လျှပ်စစ်မရှိခြင်းက ရင်းနှီးမြှုပ်နှံမှုအတွက် အခက်ခဲဆုံးပြဿနာဖြစ်ဟုဆို

0
453

တနင်္သာရီတိုင်းအတွင်း ဝင်ရောက် လာသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများအတွက် အဓိက အခက်ခဲဆုံး ပြဿနာမှာ လျှပ်စစ်မရှိခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု တွင် မဟာဓာတ်အားလိုင်း လုံးဝမရှိ သည့် တိုင်းဖြစ်သည့်အတွက် ပြည်ပရင်း နှီးမြှုပ်နှံမှုများ အတိုင်းအတာ တစ်ခုထိ မဝင်သေးခြင်းဖြစ်ကြောင်း တိုင်းဒေသ ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇူလိုင်လ ၂၅ ရက်က ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ တစ်နှစ် တာကာလအတွင်း ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်း ပွဲတွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ထားဝယ် အထူးစီးပွားရေးဇုန်မှာ ဆိုရင် ရင်းနှီးမြှုပ်နှံဖို့ လာလေ့လာသူတွေ အများကြီးရှိတယ်၊ သို့သော်ငြားလည်း ပဲ ရင်းနှီးမြှုပ်နှံမှုအဖွဲ့တွေက မီးဘယ်က ရမလဲဆိုရင် ကျွန်တော်တို့မှာ ဖြေရခက် ပါတယ်”ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်သူများ က လျှပ်စစ်ရှိမှသာ ရင်းနှီးမြှုပ်နှံမှု လုပ် ဆောင်မည်ဖြစ်ပြီး တနင်္သာရီတိုင်းမှာ လျှပ်စစ်ဓာတ်အားခ ဈေးအကြီးဆုံး တိုင်းဒေသကြီး ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
တိုင်းဒေသကြီး အစိုးရ၏ အခြေခံ ဥပဒေအရ လုပ်ကိုင်ခွင့်(စီမံခွင့်)မှာ လျှပ်စစ် မဂ္ဂါဝပ် ၃၀ အောက်သာ ဖြစ်သည့်အတွက် လျှပ်စစ်နှင့် ပတ်သက်၍ ပြည်ထောင်စုက အစီအမံ(Plan)ထွက် လာလိမ့်မည် ဖြစ် ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
လက်ရှိ တိုင်းအတွင်း လျှပ်စစ်သုံးစွဲ အားမှာ ၃၀ မဂ္ဂါဝပ်ခန့်ရှိနေကြောင်း ၎င်းက ဆိုသည်။

တိုတယ်ကုမ္ပဏီနှင့် ပြည်ထောင်စု အစိုးရတို့ ပေါင်းစပ်ပြီး LNG ဖြင့် မဂ္ဂါ ဝပ် ၁၀၀၀ မီးပေးရန်ရှိနေပြီး ပြည်ထောင် စုအဆင့်တွင် အကျေအလည် ဆွေးနွေး နေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။
“တိုင်းဒေသကြီး အစိုးရရဲ့ သဘော ထားကို မမေးသေးတဲ့အတွက်ကြောင့် ပြောပိုင်ခွင့်မရှိသလို စီမံခန့်ခွဲပိုင်ခွင့် မရှိတဲ့အတွက်ကြောင့် ဒီကိစ္စကိုတော့ ပြည်ထောင်စုကပဲ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

တိုင်းအတွင်း ၂၀၁၇ ခုနှစ် ဇူလိုင် လအထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့် ရရှိထားသည့် လုပ်ငန်း ၄၂ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ငွေကျပ်သန်းပေါင်း ၁၉၉၀၄၆.၄၄၀ ရှိသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်ရရှိထားသည့် လုပ်ငန်း အရေ အတွက် ၃၈ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၂၈၆. ၃၁၀ ရှိကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။