တနင်္သာရီတိုင်းရှိ အကျဉ်းသား သုံးပုံနှစ်ပုံ မူးယစ်တရားခံ

0
429

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်း ထောင် သုံးခုတွင် ထောင်ကျနေသူများ၏ သုံးပုံနှစ်ပုံမှာ မူးယစ်တရားခံများဖြစ် ကြောင်း တိုင်းအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ပြောကြားသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇူလိုင်လ ၂၄ ရက်က ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း အကျဉ်း သားဦးရေမှာ ထားဝယ်အကျဉ်းထောင် တွင် ၆၅၈ ဦး၊ မြိတ်အကျဉ်းထောင်တွင် ၁၁၈၈ဦးနှင့် ကော့သောင်းအကျဉ်းထောင် တွင် ၈၉၂ ဦး စုစုပေါင်း အကျဉ်းသားဦး ရေ ၂၇၃၈ ဦးရှိကြောင်း သိရသည်။
“ဒီပမာဏထဲက သုံးပုံ နှစ်ပုံ လောက် က မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးရမိတဲ့ ဖမ်းဆီးခံရတဲ့ အပြစ်ပေးခံရတဲ့ သူတွေ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လအထိ တိုင်းအစိုးရအဖွဲ့သက်တမ်း ပထမတစ်နှစ်တာအတွင်း မူးယစ်ဆေး ဝါး အမှုပေါင်း ၅၃၅ မှု ဖမ်းဆီးရမိခဲ့ ကြောင်း တိုင်းဒေသကြီးအစိုးရက ထုတ် ပြန်သည်။