ကမ္ဘာတည်နေသ၍ တည်နေမည်

0
523

ဇူလိုင် ၂၀ ရက်မှာ ဗိုလ်မှူးကြီး တစ်ယောက် မွေးရပ်မြေသို့ ပြန်ရောက် လာခဲ့သည်။ ပြန်လာရာ လမ်းတစ် လျှောက်မှာ ကြိုဆိုနေသူများက တကယ် လှိုက်လှိုက်လှဲလှဲ။ သူတို့ မျက်လုံးမှာ လေးစားကြည်ညိုတဲ့ အကြည့် ဂုဏ်ယူ နေတဲ့ အကြည့်နဲ့ အတူ မျက်နှာပေါ်မှာ အထင်းသားပေါ်လွင်နေတဲ့ ပီတိ အပြုံးရိပ် များက မြင်ရသူကိုပင် ကြည်နူးမှုကို ဖြစ်စေပါသည်။

ယင်းသို့ မိုးထဲလေထဲ သဲလှိုက်အူ လှိုက် ကြိုဆိုမှုများက အင်မတန်တွေ့ရခဲ လှသည်။ ကျွန်တော်တို့ မျိုးဆက်မှာ အများဆုံးတွေ့ခဲ့ကြရသည့် ဟန်လုပ် ကြိုဆိုခြင်းမျိုး မဟုတ်။ နှစ်ပေါင်းများ စွာအတွင်း ၂၀၁၂ ခုနစ် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် လာစဉ်က တစ်ကြိမ်တွေ့ခဲ့ရပြီး အခုမှ နောက်တစ်ခါတွေ့ရသည့် တက်ကြွ ပျော်ရွှင်မှုမျိုး။

တိုင်းပြည်လွတ်လပ်ရေးရရှိရေး အတွက် ဇာတိမြေကို စွန့်ခွာသူတစ် ယောက် မွေးရပ်မြေကို ပြန်ရောက်လာ တော့ လွတ်လပ်ရေးရပြီး ၆၉ နှစ်ပင် ကျော်ခဲ့ပြီး။ ဇာတိမြေကို သူရဲကောင်း တစ်ယောက်အဖြစ် ပြန်လာခဲ့သည်။ သို့သော် တကယ်တမ်းပြန် ရောက်လာ သည်က သက်ရှိကိုယ်တိုင်တော့ မဟုတ်။ သူကွယ်လွန်ပြီး နှစ်ပေါင်း ၇၀ ကျော် အကြာမှာ ကြေးသွန်းရုပ်ထု တစ်ခုအဖြစ် နှင့်။ ၎င်းမွေးဖွားရာ ဇာတိလေးသွန်းခံ ရွာမှာ ထားဖို့ရန်အတွက်သူ့ကို ချစ်ကြည် လေးစားသည့် ပြည်သူ များ၏ သဒ္ဓါငွေ ကြေးများဖြင့် သွန်းလုပ်ထားသည့် ကြေးသွန်းရုပ်ထုကြီး တစ်ခုအဖြစ်နှင့်။

(၂)
ယနေ့ ကမ္ဘာပေါ်မှာ သွန်းလောင်း ထု ဆစ်နေသည့် ရုပ်ထုကြီးများ ရှိနေ သကဲ့သို့ ဖြိုလှဲဖျက်ဆီးခံနေရသည့် ရုပ်တု တွေရှိနေသည်ဆိုလျှင် အံ့ဩသွား မလား မသိပါ။
ယူကရိန်းနိုင်ငံ၊ ဇာပိုရီဇီးယားမြို့က လီနင်ရုပ်တုကြီးကို ၂၀၁၆ ခုနစ်၊ မတ် လ ၁၇ရက်မှာ ယူကရိန်းသားတို့ ဖြိုလှဲ ခဲ့ကြသည်။ ဆိုဗီယက်ခေတ် ကောင်း စဉ်က စိုက်ထူခဲ့တဲ့ တန်ချိန် ၄၀ ရှိတဲ့ ဧရာမ လီနင်ရုပ်တုကြီးဟာ ယူကရိန်း သားတို့ ရင်ထဲအသည်းထဲက နှစ်လိုလို့ စိုက်ထူခဲ့သည့် ရုပ်တုမဟုတ်။ အကြောက် တရားကြောင့် ထုလုပ်ခဲ့သည့် ရုပ်တု တစ်ခုပင်။

