မြိတ်တွင် မိုးသည်းထန်စွာရွာ၊ မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေကြီး

0
477

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြိတ်မြို့ပေါ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက် အချို့တွင် ဩဂုတ်လ ၅ရက် နံနက်က ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။
မိုးသည်းထန်ပြီး အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် မြိတ်တောင်၊ အောင် မင်္ဂလာ၊ ရာပြည့်၊ ပါရမီ၊ ရွှေပြည်တန်၊ ကန်ဖျားမြေနီလမ်းနှင့် တပ်ပြင် စသည့် ရပ်ကွက်တို့ရှိ မြေနိမ့်ပိုင်း နေအိမ် အချို့နှင့် လမ်းမများပေါ်သို့ ရေလျှံမှု များ ဖြစ်ပေါ်ခဲ့သည်။
“ရေဆင်းအားနည်းတော့ ရွာတဲ့မိုး ကများပြီး ရေမဆင်းနိုင် ဖြစ်သွားတယ်၊ နှစ်တိုင်းကြီးတယ် ဒီနှစ်တော့ အကြီး ဆုံးပဲ”ဟု ရွှေပြည်တန်ရပ်ကွက်မှ ရာအိမ်မှူး ဦးတင်ရွှေက ပြောသည်။

ယင်းရွှေပြည်တန်ရပ်ကွက်သည် မြေနိမ့်ပိုင်းဖြစ်ပြီး အိမ်ခြေ ၈၀၀ ခန့်ရှိ ကာ နှစ်စဉ် မိုးသည်းမှုကြောင့် နေအိမ် အများစုအတွင်းသို့ ရေဝင်ရောက်မှုရှိ ကြောင်း ၎င်းက ဆိုသည်။
“ရေမြောင်းတွေခွပြီး အိမ်ဆောက် ထားတယ်၊ အရင်ရေမြောင်းနေရာမှာ အိမ်တွေဖြစ်ကုန်တော့၊ ပြီးရင် အမှိုက် တွေ ပိတ်နေတာ လဲပါတယ်။ မိုးတိတ် ရင်တော့ ရေက ပြန်ကျသွားတယ်”ဟု ရွှေပြည်တန်ရပ်ကွက် ရွှေပဒုမ္မာလမ်းမှ ဦးခင်မောင်ဦးက ပြောသည်။
လမ်းမများပေါ် ရေကြီးရေလျှံမှု များကြောင့် ယာဉ်များသွားလာမှု နှောင့်နှေး ကြန့်ကြာမှု ဖြစ်ခဲ့ရကြောင်း ရပ်ကွက်နေသူများမှ သိရသည်။
ထို့ပြင် မြေနိမ့်ရပ်ကွက်ရှိ စာသင် ကျောင်းအချို့ ပိတ်ခဲ့ရကြောင်း ပညာ ရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရ သည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာန၏ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၉နာရီခွဲအချိန် တိုင်းထွာချက်အရ တနင်္သာရီတိုင်းဒေသကြီး အတွင်း မိုး ကြီးခဲ့ကာ မြိတ်မြို့တွင် မိုးရေချိန် ၇ ဒဿမ ၅၉ လက်မ ရွာသွန်းခဲ့ကြောင်း ယင်းဌာနမှ ထုတ်ပြန်ထားသည်။
မြိတ်တွင် မိုးသည်းထန်ပါက မြေနိမ့်ရပ်ကွက်များ ရေလျှံမှုသည် နှစ်စဉ်ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။