H1N1အနီးမြင်၊ အဝေးမြင်

0
407

ဇူလိုင်လ ၃၀ ရက်ထုတ် ကြေးမုံ သတင်းစာ ရှေ့ဖုံးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၉ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ထဲက ဘောင်ခတ် ဖော်ပြထားတဲ့ စာသားကို တစိမ့်စိမ့် ကြည့်ရင်း အတွေးပေါင်းများစွာ။
“ယခုဖြစ်ပေါ်လျက်ရှိသော ရာသီ တုပ်ကွေးဖြစ်ပွားမှု အတိမ်အနက်နှင့် ရှေ့အလားအလာကို ခန့်မှန်းနိုင်ရန်နှင့် လုပ်ငန်းစဉ်များကို တိကျစွာ ချမှတ်နိုင်ရန် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ သည် တစ်နိုင်ငံလုံးရှိ ဆေးရုံ ကြီးများ၌ ရာသီတုပ်ကွေးရောဂါ သံသယဖြင့် ဇူလိုင် လ ၁ရက်နေ့မှ ယနေ့အထိ ဆေးရုံတက် ရောက်သူများ စာရင်းကို ပြည်သူ့ကျန်း မာရေးဆိုင်ရာရှုထောင့်မှ သုံးသပ်လျက်ရှိ ကြောင်း သိရသည်”။

ရာသီတုပ်ကွေးရဲ့ အတိမ်အနက်နဲ့ ရှေ့အလားအလာကို တိကျစွာ ခန့်မှန်း နိုင်ဖို့ ပြည့်သူ့ကျန်းမာရေး ဆိုင်ရာရှု ထောင့်မှ သုံးသပ်လျက်ရှိကြောင်းတဲ့။ များစွာ အဓိပ္ပာယ်ရှိပါတယ်။
အဲသည်ကာလက အခြေအနေကို ပြန်တွေးတော့ ရာသီဥတုက ဆိုးဆိုး ရွားရွား၊ အေးအေးစိမ့်စိမ့်၊ မိုးတွေရွာ။ နေမမြင်ရတဲ့ ရက်သတ္တနှစ်ပတ်နီးနီးအချိန် မှာ လူတိုင်း ရင်ဆိုင်ကြရလေသော ရာသီ တုပ်ကွေး။ ဒီရာသီဥတု အနေအထားအရ ရင်ဆိုင်ခဲ့ကြရတဲ့ တုပ်ကွေးရဲ့ အခြေ အနေက ပိုဆိုးပါတယ်။ ကိုယ်ခံအား နည်းသူ၊ အသက်ရှူလမ်းကြောင်း ပြဿ နာရှိသူ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ် အိုတွေမှာ သည်ကာလ အတွင်း ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာ များကို ဆိုးဆိုးရွားရွား ရင်ဆိုင်ကြရ တယ်။ အချို့ သေဆုံးတဲ့အထိ ဆိုးရွား ပါတယ်။ ဒီတုပ်ကွေးကိစ္စကို သတင်းတွေ ပျံ့နှံ့မလာမီကတည်းက အလေးထား စောင့်ကြည့် နေကြပါတယ်။ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခ ဏာဝေဒနာများနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ ရောက်ရှိလာသူတွေ များလာပြီး အသက်ရှူအားကူ ကိရိယာတွေ တပ်ကြ ရသူတွေများလာတယ်။ အထူးကြပ်မတ် ဆောင်တွေမှာလူနာ ပြည့်လာတယ်။ အချို့က အဲသည်အချက်ကို သတိထားမိ လာပြီး ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ စပြီး ရေးလာကြတယ်။

သည်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာတာမျိုး မရှိခဲ့သေး။ မသိသေး တာလည်း ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ရောဂါ ကာကွယ်နှိမ်နှင်းရေး ပြုလုပ်ကြ ရမယ့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဖက်ကို သည်ဘက်ကုသရေး ဦးစီး ဌာနဘက်ကနေ အသိပေးအကြောင်းကြား ပြီး Action စတင်ဖို့ မဆိုထားနဲ့ အဲဒီ ဦးစီးဌာနနှစ်ခုဟာ ဗဟိုအဆင့် ဆေးရုံကြီး တွေမှာ အဆက်အသွယ်လမ်းကြောင်း ပြတ်တောက်မှု ရှိနေတာ သေချာပါတယ်။ ငြင်းဆန်ကောင်းတော့ ငြင်းဆန်ကြ နိုင်ပါသေးတယ်။ သို့သော် ရှိခဲ့လေတဲ့ အဲသည်အားနည်းချက်ကိုတော့ လက်ခံ ကြသင့်ပါတယ်။

