ဝန်းကျင် သားကောင်

0
550

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် ဆိုတာဟာ ကောင်းတာလေးကိုပဲ တိုက် စားသွားတတ်တာမျိုးလားလို့ တွေးနေ မိပါတယ်။ ဆရာတစ်ယောက် ကတော့ ဆိုပါတယ်။ ကျုပ်လည်း အတတ်နိုင်ဆုံး အရောင် မပြောင်းအောင် နေမယ်တဲ့။ တကယ်လို့ အရောင်ပြောင်းသွားခဲ့ရင် လည်း ခွင့်လွှတ်ကြပါလို့ ကြိုတောင်းပန် ထားခဲ့တယ်လို့ ဆိုပါတယ်။
၁။
ကျွန်တော်တို့တွေရဲ့ ကိုယ်ခံအား ဆိုတာမျိုးကလည်း အမြဲကောင်းနေပါ့ မလား တွေးနေမိပြန်တယ်။ ဆေးပညာ ကုသရေးဖက်က ဆရာတစ်ယောက် ကတော့ မနက်ဖြန် ဆိုတာကို တွေးပြီး စိတ်အချဉ်ပေါက်နေရှာတယ်။
ဗျူရိုကရေစီဆန်တဲ့ ဆရာကြီး တစ်ယောက်ရဲ့ အပြုအမူတွေ၊ မသင့် တော်တဲ့ အပြုအမူတွေနဲ့ လူကြားမှာ ချိုးဖဲ့ပြုမူမှုတွေကို သူပေါက်ကွဲ နေရှာ တာပါ။
“အိမ်သူကတော့ကွာ၊ သည်မှာ နားကြပ်လေး လည်မှာဆွဲပြီး အထူးကု ဆရာဝန်ကြီးပီပီ သားသားနားနားနဲ့ ခန့်ခန့် ငြားငြား ဆရာသမားတစ်ယောက် လို ငါ့ကို မြင်ယောင်နေရှာမှာ။ သည်က ငါ့အဖြစ်က လူနာတွေအကြား အဆဲ အဆို၊ အအော်အငေါက်ခံရ၊ Treatment Chart (လူနာကုသမှု မှတ်တမ်းများ)တွေကို လွှင့်ပစ်ပြီး နှစ်ပြားမတန်အောင် လူနာတွေအကြား ချိုးဖဲ့ခံရနဲ့။ ပြန် ပြောဖို့ဆိုတာထက် ပြန်ကို မော်မကြည့် ရဲတဲ့ အဖြစ်ပါကွာ။ မင်းသိတဲ့အတိုင်း သည်လောကဆိုတာ သည်လိုခေါက်ရိုး ကျိုးပုံနဲ့ သွားနေတတ်ခဲ့တာကလား။ ငါတို့ ငယ်ငယ်တုန်းက ဆိုရင်.. ဆိုတဲ့ လက်သုံးစကားနဲ့ ငါတို့တွေဟာ ပုံစံ တစ်ခုထဲ အရိုက်သွင်းခံခဲ့ရတာ။ အမှန် ပြောရရင် အဲသည်မနက်ဖြန် ဆိုတာတွေ ကြောက်ပါရဲ့ကွာ။”

ပြောလည်းပြော၊ စိတ်လည်းညစ်နေ တဲ့ ကိုယ့်ဆရာကို ကျွန်တော်ဘာမှ ပြန် မနှစ်သိမ့်နိုင်ခဲ့ပါ။ ကိုယ့်ဆရာရော အဲသည်လို ဆရာကြီးဖြစ်လာတဲ့ တစ်နေ့ မှာ အဲသလို မပြုမူဖို့ ကိုယ်ခံအားတွေ ရှိနေပြီလားဆိုတာ ကျွန်တော် နောက် ဆယ်စုနှစ် နှစ်ခုအကြာကို မျှော်တွေးပြီး မှန်းကြည့်မိပါသေးသည်။ အလို ကိုယ့် ဆရာက ရှေ့ကသွား၊ နောက်ကတပည့် ကျော်တွေက လိုက်ပါလို့။

