ဥပဒေ၊ညွှန်ကြားချက်များ ခေတ်မီရေး

0
457

နိုင်ငံတိုင်းတွင် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးရမည့်ဥပဒေများ၊ အမိန့်ညွှန် ကြားချက်များ ရှိသည်။ ဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို ရေးဆွဲ၊ ညွှန်ကြားရာ တွင်တည်ဆဲလွတ်တော်အစိုးရက နိုင်ငံ၏ အနေအထားနှင့်ကိုက်ညီရန်၊ ဥပဒေတစ်ခု နှင့်တစ်ခု ဟန်ချက်ညီရန် စသဖြင့်အဘက်ဘက်မှ ချိန်ဆကာ ရေးဆွဲလေ့ရှိသည်။

ဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များသည် နိုင်ငံသားတို့အား စည်းကြပ်ကန့် သတ်ရန်သာ မဟုတ်။ အကာအကွယ်ပေးရန်၊ နှစ်လိုစွာလိုက်နာကျင့်သုံးရန်၊ ဘေးကင်းလုံခြုံရန် ရည်ရွယ်ရမည် ဖြစ်သည်။
အချို့ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များမှာ ခေတ်အပြောင်းအလဲနှင့် အချိန်ကာလကြာမြင့်မှုပေါ်မူတည်၍ နောက်တက်သည့် အစိုးရအဆက်ဆက်က အသစ်ပြု၊ ပြင်ဆင်၊ ဖြည့်စွက်မှုများ မလွဲမသွေလုပ်ကြရသည်။

သို့မဟုတ်ပါက လက်ငင်းခေတ်ကာလတွင် လိုက်နာရန်မဖြစ်နိုင်တော့ သောဥပဒေများ၊ အမိန့်ညွှန်ကြားချက်များ အအိုအဟောင်းများ အောက်တွင် ယင်း ဥပဒေကို လိုက်နာကျင့်သုံးရသည့် နိုင်ငံသားများ ချောင်ပိတ်မိနေတတ်သည်။
လက်ရှိသာဓကတစ်ခုမှာ ကမ်းနီးငါးဖမ်းလိုင်စင်ကိစ္စ။
လွန်ခဲ့သည့် ၁၉၀၀ ခုနှစ်က အတည်ပြုပြဋ္ဌာန်းထားသောဥပဒေ၊ ထုတ်ပြန် ထားသော ညွှန်ကြားချက်မှာ ကမ်းနီးငါးဖမ်းလိုင်စင်အား အရှည်ပေ ၃၀ အောက်၊ လှေမောင်းစက်မြင်းကောင်ရေ ၂၀ အောက်ရှိလှေများကိုထုတ်ပေးရမည်။

ယင်းညွှန်ကြားချက်က ထိုအခေတ်ထိုအချိန်ကရေလုပ်သားများ လိုက်နာ နိုင်သည်။ ငါးပေါသေးသည်။ ငါးဖမ်းလုပ်ကွက်နီးသေးသည်။
၂၇ နှစ်အတွင်း ရာသီဥတုပြောင်းလဲမှု၊ ပင်လယ်ပြင်တွင်လောဘသားတို့ စည်းမစောင့်ဘဲဥပဒေမဲ့ငါးဖမ်းဆီးမှု၊ တာဝန်ရှိသူတို့ ပင်လယ်ပြင်အား လစ်လျူရှု ထားမှုများကြောင့် ယခုအခါငါးရှားလာပြီ။ ငါးဖမ်းလုပ်ကွက် ဝေးလာပြီ။ သို့ကြောင့် ဝေးဝေးသွားနိုင်ရန် ယခင်ထက်လှေကိုကြီးအောင်ဆောက်ရသည်။ စက်အား မြှင့်ရသည်။

ထိုအခါ အထက်ပါညွှန်ကြားချက်နှင့် မကိုက်ညီနိုင်ကြတော့သောအခါ ငါးဖမ်းလိုင်စင်မရကြတော့။ တာဝန်ရှိသူများကလည်း ယခုထိမြေပြင်ရေပြင်သို့ စနစ်တကျ ကွင်းဆင်းခြင်း၊ အမိန့်ညွှန်ကြားချက်များကို သုံးသပ်ပြင်ဆင်ခြင်း ပြုသည်မကြားရသေး။ ထိုအခါဥပဒေ၊ အမိန့်ညွှန်ကြားချက်များအောက်တွင် နှစ် လို လုံခြုံစွာ အသက်မွေးဝမ်းကြောင်းလိုသူ ရေလုပ်သားများ အခက်တွေ့ရသည်။ အလိုလိုနေရင်း ကိုယ့်မိရိုးဖလာငါးဖမ်းလုပ်ငန်းကိုလုပ်ရင်း အမိန့်ညွှန်ကြားချက်များ၊ သတ်မှတ်ဥပဒေများကို ချိုးဖောက်ပြီးသား ဖြစ်သွားသည်။

ယင်းသည်ညွှန်ကြားချက်အအိုအဟောင်းတစ်ခုအောက်တွင် ပိတ်မိနေသည့် သာဓကများထဲကတစ်ခုသာ။
လက်ရှိအစိုးရသည် အတိုက်အခံဘ၀က ‘မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ’ဟု ကြွေးကြော်ဖူးခဲ့သည်။ ရွေးကောက်ပွဲ ဝင်စဉ်ကလည်း ‘နိုင်ငံသားများ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်မည်’ဟု ကြေညာထားသည်။

အစိုးရနှင့်နယ်ပယ်အသီးသီးမှ တာဝန်ရှိသူတို့က လက်ရှိခေတ်ကာလ အနေ အထားနှင့်လိုက်လျောညီထွေမှုမရှိတော့သော တည်ဆဲဥပဒေများ၊ အမိန့်ညွှန် ကြားချက်များကို အမြန်ပြုပြင်ရန်နှင့်ပြုပြင်ရေး တွန်းအားပေးကြရန်မမေ့လျှော့စေ လိုပေ။ ခေတ်မမီတော့သောဥပဒေ၊ အမိန့်ညွှန်ကြားချက် အအိုအဟောင်းများ အောက်တွင် နိုင်ငံသားများ ချောင်ပိတ်မိမနေစေရေး အမြန်ဆောင်ရွက်ရန် ပြောလိုရင်း ဖြစ်သည်။