ဒီအချိန်မှာ Online Volunteer Medical Doctor Group ဆိုတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ပရဟိတဆရာဝန် များလို့ဆိုတဲ့ အဖွဲ့တစ်ခုက ညဘက်မှာ မက်ဆင်ဂျာကတစ်ဆင့် ဖေ့စ်ဘွတ် အသုံးပြုသူတွေဆီ အချို့မှန် အချို့အမှား သတင်းအချက်အလက်တွေ ဖြန့်ဝေကြ တော့ တုပ်ကွေး ပြဿနာကို လူထုသိ လာပါတယ်။ အုတ်အော်သောင်းတင်း ပို့စ်တွေတင်ကြ ဝေမျှကြရင်းက အဲဒီ တုပ်ကွေးဆိုတာက လူထုကြားထဲ အကြောက်တရားနဲ့ ပျံ့နှံ့လာတယ်။

ဒီအချိန်မှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အလုပ်တွေ စလုပ်ကြရတယ်။ သတင်းအချက် အလက်တွေ ဖလှယ်ဖို့ရာ အရင်က မပူး ပေါင်းမိကြတဲ့ ကုသရေးနဲ့ ပြည်သူ့ ကျန်းမာ၊ ဗဟိုကူးစက်ရောဂါ ကာကွယ် ရေး စသောအဖွဲ့တွေ စလှုပ်လာသလို အရင်က ငြိမ်သက်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကုသ၊ ပြည်သူ့ကျန်းမာ အဖွဲ့တွေအပြင် အုပ်ချုပ်ရေး အဖွဲ့တွေ၊ အစိုးရတွေ၊ လူမှုရေးအဖွဲ့တွေဘက် ကလည်း တစ်ပြိုင်တည်း လှုပ်လာတယ်။

မိုးက သည်းမြဲ သည်းဆဲ။ ရောဂါ တွေ့ရှိ သတင်းတွေ၊ သံသယတွေ ပလူ ပျံလာတဲ့အပြင် သေဆုံးတာတွေ လည်း ကြားလာရတယ်။ သိပ္ပံနည်းကျ ဆေး ပညာရှုထောင့်ကနေ ပညာရှင်တွေ ပြော ဆိုတာရော၊ ရမ်းဆမှန်းဆ ပြောဆိုတာ တွေပါ ပလူပျံလာတယ်။ အဲသည်မှာ တုပ်ကွေး H1N1 ဆိုတာကြီးကို ကျွန် တော်တို့တွေ စရင်ဆိုင် လာကြရတယ်။

နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း ဆိုသလို ထားဝယ်က ကြက်ခြံတွေမှာH5N1လို့ ဆိုတဲ့ ကြက်တွေမှာ ကူးစက် ပျံ့နှံ့တဲ့ ဗိုင်းရပ်ပိုးကို အစုလိုက် သေကြ တဲ့ ကြက်တွေမှာ တွေ့ကြရတဲ့ အဖြစ် အပျက် ဖြစ်ပြန်တယ်။ အဲဒီအတွက် ရောဂါပိုးကူးစက်ပျံ့နှံ့မှု ထိန်းချုပ် နိုင် ရေးအတွက် လှုပ်ရှားမှုတွေအဖြစ် ကြက်ခြံ ကနေ အကွာအဝေး တစ်ခုအတွင်းရှိတဲ့ ကြက်ခြံကကြက်တွေကို ရှင်းလင်းတာ၊ အဲသည် ကူးစက်ရောဂါ စောင့်ကြည့် ကာလ ရက်ကိုးဆယ်မှာ ကြက်သားနှင့် ဆက်စပ်ပစ္စည်းတွေ တားမြစ်ခြင်းတို့ကို လုပ်ဆောင်ကြတယ်။
အဲသည်မှာ လူထုရဲ့ စိုးရွံ့မှုက ပိုကြီး လာတယ်။

ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက အလုပ်တွေ စလုပ်နေကြပြီ ဖြစ်ပေမဲ့ ပြည်သူလူထုကို သေချာ မထုတ်ပြန်နိုင်ကြသေး၊ ဆက်စပ် မကြေ ညာနိုင်ကြသေးပါဘူး။ သတင်းအနေနဲ့ သိလိုသူတွေ အတွက် သေချာ မထုတ်ပြန် နိုင်ကြသေး။ SOP (Standard Opera-ting Procedure)တဲ့ ရောဂါကုသရာမှာ လိုက်နာကြရမယ့် ညွှန်ကြားချက်တွေ၊ လုပ်ဆောင်ရမှာတွေ ပြုစုကြတဲ့အဖွဲ့က ပြုစုကြသလို ပြည်နယ်နဲ့တိုင်းတွေက အချက်အလက်တွေ စုစည်းနိုင်ဖို့ ကြိုးစားကြရသူတွေက ကြိုးစားကြတယ်။