“ဟေ့၊ သည်လူနာရဲ့ ဆေးသွင်း ထားတဲ့ Drip(ဆေးရည်)မဆင်းဘူးကွ။ မင်းအဲသလောက်တောင် သောက်သုံး မကျဘူး။ Chart(မှတ်တမ်း) တွေက လည်း ပေးထားတဲ့ ဆေးတွေ၊ အချိန် တွေ သေချာမရေးထားဘူး။ မဖြစ်ပါဘူး ကွာ။ မင်းတို့ကောင်တွေ။ ငါတို့ငယ် ငယ်က ဆရာတွေနဲ့တွေ့ရင်တော့ လား။ ဟင်း..။”
ပြောလည်းပြော၊ ဆူလည်းဆူလို့ တပည့်တွေကို နားရင်းပါ အုပ်ဖို့ ပြင်နေ တာ ကိုယ့်ဆရာကိုယ်တိုင် ဖြစ်နေခဲ့ပါ ရောလား။

၂။
“အမြဲ အဆူခံနေရတာ အကျင့်ပါ သွားပြီဆရာ၊ အဆိုးဆုံးကတော့ မင်းတို့ တွေ နိုင်ငံခြားသွားလို့ကတော့ လူမွေး ပြောင်မှာ မဟုတ်ဘူးဆိုပြီး နှိမ်တာပဲ။ အမှန်ကတော့ သည်မှာက ၂၄နာရီ ဂျူတီဆင်းပြီးတာတောင်မှ နောက်နေ့ Ward Round(လူနာ လှည့်လည်ကြည့် ရှုကုသခြင်း)ပြီးမှ ပြန်ရတာ။ အဲဒါ တောင်မှ တခါတလေ ဆက်ပြီး အခိုင်း ခံရသေးတယ်။ အဆဲအဆိုကလည်း မလွှတ်ဘူးဗျ။ အဲဒါတောင် ဟိုးဖက် ခေတ်ကထက် ကိုယ့် ဆရာသမားတွေ စိတ်တော်တော် လျှော့သွားကြတယ်လို့ ဆိုတယ်။ နိုင်ငံခြား မှာလို ကျင့်သုံးချင် ရင်လည်း အဲသည်နိုင်ငံတွေမှာလို လစာနဲ့ ခံစားခွင့်ဆိုတာ ထားတော့ အဲသည်နိုင်ငံ က အလုပ်ချိန်အတိုင်း၊ အဲသည်နိုင်ငံက အခွင့်အရေးတွေအတိုင်း ကျင့်သုံးကြ မလား။ ဂျူတီ ချိန်ဆိုတာပြီးရင် ဘာမှ လာပြောမနေ စတမ်း။ အခုကတော့ကွာ ကိုယ့်ဆရာသမားရဲ့ ထွေလီကာလီ ကိစ္စ ကစလို့ အရာရာအမြဲတမ်း အခိုင်းခံရရင် လုပ် ပေးဖို့ အသင့်ရှိနေရရုံ မကဘူး။ အလုပ် ဆိုတာကလည်း ၃၆နာရီ ဆက်လုပ်ရ တာမျိုး။ အဲသလိုဘ၀တွေက ဘယ်တော့ များ ရုန်းထွက်နိုင်ပါ့မလဲ။

တကယ်ပြန်တွေးမိပါတယ်ဗျာ။ ငါလုပ်သလိုမလုပ်နဲ့၊ ငါပြောသလိုလုပ် ဆိုတာ ကျွန်တော်တို့ ဆေးပညာလောက မှာ ပိုများသလားလို့ပါ။ တစ်ခါက ဆရာတစ်ယောက်ကတော့ နိုင်ငံရပ်ခြား မှာ သည်မှာလိုပဲထင်ပြီး ကိုယ့်လက် အောက် ဝန်ထမ်းတွေကို တာဝန်ချိန် ပြင်ပမှာ သွားပြောမိလို့ ဟိုက ပြန်ပြော တာ ခံရခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အဆိုးဆုံးက သည်နိုင်ငံမှာ ခွဲစိတ် ခန်း ဝင်သလို ခွဲခန်းထဲမှာ စိတ်အလို မကျရင် မကျသလို ပစ်ပေါက်ဆဲ ဆိုတာမျိုး ဟိုဖက်နိုင်ငံမှာ သွားလုပ်မိလို့ နောက်တစ်နေ့မှာပဲ အလုပ်က ထွက်ခဲ့ရ တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။”
သူက ပြောသာပြောတာဗျ။ နောက် အနှစ်နှစ်ဆယ် သူအဲသည်နေရာ ရောက်လာ ချိန်မှာ သူဘယ်လို တပည့်တွေကို ပြော ဆိုနေမလဲ တွေးမိပါတယ်။

