဘာညာတွေကို တော်လှန်တဲ့ လူစွမ်းကောင်းတွေလို့တော့ မထင်ပါနဲ့။ အဲဒီလူ စွမ်းကောင်းတွေက ထွက်တော့ ထွက်တယ်၊ သမိုင်းတစ်လျှောက် အလွန်ဆုံး လေးငါးဆယ် ကိုးယောက်။ အခုပြောတဲ့ လူစွမ်းကောင်းက နှစ်ရက် တစ်ယောက် သုံးရက်တစ်ယောက် နှုန်းနဲ့ကို ထွက်နေကြတာ မမြင်ချင်မှ အဆုံး။

လူစွမ်းကောင်းတွေက ပြိုင်ပွဲဝင် နေသလားတောင် အောက်မေ့ရ။ ရတဲ့ ဆုတွေကလည်း မျိုးစုံ။
အတော်ဆုံး လူစွမ်းကောင်းတွေက သင်္ချိုင်းဆု။ သူ့ထက် နည်းနည်းညံ့ရင် ဒုက္ခိတ။ အသင့်အတင့်ဆို နဖူးကွဲ ဒူးပြဲ။ အများအားဖြင့် ကျွန်တော်တို့မြို့က လူငယ်တော်တော်များများက ဒီပြိုင်ပွဲဝင် ပြိုင်ခဲ့ဖူးကြတာချည်း။
သူတို့ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်ယာဉ် အမျိုးအစားက သိတဲ့အတိုင်း”ဆိုင် ကယ်။”

ဆိုင်ကယ်ဆိုလို့ နှစ်ဘီးတပ် ဆိုင် ကယ်တစ်ခုတည်း မထင်လိုက်နဲ့။ ပစ္စည်းတင်တဲ့ ဘေးတွဲဆိုင်ကယ်တွေ လည်း အခုနောက်ပိုင်းပြိုင်ပွဲမှာ နာမည် တော်တော်ရလာတယ်။ ရဆိုလမ်းက ကောင်းလာတာကိုး။ လမ်းတွေက နိုင်လွန်ကတ္တရာ ရှယ်ချည်းပဲ ဖြစ်လာပြီ ဆိုတော့ လူစွမ်းကောင်းပြိုင်ပွဲဝင်တွေ ကလည်း တိုက်တာနဲ့ ကျိုး၊ ကြေ၊ သေ ဆေးရုံရောက်တာ ချည်းပဲလေ။ ပြောရရင် မသေဖူးတဲ့အိမ်က မုံညှင်းစေ့ရှာသလိုမျိုး မြိတ်မှာ ဆိုင်ကယ်မတိုက်ဖူးတဲ့ သူတစ် ယောက်ရှိနေတဲ့ အိမ်ဆိုတာ မရှိသလောက်။ အရွယ် ရောက်ပြီး ယောက်ျားမိန်းမတိုင်း (အရွယ်မရောက်သေးသူလည်းပါ) အနည်းနဲ့ အများကတော့ တိုက်ဖူး၊ အတိုက်ခံဖူးကြသူတွေချည်း။ ဆိုင်ကယ် မတိုက်ဖူး အတိုက်မခံရဖူးရင် မြိတ်သား မစစ်ဘူးလို့တောင် ပြောလို့ရတဲ့မြို့။

လူစွမ်းကောင်းပြိုင်ပွဲဝင်တွေက ညဘက်ဆို ပိုဆိုး။ တချို့ ဘေးတွဲဆိုင် ကယ်တွေမှာက အချက်ပြမီးရှိဖို့ နေနေ သာသာ ရှေ့မီးကြီးတောင် မရှိ။ ဒါကြောင့် ပရဟိတ နာရေးကား တစ်ဆယ်ကျော် လောက်ရှိတာ ဈေးဦးမပေါက်တဲ့နေ့ မရှိဘူးလို့ ပြောတာပေါ့ ခင်ဗျ။
အများသူငါ အလုပ်ပိတ်တဲ့ အခါ ကြီးနေ့ကြီးဆို၊ အဲဒီနေ့တွေများဆို “ပီး ပေါ် ပီးပေါ်”နဲ့ အရေးပေါ် လူနာတင် ယာဉ်အသံတွေက တစ်မြို့လုံးကိုသော သောညံလို့။ အရေးပေါ် ယာဉ်အဖွဲ့ သားတွေ ထမင်းတောင်စားဖို့ အချိန် မရဆို အဟုတ်ပဲ။ မိဘတွေခမျာလည်း အိမ်ပြန် မရောက်ကြသေးတဲ့ သား သမီးအတွက် ရင်တစ်ထိတ်ထိတ်။ လည်ပင်းကြီးက တမျှော်မျှော်။ နေမကျ ထိုင်မရ။ သောကတွေ ဗျာပွေ။