ကုသရေးမှာလည်း ဗဟိုကူးစက် ရောဂါကု ဆေးရုံကြီးတွေကို ပြန်လို့ မွမ်းမံပြင်ဆင်မှု လုပ်ကြရသလို ဖြစ် ပွားတဲ့ တုပ်ကွေးကိုလည်း အတည်ပြု နိုင်ဖို့ ကြိုးစားကြရတယ်။ အလျင်အမြန် စစ်ဆေးနိုင်တဲ့ ကိရိယာတွေ ဖြန့်ဝေနိုင် ဖို့ရနိုင်ဖို့ ကြိုးစားကြရသလို မိမိဝန်ထမ်း နှင့် ပြည်သူလူထုအတွင်း ကာကွယ်နိုင်ဖို့ ပစ္စည်းတွေ စုဆောင်း ဖြန့်ဝေပေးနိုင်ဖို့ ကြိုးစားကြရတယ်။

အဲသည်အလုပ်တွေ လုပ်နေရင်း ကနေ ရာသီတုပ်ကွေးရဲ့ အတိမ်အနက်နှင့် ရှေ့အလားအလာကို တိကျစွာ ခန့်မှန်း နိုင်ဖို့ ပြည့်သူ့ကျန်းမာရေး ဆိုင်ရာ ရှုထောင့် မှ သုံးသပ်တယ်။ ဆိုလိုတာက ဖြစ်ပွား သော တုပ်ကွေးသည် ၂၀၀၉ က ဖြစ်ပွား ခဲ့တဲ့ H1N1 pen 09 လို့ခေါ်တဲ့ ဗိုင်း ရပ်မျိုးစိတ်ပဲလား။ အခြားမျိုး စိတ်ဖြစ် ပွားလာတာလား ဆိုတဲ့ စစ်ဆေးချက် အတွက် ဗိုင်းရပ်ရဲ့ ဇီဝမျိုးစိတ်အဆင့် အထိ စစ်ဆေးဖို့ လုပ်ကြရတဲ့ Gene Expert စစ်ဆေးဖို့ရော၊ အခြားစစ်ဆေး ဖို့ အတွက်ပါ နိုင်ငံရပ်ခြားကို မှီခိုကြ ရတယ်။

“အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသည် အဖြေတိကျ မှန်ကန်စေ ရန် ပြင်ပဓာတ်ခွဲခန်းမှ အတည်ပြုနိုင်ရေး (Exterenal Quality Assurance) အတွက် ဟောင်ကောင်ရှိ ကမ္ဘာ့ကျန်း မာရေးအဖွဲ့က အသိအမှတ်ပြု တုပ်ကွေး ရောဂါဆိုင်ရာ အရည်အသွေးထိန်းချုပ်မှု ဆိုင်ရာဓာတ်ခွဲခန်းနှင့် ကာကွယ်ဆေး ထုတ်လုပ်သည့်အခါ ပိုးအမျိုးအစား၏ ဇီဝဖွဲ့စည်းပုံ အသေးစိတ်သိနိုင်ရန် ဂျပန်နိုင်ငံရှိNational Institute of Infectious Diseases-WHO Collaborating Centreသို့ ပိုးနမူနာများ ပေးပို့ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။” လို့ H1N1 ဗိုင်းရပ်ကိစ္စ လူထုကြား ပွက်လောရိုက်ပြီး တစ်ပတ်ကျော်အကြာမှာမှ သတင်းထုတ် ပြန်ကြေညာနိုင်တဲ့ အဖြစ်မျိုး။

အဲသည်အချိန်မှာ ဆေးပညာရှင် တွေဘက်ကလည်း မကျေမချမ်း အသံ ထွက်လာသလို ပြည်နယ်နဲ့ တိုင်းတွေမှာ လည်း အစိုးရအဖွဲ့တွေက လုပ်ချင်ရာ လုပ်၊ အဲသည်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မသိလိုက်တာ မျိုးဖြစ်ကြသလို ဆရာဝန် အငယ်တွေရဲ့ မကျေမချမ်း စကားသံတွေက တစ်မျိုး၊ ကူးစက်ရောဂါရဲ့ အနေအထားနဲ့ ကာကွယ် နိုင်ရေးနည်းစနစ်တွေကို ဂဃနဏ မသိပါဘဲ လူထုကြားထဲ အထင်တွေဖြန့် ဝေကြ၊ ကောလဟလတွေ ပြောဆိုကြ တာတွေ လူမှုကွန်ရက်နဲ့ လူထုအကြား ကျယ်လောင်နေကြတယ်။