၃။
ကဲ၊ ကျွန်တော်တို့ ဆက်စပ်ပြီး လတ်တလော ဖြစ်စဉ်နဲ့ ချိန်ထိုးတွေး တော ကြည့်ကြရအောင်လား။
ကျွန်တော်တို့တွေ မကြိုက်ဘူး၊ ငါသာလူကြီးဖြစ်လာရင် ပြုပြင် ပြောင်း လဲပစ်လိုက်မဟဲ့၊ အဲသည် လူကြီးတွေ လုပ်ရပ်နဲ့ စိတ်ဓာတ်မျိုး ငါမမွေးဘူး မလိုလားဘူးရယ်လို့ တွေး တောခဲ့မိသမျှ ဝန်းကျင်ရဲ့ ပြုပြင်ပြောင်း လဲမှုမှာ အလိုလျောက် ကိုယ်တိုင် ပြုမူ ပြောဆို မိနှင့် ပြီးသား ဖြစ်နေသလိုမျိုးအဖြစ်တွေ ရာဇဝင်မှာ ကြည့်ရင် မောင်ပေါက်ကျိုင်းရဲ့ နဂါးနိုင်မင်း မှန်သမျှ နဂါးဖြစ်လာသလို မျိုး တွေ့နိုင်ပါတယ်။
သည်ဖက် ခေတ်မှာလည်း တွေ့နေ ကြတာကမှ ဒုနဲ့ဒေး။

အာဏာရှင်စနစ်ကို မကြိုက်လို့ တွန်းလှန်ခဲ့ကြရင်း ခေတ်ရဲ့အရိုက် အခတ်မှာ အာဏာရလာပြီး အဲသည် အာဏာတည်မြဲဖို့ အားထုတ်ရင်းက အာဏာရှင် ဖြစ်လာကြတာမျိုး ကျွန် တော်တို့တွေ ပြောဆို ထောက်ပြရင် လက်သင့်ခံနိုင်ကြလေမလား ဆိုတာ လည်း မသေချာလှဘူး။
ဝေးဝေး မကြည့်နဲ့၊ ကျွန်တော်တို့ တွေရဲ့ အခုတ်တရ ရွေးချယ်မှု အနှစ်နှစ် အလလက မျှော်မှန်းချက် အမြောက် အများနဲ့ အသီးအပွင့်အဖြစ် ရလာခဲ့ လေတဲ့ အိမ်မက်တွေ လက်တွေ့ဘ၀မှာ တစ်ထပ်တည်းကျ၊ မကျ ဆိုတာမျိုး တွေးမိ စဉ်းစားလာမိလေတဲ့ အချိန်မှာ . . .။

အာဏာရှင်ရဲ့လက်အောက်က လွတ်ဖို့ ရုန်းကန်ကြိုးစားခဲ့ကြပြီး ခဲရာ ခဲဆစ် လက်ထဲ တည်းတည်းလေး ရောက်လာတဲ့ အာဏာကို အတိုင်းအတာ တစ်ခု ရလာချိန်မှာပဲ အဲသည်အာဏာ တည်မြဲဖို့ရာ လုပ်ကြကိုင်ကြရင်းကနေ ပြဲကြ ကွဲကြတာမျိုး မြင်လာရတဲ့အခါ . . . ။
လူဆိုတာမျိုးဟာ ကိုယ်ခံအား ဘယ်လောက် ကောင်းစေကာမူ ဝန်း ကျင်ရဲ့ ရိုက်ခတ်မှုကြောင့် သားကောင် တွေ ဖြစ်မှန်းမသိ ဖြစ်တတ်လေတဲ့ အမျိုးရယ်လို့ တွေးရင်း ကောင်းတာ လေးတွေကိုမှ တိုက်စားသွားတတ်လေတဲ့ သဘောအရောင်တို့ ပြောင်းလဲ တတ် လေတဲ့ သဘောကို ပြန်လို့ စောကြော နေမိပါရဲ့။