အများပြည်သူ ငြိမ့်ငြိမ့်ညောင်း ညောင်း သက်တောင့်သက်သာ သွားနိုင် အောင် လုပ်ပေးလိုက်တဲ့ လမ်းမတွေက တချို့ကားတွေ ဆိုင်ကယ်တွေကို ဂျို(ချို)တပ်ပေးလိုက်သလို လူသတ် လက်နက် တွေ ဖြစ်နေပါရော့လား ခင်ဗျ။
ညနေဘက် လမ်းလျှောက်ရင်း ပင်လယ်ဆားရနံ့သင်းတဲ့ ကမ်းနားလမ်း မှာ သွားထိုင်ပြီး အပန်းဖြေဖို့ စိတ်မကူးနဲ့။ အပန်းပြေဖို့ နေနေသာသာ မျက်စိငရဲ နားငရဲနဲ့ နှလုံးရောဂါရဖို့ ပဲရှိတယ်။ မယုံသွားကြည့်။ မြိတ်သား လူငယ်တွေ လူစွမ်းကောင်း ပြိုင်ပွဲ အများဆုံးကျင်းပ တဲ့နေရာက ကမ်းနားလမ်းနဲ့ လေယာဉ် ကွင်းလမ်းတစ်လျှောက်။

ပေလေးဆယ်လောက်ပဲရှိတဲ့ လမ်း ကို ဟိုဘက်သည်ဘက် ဖြတ်ကူးဖို့ဆိုတာ အနည်းဆုံး ဆယ်မိနှစ်လောက် စောင့်ပြီး အလင်းရဲ့ လျင်မြန်နှုန်းနဲ့ ဖြတ်ကူး မှရ မှာ။ မောင်းနေတဲ့ ဆိုင်ကယ်တွေက လေရဲ့လျှင် မြန်နှုန်းနဲ့ဆိုတော့ နှေးနေ လို့ကတော့ သူတို့ ဆိုင်ကယ်ပေါ်က အော် (တချို့ဆဲ) သွားကြသလိုပါပဲ။
“သေသွားမယ်၊ ရှင်သွားမယ်၊ မသေမရှင် ဖြစ်သွားမယ်”။
လူစွမ်းကောင်းပြိုင်ပွဲက ဆုရရှိ သူအများစုက လမ်းစည်းကမ်း ယာဉ် စည်းကမ်း နားမလည်။ လိုင်စင်မရှိ၊ အ သက်မပြည့်။ ခြေမမီ၊ လက်မမြဲ၊ ငယ် ရွယ်တဲ့ ကလေးတွေ။

အရက်သောက် မူးရူး၊ ဆေးဝါး သုံးစွဲ ကဲမယ်ဖြဲမယ်ကွဲမယ်ဆိုတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် လူငယ် တွေက ပထမဆု။ သူတို့ ပထမဆု ဆွတ်ခူး ချိန်နဲ့ ဆုံမိပြီး ကံဆိုးသွားရလေသူတွေ ကတော့ ငြိမ်းငြိမ်းချမ်းချမ်းသွားလာနေတဲ့ ခုနှစ်ရက်သားသမီး မြို့သူမြို့သား တွေပေါ့ ခင်ဗျ။
မိတ်ဆွေ အစ်မကြီးတစ်ယောက်က တော့ ဖြစ်နိုင်ရင် ဆိုင်ကယ်မမောင်း ချင်တော့ဘူးလို့ စိတ်ပျက်လက်ပျက် ညည်းညူရှာတယ်။ သူ့ခမျာ ဆိုင်ကယ် ပေါ်တက်လိုက်တာနဲ့ သရဏဂုံပါတစ် ခါတည်း တင်ထားရပြီး လမ်းတစ် လျှောက်လုံးလည်း နောက်ကနေ၊ ဘေး ကနေ၊ ရှေ့ကနေ၊ ရှိသမျှ အရပ်ရှစ်မျက် နှာက ဘယ်အချိန်ဘယ်သူ ဘာပုံစံနဲ့ လာတိုက်သွားမလဲ စိုးရိမ်စိတ်နဲ့ စီးနေရ၊ အိမ်ပြန်ရောက်တဲ့အထိ အသက်နဲ့ ခန္ဓာ ပေါင်းဖက်နေသေးတယ်ဆိုမှ သက် ပြင်းချရသတဲ့။
ဟုတ်မှာပေါ့ ခင်ဗျ။