ဥပမာ ပြောရရင်တိုင်းဧရာမှာ လူမှုရေးဝန်ကြီးကH1N1 ပိုးတွေ့ လူနာ ၄ ဦးတွေ့ရှိလို့ သတင်း ထုတ်ပြန် ချိန် မှာ တိုင်းကုသဘက်က မသိကြတာမျိုး၊ ဒေါက်တာ ကျော်ဆွေဆိုသူရဲ့ H1N1နှင့် H5N1 ဗိုင်းရပ်မျိုးစိတ်တွေ ပေါင်းလာပြီး တစ်နိုင်ငံလုံး ကပ်ဆိုးကြီး ကျလာတော့မယောင် ဖြန့်ဝေခြင်းမျိုးတင် မက လွှတ်တော်မှာပါ အဲသည်အနေ အထားကို အရေးပေါ်အခြေအနေကြေ ညာဖို့ တိုက်တွန်းတဲ့ အဆိုတင်လာကြ သလို အခြား တက်ကြွ လှုပ်ရှားသူတွေ ကလည်း ရောဂါအကြောင်း နားလည် တတ်ကျွမ်းသူ ပညာရှင်တွေနှင့် မတိုင် ပင်ပါဘဲ ကောင်းနိုးရာရာကို စိတ် စေတနာ ကောင်းနဲ့ ထင်ရာမြင်ရာ လုပ်ကြ တာတွေ ကြောင့်လည်း လူထုကြားမှာ အထိတ်တလန့်ဖြစ်ပြီး ကြောက်လန့် လာကြရပါ တော့တယ်။

H1N1 ဗိုင်းရပ်က ကြောက်စရာ လားလို့ မေးရင် ကြောက်ဖို့ကောင်းတယ် လို့ဝန်ခံရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကူးစက်ပြန့်ပွားပုံက နှာချေစဉ် ထွက်တဲ့ အရည်မှာပါတဲ့ အမှုန်အမွှားကြောင့် ပျံ့နှံ့နိုင်လေတော့ ကူးစက်နိုင်စွမ်း မသေး လှပါ။ ခက်တာက H1N1 သံသယ လူနာ၊ ပိုးတွေ့လူနာ၊ သေဆုံးလူနာစတဲ့ ကိန်း ဂဏန်း အချက်အလက်တွေ တဖြည်း ဖြည်း တက်နေတဲ့အပေါ်အဲသည် H1N1 အကြောင်း ဂဃဏန မသိကြရသေးတဲ့၊ သိခွင့်မရသေးတဲ့ မိဘပြည်သူတွေ အကြား သံသယတွေ တက်လာကြတယ်။

ဒီတော့ အသိနဲ့ကိုယ် တနိုင် ကာကွယ် နှိမ်နင်းရေးတွေ လုပ်ကြ၊ အချက်အလက် တွေ ဝေမျှကြ၊ ကျန်းမာရေး ဝန်ထမ်းတွေ ဘက်ကလည်း တုပ်ကွေးဗိုင်းရပ်ကို လုံလုံခြုံခြုံ ကာကွယ်ပေးနိုင်တဲ့ N 95လို့ခေါ်တဲ့မျက်နှာ အကာအကွယ်တွေ အလုံအလောက်မရှိကြ ဘူး၊PPE (Per-sonal Protective Equipment)လို့ခေါ်တဲ့ ခန္ဒာကိုယ်အကာအကွယ် ပစ္စည်းတွေမရကြဘူးနဲ့ အုတ်အော် သောင်းတင်းတွေ ဖြစ်ကြပြန်ရော။
အဲသည် တစ်ချိန်တည်းမှာ တုပ် ကွေးရောဂါ ကူးစက်မှုရဲ့ ကိန်းဂဏန်း အချက်အလက်တွေ တဖြည်းဖြည်း တက်နေတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စစ်တမ်းအရ ၂၀၀၉ ကပ်အသွင်ပြန့်နှံ့တဲ့ အခြေအနေမှာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ စစ်တမ်းအရ ရောဂါပိုးကူးစက်ပြန့်ပွား မှုကြောင့် ၂၄ ရာခိုင်နှုန်းသော လူဦး ရေဟာ ကူးစက်ခံရနိုင်တယ်။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံလို အနေအထားမှာ ကူးစက်နှုန်းဟာ အဲသည့်ထက် လျော့မယ် မထင်ပါ။ ဆိုလိုတာက လူ တစ်ဆယ်မှာ အနည်းဆုံး ၃ယောက် ကူးစက်ခံ ရနိုင်တယ်။
တကယ်တမ်းသာ ကပ်အသွင်ဖြစ် လာရင် သည့်ထက်မလျော့နိုင်ဘူး။ ခုအနေအထားက နေရာကွက်ကြား ဖြစ်တယ်လို့ပဲ မှတ်ယူကြပါတယ်။ ရောဂါရဲ့ ကူးစက်စွမ်းမြင့်ပေမဲ့ အဖျက် စွမ်းအားက မကြီးလှဘူး၊။ စိုးရိမ်တာကH1N1 pan 09 ကနေ မျိုးစိတ် ပြောင်းလဲမှု ဖြစ်ပြီး အဖျက်စွမ်းအား ပြင်းထန်တဲ့ အမျိုးအစား ဖြစ်လာမှာ ကိုပါ။ လက်ရှိ နိုင်ငံတကာက ဓာတ်ခွဲခန်း တွေက ပြန်လာတဲ့ အဖြေအရ H1N1 pan 09 လို့ သိကြတဲ့ ယခင်မျိုးစိတ် ဗိုင်းရပ်သာဖြစ်တယ်။