အလားတူပင် ဆိုဗီယက်ပြည်ထောင် စုကြီး ပြိုကွဲတော့ ဆိုဗီယက်လက်အောက်ခံ ဖြစ်ခဲ့သည့် နိုင်ငံများရှိ ရုရှားကွန်မြူ နစ်ခေါင်းဆောင်ကြီး လီနင်၏ ရုပ်တုတို့ တစ်ခုပြီးတစ်ခု ပြိုလဲခဲ့ကြသည်။ ဂျာမဏီ မှာ ပိုလန်မှာ တာဂျစ်ကစ္စတန်မှာ ဥဇဘက် ကစ္စတန်မှာ ဖြိုလှဲခဲ့သည့် လီနင်၏ ရုပ်ထု ပေါင်း ထောင်ဂဏန်းပင်ရှိခဲ့သည်ဟု သိရပါ သည်။
တကယ်တော့ ဆိုဗီယက်နိုင်ငံဟောင်း များတွင်သာမဟုတ် ကမ္ဘာတစ်ဝန်းလုံးမှာ ရုပ်တုတို့ပြိုလဲ နေကြသည်။
ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်ဟောင်း မားကို့စ် လက်ထက်က ကိုယ် တိုင်ထု လုပ်ခဲ့သည့် ၎င်း၏ပုံတူရုပ်တု တစ်ခု ၂၀၀၂ ခုနစ် ဒီဇင်ဘာ သန်းခေါင်ယံမှာ ပြိုလဲခဲ့ကြသည်။

လစ်ဗျားနိုင်ငံမှာလည်း ထိုကဲ့သို့ အဖြစ်မျိုး တွေ့ကြရသည်။ ၂၀၁၀မှာ အာဏာရှင် ကဒါဖီကျဆုံးတော့ ကိုယ်တိုင် စိုက်ထူခဲ့သည့် နိုင်ငံတစ်ဝှမ်းလုံးရှိ ၎င်း၏ ရုပ်တု အားလုံးကို ဖြိုလှဲပစ်ခဲ့ကြသည်။
အီရတ်နိုင်ငံမှာရော ထိုနည်းလည်း ကောင်းပင်။ အာဏာရှင်ဆက်ဒမ်ဟူစိန်ကို ဖမ်းဆီးကာ ၂၀၁၆ ဒီဇင်ဘာ ၃၀ရက် တွင် ကြိုးပေးကွပ်မျက်ပြီးနောက် အီရတ်နိုင်ငံအတွင်းရှိ သူ၏ ရုပ်တုများ အားလုံး ဖြိုလှဲခဲ့ကြသည်။ ရုပ်တုတစ်ခု ဆိုလျှင် ခေါင်းပြတ်ထွက်ခဲ့ပြီး ၎င်းခေါင်း ကို ကူဝိတ်နိုင်ငံသို့ သယ်ဆောင်ကာ ကူဝိတ် အမျိုးသားပြတိုက်၌ ရာဇဝင် လူဆိုးအဖြစ် ပြသထားတော့သည်။

ကမ္ဘာပေါ်မှာ အကြောက်တရား ကြောင့် သွန်းလုပ်ခဲ့သည့် ရုပ်တုတွေ၊ အမိန့်အာဏာဖြင့် ထုဆစ်ခဲ့သည့် ရုပ်တု တွေ၊ စနစ်တစ်ခုအတွက် ဟန်ပြစိုက်ထူ ခဲ့သည့်ရုပ်တုတွေ ပြိုလဲခဲ့ကြသည်။ နောက်လည်း ပြိုလဲနေဦးမည်သာ ဖြစ်သည်။
(၃)
ဇူလိုင် ၁၉ ရက်က တနင်္သာရီ မြို့မှာ ဖွင့်လှစ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု၊ အလားတူ တစ်နိုင်ငံလုံးက ဗိုလ်ချုပ်ရုပ်တုတွေက အမိန့်အာဏာ ကြောင့် စိုက်ထူခဲ့သည် မဟုတ်။ ဗိုလ်ချုပ် ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာ အနစ်နာခံမှုများ လွတ်လပ်ရေး ကြိုးပမ်း ပေးမှုများအတွက် ပြည်သူတွေရင်ထဲက ထွက်ပေါ်လာသော ချစ်မြတ်နိုးစိတ် အမှန်ဖြင့် စိုက်ထူခဲ့ကြ သည့် ရုပ်တုများ ဖြစ်သည်။