စည်းကမ်းနဲ့ ပုံမှန်မောင်းနေတဲ့ သူတွေကြားထဲ ပါဝါအိတ်ဇော အင်ဂျင် သံတဝေါဝေါ တဒိုင်းဒိုင်းနဲ့ အတင်း တိုးဝင်ပြီး မြွေလိမ်မြွေကောက် ပရမ်း ပတာ ရှေ့နောက်မကြည့် ၀ရုန်းသုံးကား သူ့ထက်ငါဦး မောင်းကြ ဗျင်းကြ ဖြဲကြ တဲ့ လူငယ်လူစွမ်းကောင်းတွေက လမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ နေ့စဉ်နဲ့ အမျှ မြို့မေတ္တာခံယူနေတာက တအုံး အုံးကို ညံလို့လေ။ မီးနီလည်း ဂရုမ စိုက်။ “မဆင်းရ”ဆိုလည်း ဆင်းတာပဲ။ လက်ဝဲ လက်ယာ ဘာညာမရှိ၊ ဦးစား ပေးခြင်း နတ္တိ။ တချို့ ညတွေဆိုကမ်းနား လမ်းဖက်မှာ အင်္ကျီ အဆင်တူတွေဝတ်ပြီး ဆိုင်ကယ်အုပ်စု လိုက်လမ်းပိတ် မောင်း ကြ။ လူငယ်အချင်းချင်း မိုက်ကြေး ခွဲကြ။ အနောက်မှာ ထိုင်နေသူက ဆိုင်ကယ် ဒေါက်ကြီးကို ကတ္တရာလမ်းနဲ့ ထိ ထောင်နင်းပြီး အသံဆူညံအောင်၊ မီးတွေ ပွင့်ဖြာထွက်အောင် လုပ်ကြသေးတယ်။ ရဲကင်း ပတ္တရောင်း လှည့်လာရင်တော့ မျက်နှာသေလေး တွေနဲ့ငြိမ်ကုတ်လို့။

သူတို့ မယှဉ်ရဲတာဆိုလို့ မြို့ပြင် လမ်းတစ်လျှောက်က ကျောက် သဲမြေ သယ်ကားကြီးတွေပဲ ရှိတယ်။ သူထက်ငါ အခေါက်ရေ ပိုရဖို့ အဓိက ထားပြီး တုံး ဆိုတိုက် ကျားဆိုကိုက် ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း မောင်းနေကြတဲ့ ဒီကား ကြီးတွေက သိတဲ့အတိုင်းSLOW DOWN (အရှိန်လျှော့ဘား) မြင်ရင်တောင် လီဘာဖိနင်းပြီး ဝုန်းဒိုင်းကြဲသွားတတ် တယ်ဆိုတော့ တိုက်မိလို့ကတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်ပြီသာမှတ်။ ကျန်ရစ်တဲ့ ဘော်ဒီ(အလောင်း)ကို DNA ပြန်ရှာရဖို့ပဲ ရှိတာကိုး။

တာဝန်ရှိသူတွေကလည်း ဖမ်းဆီး ဒဏ်ရိုက် ပညာပေးတာတွေ အခါအား လျှော်စွာ လုပ်နေပေမယ့် ပိုးသာ ကုန်ပြီး ကျွန်းသား မောင်ပုံလေးတွေက စောင်း မတတ်ကြ။ ဟောရင်းသာ ပျံတော် မူမယ့် သဘော။ လမ်းဆုံ လမ်းခွတွေမှာ ထောင် ထားတဲ့ ဆိုင်းဘုတ်တွေလည်း အရာ မရောက်။
ဒီတော့ ဘာလုပ်ရင် ကောင်းမလဲလို့ ဥာဏ်မီသလောက် စိတ်အချည် ပေါက်ပေါက်နဲ့ စဉ်းစား ကြည့်မိတယ်။