အဲတော့ လူနာအရေအတွက် နည်းနည်းလေးစစ်ဆေးပြီး Hပိုး တွေ့နှုန်းများနေတာ သိပ်မဆန်း။ ဒါကြောင့်လည်း တိုင်းဧရာမှာ သံသယနဲ့ အမျိုးသားဓာတ်ခွဲခန်းကို စစ်ဆေး အတည်ပြုနိုင်ဖို့ ပေးပို့သမျှ H1N1 ဗိုင်းရပ်ပိုးတွေ့တာချည်း ဖြစ်နေတာ ဖြစ်တယ်။ သည့်ထက်ပိုပြီး စစ်နိုင် လေလေ ရှာဖွေလေတွေ့ရှိလေ ဖြစ်မှာ မလွဲပေ။ တကယ့်တကယ်သာ ဖြစ်လာရင် လူလေးယောက်မှာ တစ်ယောက် ကူးစက်ခံရနိုင်တာကြောင့်ပါ။
သည်အထဲမှာ ကိုယ်ပါ ကူးစက် ခံရပြီးလို့ ပြန်ကောင်းနေပြီးသားဖြစ်နေတာမျိုးလည်း ဖြစ်နိုင်တယ်။

စစ်တမ်းအရ ဗိုင်းရပ်ပိုးကူးစက်မှု အတော်များများဟာ ကိုယ်ခံအား ထွက်လာချိန်မှာ ရောဂါသက်သာလာ မှာမလွဲဘူး။ မယုံများများသာ ပိုးရှိ၊ မရှိ စစ်ကြည့်၊ အမြောက်အမြား လူနာ အတော်များများမှာ H1N1ဗိုင်းရပ်ပိုး တွေ့မှာ မလွဲဘူး။ မစစ်ဆေးနိုင်လို့ မတွေ့တာ။ လက်တွေ့ မြေပြင်မှာ ဘယ်အထိ များများရှိနိုင်မလဲသာ တွေး ထား။ အဲသလောက်အထိ ကျယ်ကျယ် ပြန့်ပြန့် မစစ်ဆေးနိုင်တာကလည်း အချို့စစ်ဖို့ ဆေးဖို့အထောက် အကူ ပစ္စည်း အကန့်အသတ်တွေ ဖြစ်နေရ တာက တန်ဖိုးမြင့် မားလှတဲ့ ရောဂါပိုးစစ် ဆေးသော ပစ္စည်းတွေ၏တန်ဖိုးနဲ့ ဆင်းရဲလှတဲ့ကိုယ့် နိုင်ငံအနေအထား ကြောင့် ဖြစ်တယ်။

အားလုံးက ဂျာအေးသူ့အမေရိုက် ဖြစ်နေတယ်။ ဘယ်သူ့ကို အပြစ်တင်ရ မှန်းမသိ၊ အားလုံးကိုလည်း အပြစ်တင်ရ တော့မလို ဆိုတာမျိုး။
H1N1 ဗိုင်းရပ် ပိုးတွေ့သူ ဦးရေ များတိုင်း ကြောက်စရာလား မေးရင် ရောဂါ လက္ခဏာမပြင်းရင် ကြောက်စရာ မလိုဘူးလို့ ဆိုချင်ပါတယ်။
ဥပမာ ပေးရရင် ဗိုင်းရပ်ပိုး တစ်ယောက်ပဲ စစ်၊ တစ်ယောက်တွေ့ ပိုးတွေ့နှုန်း ၁၀၀ရာခိုင်နှုန်း၊ အဲစစ်ဆေးတဲ့ တစ်ယောက်သေ သေဆုံးမှု ရာခိုင်နှုန်း ၁၀ရာခိုင်နှုန်းလို့ မှတ်ယူလို့ မရပါဘူး။