ပန်းတနော်မြို့က ဦးသန့်ရုပ်တုက ပန်းတနော်သားတို့ ရင်ထဲက အမှန် တကယ် ဂုဏ်ယူ၍စိုက်ထူခဲ့သည့် ရုပ်တု ဖြစ်သည်။ ဦးသန့်ရဲ့ မြန်မာ့အရေး၊ ကမ္ဘာ့အရေးစွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှု များက မိမိတို့ရပ်ရွာဂုဏ် မိမိတို့မြို့ဂုဏ် မိမိတို့တိုင်းပြည်ဂုဏ်တက်စရာမို့ ပန်း တနော်သားတို့ ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။
အလားတူပင် ဖျာပုံမြို့က ဆရာ ဇော်ဂျီ၏ ရုပ်တုသည်လည်း မြန်မာ့ စာပေလောက ဖွံ့ဖြိုးရေး တိုင်းပြည် လွတ်လပ်ရေး တိုင်းပြည်အေးချမ်း သာယာရေး လူငယ်တို့ စာရိတ္တကောင်း မွန်ရေး လူငယ်တို့ နိုးကြားတက်ကြွမှု ရှိရေးတို့အတွက် စာပေပညာဖြင့် စွမ်း ဆောင်ပေးခဲ့မှုများအတွက် ဂုဏ်ယူလေး စားစိတ်ဖြင့် ထုလုပ်ထားသည့် ရုပ်တု တစ်ခု ဖြစ်သည်။

လေးသွန်းခံရွာမှာ ထားရှိတဲ့ ဗိုလ်မှူးကြီးဗထူး ကြေးရုပ်တုသည်လည်း ထိုအတိုင်းပင်။ တိုင်းပြည်လွတ်လပ်ရေး အတွက် အသက်ကို ပဓာနမထားဘဲ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုများ အတွက် လေးစားကြည်ညိုစိတ် ဂုဏ်ယူ အားကျစိတ်တို့ဖြင့် ဇာတိသားတို့ စိုက်ထူခဲ့ကြခြင်း ဖြစ်သည်။
(၄)
ရုပ်တုတစ်ခု သွန်းလုပ်ထုဆစ်ဂုဏ် ပြုဖို့ဆိုသည်မှာ ပြည်သူတို့ရင်ထဲက လာ သော ချစ်မြတ်နိုးစိတ်လေးစားကြည်ညို စိတ် ဂုဏ်ယူအားကျ စိတ်တို့ဖြင့်သာ လုပ်ဆောင်ရသည်။ တစ်နည်းဆိုသော် ထိုပုဂ္ဂိုလ်များ၏ တိုင်းချစ်စိတ်၊ ပြည်ချစ် စိတ်၊ တိုင်းပြည်နှင့်လူမျိုးအတွက် ပေး ဆပ် စွန့်လွှတ်အနစ်နာခံမှုများ၊ တိုင်း ပြည်အကျိုး၊ လူမျိုးအကျိုး ဘာသာ သာသနာ အကျိုးသို့မဟုတ် စာပေယဉ် ကျေးမှု တိုးတက်မြင့်မားအောင် ဆောင်ရွက် ခဲ့မှုများအတွက် ပြည်သူများက ပြန်၍ ဂုဏ်ပြုကြခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ ပြည်သူတို့၏ ရင်ထဲက အမှန်တကယ်ဖြစ်လာသော ချစ်မြတ်နိုး စိတ်လေးစားကြည်ညိုစိတ်၊ ဂုဏ်ယူအား ကျစိတ်တို့ဖြင့် သွန်းလုပ်ထားသော တစ်နိုင်ငံလုံးရှိ ဗိုလ်ချုပ် ရုပ်တုများသည် လည်းကောင်း၊ လေးသွန်းခံရွာက ဗိုလ်မှူး ကြီးဗထူး၏ ကြေးရုပ်တုသည် လည်း ကောင်း၊ မြန်မာပြည်ရှိသ၍ ကမ္ဘာ ကြီး တည်နေသ၍ တည်နေမည်သာ ဖြစ်ပါ သည်။