အဓိကကျတဲ့ လမ်းတွေမှာ ဒရုန်း တွေ လွှတ်တင်ပြီး အမြန်နှုန်းနဲ့ မြွေလိမ် မြွေကောက် မောင်းသူတွေ၊ စည်းမဲ့ကမ်းမဲ hဖြတ်တက် ကျော်တက် လုမောင်းကြ သူတွေ၊ တိုက်ပြီးပြေးသူတွေ၊ ဖုန်းပိုက် ဆံအိတ်လုပြီး မောင်းပြေးကြသူတွေ၊ အားလုံးအားလုံးကို ဗွီဒီယို မှတ်တမ်းတင် သေသေချာချာ စစ်ဆေးပြီး ထိထိ ရောက်ရောက် အရေးယူပစ်လိုက်ရင် အေးသွားမလား။
စီစီတီဗွီ ကင်မရာတွေ မြို့အနှံ့ တပ်ပြီးလေ..။

ခုတစ်လော ခေတ်စားနေတဲ့ ဝေ ဟင်ကနေ ဓာတ်ပုံ ဗွီဒီယိုတွေ ရိုက်နိုင် တဲ့ ဒရုန်းတွေ လွှတ်တင်ရိုက်ကူး နိုင်ရင် တော့ ပိုကောင်းပေါ့။ လုပ်လို့ရမရ၊ ရရင်လည်း လုပ်မလုပ်က တာဝန်ရှိသူတွေ အပိုင်းပေါ့ခင်ဗျ။ ပြည်သူတွေ အသက် အိုးအိမ် စည်းစိမ်နဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ စိုးရိမ်သောကတွေအတွက် အဖြေကို စိတ်ကူး ယဉ်ကြည့်တာပါ။
လူစွမ်းကောင်း ပြိုင်ပွဲတွေက တစ်ရက်ထက်တစ်ရက် များများ လာပြီ လေ။ လူငယ်ထုကြား ကင်ဆာ ရောဂါ လို တစ်စစ ကူးစက်ပြန့်ပွားပြီး ပိုပိုရင့် လာတဲ့ ရောဂါဆိုးကြီးလေ..။ တစ်နည်း နည်းနဲ့ တားဆီးရ၊ အမြစ်ဖြတ်ရတော့ မှာပေါ့။

လူငယ်ထုကြား ဘယ်လိုစိမ့်ဝင် ပညာပေး ကုသရမလဲဆိုတာ တာဝန် ရှိသူ တွေတွေးဖို့ သင့်ပါပြီ။
လောလောဆယ် လုပ်နိုင်တာနောက် တစ်ခုက ဒီမြို့နယ်အတွင်း နှစ်အလိုက်လ အလိုက်အများဆုံးဖြစ်တဲ့ ယာဉ်အမျိုး အစား(ဆိုင်ကယ်၊ ဘေးတွဲ၊ ထော်လာဂျီ၊ ကား..အစရှိသည်ဖြင့်)အစဉ်လိုက် ယာဉ် တိုက်မှုနဲ့ သေဆုံးရသူတွေရဲ့စာရင်း၊ သေဆုံးသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကျန်ရစ် သူ မိသားစုဝင်တွေကို စိတ်ဒဏ်ရာ မရအောင် ဆင်ဆာလုပ်ထားတဲ့ ဓာတ်ပုံ နဲ့တစ်ကွ အများပြည် သူရောက်တဲ့ နေရာတွေမှာ ဗွီနိုင်းကြီးကြီးတွေခပ်စိပ်စိပ် ထောင်၊ ပညာပေးပြခန်းတွေထားရှိ ပေးရင် ယာဉ်မျိုးစုံစီးနင်း သွား လာ နေကြတဲ့ အများပြည်သူတွေအတွက် အကျိုးရှိ မလားလို့။

လူစွမ်းကောင်း တွေတစ် နေ့ထက် တစ်နေ့ လျော့နည်းလာဖို့အရေး ဥာဏ်မီ သလောက် ပြောကြည့်မိတာပါ။
လောလောဆယ်တော့ လူစွမ်း ကောင်းတွေပေါတဲ့မြို့က မြို့သူမြို့ သားများ အန္တရာယ်ဘေး ကင်းရှင်းကြပါ စေလို့သာ..။