အခုဖြစ်နေရတာက အတည် မပြုနိုင်သေးတဲ့ ကိန်းဂဏန်း ဒေတာတွေ တွေ့တာနဲ့ အလန့်တကြားနဲ့ အရေးပေါ် အခြေအနေအထိ ကြေညာသင့်တယ် စသဖြင့် လောဆော်သူဆော်၊ နိုင်ငံတကာ အကူအညီ တောင်းလိုသူတွေ တောင်းနဲ့ တစ်နိုင်တစ်ပိုင် လုပ်ချင်ရာလုပ်ကြသူ တွေကလည်း ပိုစတာဝေတာ နှာခေါင်း စည်းဝေတာကစလို့ ဘာမှန်းမသိပါဘဲ မလိုအပ်ပါဘဲ တချို့နေရာတွေမှာ ကြက်၊ ဝက်တွေ ဈေးကွက်ထဲ ထထ ပိတ်ပင်ကြနဲ့ နိုင်ငံတစ်နိုင်ငံလုံးကို ဗြောင်းဆန်လို့ရယ်။

သက်ဆိုင်ရာက မြန်မြန်ဆန်ဆန်နဲ့ အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်ပြန် တာမျိုး၊ ထိရောက်တဲ့ နည်းကို သုံးတာ မျိုး မလုပ်နိုင်ခဲ့တဲ့ အကျိုးဆက်ပါပဲ။
ဝက်တုပ်ကွေးလို့ သိကြတဲ့ H1N1 ဗိုင်းရပ်(Hacmagglutinin Neur -aminidase) ကို ၁၉၁၈ကတည်းက ကမ္ဘာ့ကပ်အသွင် ပျံ့နှံ့တတ်တဲ့ ရောဂါ ဆိုးအဖြစ် သိလာကြဖြစ်တယ်။ ၂၀၀၉ မှာ ကပ်အသွင် တစ်ကြိမ် ထပ်ဖြစ်ပွားခဲ့ပြီး ၎င်းကို ရာသီတုပ်ကွေးဗိုင်းရပ် Sea-sonal Influenza A( H1N1 2009) လို့ အမည်ပေးကာ အထူးအလေးထား စောင့်ကြည့် နေကြတာဖြစ်တယ်။ H1N1 ကြောက်စရာလားဆိုတော့ ကြောက်စရာ ကောင်းပါတယ်၊ အဲရောဂါပိုးနဲ့ ဆက်စပ် လို့သေလည်း သေနေကြတာကြောင့် တစ်နိုင်ငံလုံးလည်း သောသောညံ နေကြတာကိုး။

အဲအတွက် ဘာလို့ အလုပ် ထမလုပ် ကြလဲလို့ အားမလိုအားမရ ထထအော် ကြတယ်။
ဘယ်သူကမှ ပြန်မပြောရဲဘူး။ ပြန် မဖြေနိုင်ဘူး။ ဘာကြောင့်လဲ၊ အခြေ အနေကို သိနားလည်နေတဲ့သူတွေအဖို့ ဆုပ်လည်းစူးစားလည်းရူး အနေအထား ကြောင့်ပါပဲ။
ဥရောပက စပိန်ဖလူးကြောင့် ဘယ်အထိ သေခဲ့တယ်။ ၂၀၀၉ မှာ ကပ်အသွင် ကူးစက်ခြင်း(pandemic)ဖြစ်လို့ ဘယ်လောက်သေခဲ့တယ် စသဖြင့် မျက်ကလည်းဆန်ပြာ ထအော်ကြတယ်။ မမှားဘူး။ ကိုယ့်နိုင်ငံမှာ သည်အထိ မဖြစ်နိုင်ပါဘူးလို့ အဲသလောက် နှစ်ပတ် ကျော်ကျော်ဆက်တိုက်ရွာနေတဲ့ မိုးတွေ ကြောင့် ဘယ်ပညာရှင်ကမှ မပြောရဲဘူး။

ဘာကြောင့်လဲ၊ အဲသည်ကာလက နှစ်ပတ်ခန့်ကာလမှာ သည်းကြီးမည်းကြီး အငြိုးနဲ့ရွာနေတဲ့ မိုးနတ်မင်းနဲ့ ညည စိမ့်စိမ့်အေးတဲ့ အအေးဒဏ်ဟာ ခုနက နိုင်ငံတွေဖြစ်တဲ့ စပိန်နဲ့ ကိုးရီးယား နိုင်ငံ လို အအေးဓာတ်တွေနဲ့ ဗိုင်းရပ်ပိုး ရှင်သန်နိုင်စွမ်းကို မျက်နှာသာပေးနေတဲ့ အခြေအနေဟာ ဘယ်အထိ ကြာမလဲ မသိနိုင်ဘူးလေ။ အဲတော့ အစိုးရိမ်မကြီး ကြပါနဲ့လို့ ရဲရဲ မပြောရဲဘူး၊ မိုးဘယ်ရက် အထိဆက်မလဲဆိုတာ မိုးနတ်မင်းမှ သိမှာကိုး။ သူဆက်ရွာလို့ ဟိုးကလို တကယ့်ကပ် အသွင်ကူးစက်ခြင်း မဖြစ် ဘူးလို့မှ မပြောနိုင်တာ။

အဲ ဘာကြောင့်များ ကိုယ့်ဘက်က ကာကွယ်နှိမ်နင်းရေး နောက်ကျရသလဲ။ အစပိုင်းမှာ အသေးစိတ် ပြောပြခဲ့သလို ဌာနတွင်း အသင့်မဖြစ်တာက တစ် ကြောင်း၊ ရာသီတုပ်ကွေး အနေအထား ကိုရာသီ အပြောင်းအကူးမှာ ကြုံနေကျ ဆိုတော့ အထူးအထွေလုပ်ဖို့လို မလို၊ ချင့်ချိန်ကြ ရတာတစ်ချက်၊ စခဲ့ရင် နောက်ကလိုက်ကြရမယ့် ပစ္စည်းတွေ အတွက် အရန်အသင့် စီစဉ်ထားနိုင်တဲ့ အနေအထား မရှိတာတစ်ချက်၊ နောက် လူထုအသည်းအသန် စိတ်ဝင်တစား ဖြစ်လာကြချိန်မှာ ကိုယ့်ဖက်က ပစ္စည်း ပစ္စယတွေ အသင့် ရှိမနေသလို အဲသည် အတွက် ရင်နှီးဖို့ရာ သင့်မသင့် ချင့်ချိန် နေကြတာလည်း ဖြစ်တယ်။ ဆိုလိုတာက တန်၏ မတန်၏ဆိုတာမျိုးကို လူထု ကျန်းမာရေးရှု ထောင့်ကနေ အသေအချာ ချင့်တွက်ကြပြီး ဦးစားပေး အစီအစဉ်အရ လုပ်ပြီး ချင့်ချိန်သုံးစွဲနေကြရတဲ့ နိုင်ငံ့ အနေ အထားကိုပါ စဉ်းစားနေကြရတာမျိုး။

နိုင်ငံတကာ အကူအညီလား။ အဖျက်စွမ်းအင်ကြီး မကြီးဆိုတာမျိုး၊ ကူးစက်နှုန်း မြန်မြန်နဲ့ ကုရာနတ္ထိ ရောဂါ တွေမျိုး၊ ဥပမာ ဆေးယဉ်ပါးတီဘီ (MDR TB)တို့၊ ဆေးယဉ်ပါး ငှက်ဖျား တို့ဆိုရင်တော့ အကူအညီတွေ အားရ ပါးရ ရလာနိုင်ပေမယ့်သည်ရာ သီတုပ်ကွေး အတွက်တော့ အလှူရှင်တွေကို စိတ်လှုပ် ရှားအောင် ဆွဲဆောင်နိုင်မယ်မထင်လို့ ထည့်တွက်လို့ မရပြန်ဘူး။ ခုပဲ ကြည့်လေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ရာသီ တုပ်ကွေးမို့ စိတ်မပူကြဖို့၊ မလောကြဖို့ ပြောနေတာပဲ ကြည့်။ အဲတော့ ထလုပ် ပြန်လည်း အရမ်းကာရော ထလုပ်ဖို့ ကတန်၏ မတန်၏ ဆင်ခြင်နေကြရသလို သတိနဲ့စောင့်ကြည့် နေပြန်တော့ အား မလိုအားမရ အဆဲခံရ ပြန်ရော။
ဘာပြောပြောပါ။

အဲသည် တုပ်ကွေးက ကျွန်တော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လစ်ဟာနေတဲ့ ကွက်လပ်တွေကို အလော သုံးဆယ် ဖြည့်စွက်ဖို့၊ ပေါင်းစည်း လုပ်ကိုင်တတ်ဖို့၊ ပြည်သူလူထုကို သတင်းအချက်အလက် အချိန်နဲ့ တစ်ပြေးညီ ပေးနိုင်ဖို့စသဖြင့် မီးမောင်း ထိုးပြသွားသလို လိုအပ်ချက် အတော်များ များကိုလည်း ပြသွားတယ်။ နောက်ထပ် သုံးသပ်ချင့်ချိန်ကြရမှာ ဥပမာ- ကာ ကွယ်ဆေးထိုးဖို့ သင့်မသင့်၊ နောက် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးတွေနဲ့ ဗဟို၊ နောက်အဲသည် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ဒေသအစိုးရ ချိတ်ဆက် တာဝန်ခံမှုလမ်းကြောင်းတွေ အကြောင်းများစွာ လုပ်ဆောင်ညှိနှိုင်း ကြရမှာ ဖြစ်တယ်။

နိုင်ငံရေးသမားတွေ အတွက် ကတော့ ကျန်းမာရေးအတွက် ပုံမှန်ဘတ်ဂျက် အပြင် အဲသလို ကူးစက်ရောဂါတွေ အစုလိုက်အပြုံလိုက် ကပ်အသွင် ကူးစက် ပြန့်ပွားသော အခြေအနေတွေမှာ ဘယ် လိုပူးပေါင်း ဆောင်ရွက်သင့်တယ်၊ ပညာရှင်တွေဆီက ဘာတွေ အကြံဥာဏ် ရယူလို့ ရင်ဆိုင်ဖြေရှင်းသင့်တယ်။ ဘာ တွေ အားသာချက် အားနည်းချက် ရှိနေ ကြတယ် ဆိုတာကအစ လိုအပ်လာနိုင်တဲ့ အရေးပေါ် အခြေအနေအတွက် ဘတ် ဂျက်ဆိုတာ ကို အရန်သင့် ရှိနေဖို့ ဘာ တွေ ဖြည့်ဆည်းပေးသင့်တယ် ဆိုတာကို အတွေ့အကြုံရခဲ့ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေအတွက် တပ်လှန့်ပြီး ဖြစ်ခဲ့သလို အချို့ ကူးစက် ဆေးရုံတို့ ကူးစက် ဆေးရုံ၊ ကူးစက် ရောဂါကုသဆောင် တို့တွေဟာ အသက် မဝင်ခဲ့ကြရာက အဲသည်အချိန်မှာ အသက်ဝင်လာ ကြရတယ်။
ပရဟိတအသင်းအဖွဲ့တွေ အနေနဲ့ လည်း တစ်ဦး တစ်ယောက်ကောင်းအနေ အထားနဲ့ ကောင်းမယ် ထင်တာကို လုပ် ကြတာထက် အရပ်ရပ်သော အခန်းကဏ္ဍ က ပညာရှင်တွေနဲ့ ပူးပေါင်းဆောင် ရွက်ပါမှ အကျိုးရှိရှိ ပြည်သူ့အကျိုးကို အောင်မြင်အောင် ထိရောက်အောင် လုပ်နိုင်မယ်ဆိုတာ သိလာကြရတယ်။

ပြည်သူလူထုဘက်ကလည်း အဲသလို ကူးစက်ရောဂါတွေရဲ့ ဘေးအန္တရာယ်က လွတ်မြောက်ဖို့ ကိုယ်ခံအား ကောင်းမွန်ဖို့ လိုအပ်သလို တကိုယ်ရည် သန့်ရှင်းဖို့ ကာကွယ်ရေးကို ထိထိ ရောက်ရောက်လုပ် ကြခြင်း၊ ရောဂါဖြစ်ပါက ထိထိရောက် ရောက် အလျင်အမြန် ကုသမှုခံယူခြင်း သည်သာ အခရာ ဆိုတာကို အသိပညာ ရခဲ့ကြတယ်။
ခုဆို နေသာလာတာ လေးရက်ရှိ လာပြီ။

တစ်နိုင်ငံလုံးမှာလည်း အဲသည် ရောဂါရဲ့ဖိအား အတိုင်းအတာတစ်ခု အထိတော့ လျော့ပါးလို့လာခဲ့ပြီ။
သို့ပေမယ့် အဖျက်စွမ်းအား ကြီး မားတဲ့ ကြက်ငှက် တုပ်ကွေးH5N1 ဗိုင်းရပ်ပိုးကို ကြက်ငှက်ကနေ လူကို မကူးစက်အောင် ဆက်လက် စောင့် ကြည့်ကြရဦးမှာကတော့ဖြင့် အသေအချာ ပဲ ဖြစ်ပါတယ်။