ကျိုက်ထိုတွင် ရေပြန်ကျ၊ ရေဘေးရှောင်များ အိမ်ပြန်

0
572

ရေပြန်ကျသွားပြီဖြစ်၍ မွန်ပြည် နယ်၌ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ကျိုက်ထိုမြို့နယ်အတွင်းက ရေဘေးရှောင် များသည် ဇူလိုင်လ ၂၅ ရက် နေ့လယ် မှစပြီး အိမ်ပြန်ကြပြီဖြစ်ကြောင်း ရေဘေး အကူအညီပေးနေသူတို့နှင့် ဒေသခံတို့ ထံမှ သိရသည်။
မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေများ ကြောင့်ကျိုက်ထိုမြို့ပေါ် တိုးချဲ့ရပ်ကွက် များဖြစ်သည့်ကော့စနိုင်ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်နှင့် သမလရပ်ကွက် တို့တွင် ဇူလိုင်လ ၂၀ ရက်က ရေလွှမ်းခံ ရပြီး ဒေသခံ ၄၀၀၀ နီးပါးတို့က ဘေး လွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေး စခန်းတွင် ပြောင်းရွှေ့ ခိုလှုံနေကြရသည်။

“ရေဘေးရှောင်တွေက ဒီနေ့ (ဇူ လိုင် ၂၅) နေ့လယ် ထမင်းစားပြီး ထောက်ပံ့ ပစ္စည်းတွေဝေပေးပြီးရင် အကုန်လုံး အိမ်ပြန်ကြမယ်၊ စခန်းတွေလည်း အကုန် သိမ်းနေပြီ၊ ရေတွေလည်း အားလုံးကျ သွားပြီ၊ လမ်းတွေမှာလဲ ရေမရှိတော့ဘူး” ဟု ကျိုက်ထို ကော့စနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ပြောသည်။
အဆိုပါ ရေကြီးမှုကြောင့် လူနေ အိမ် ၇ လုံး ပြိုကျခြင်း၊ ၈ လုံး ပျက်စီး ခြင်းအပြင်ရန်ကုန်-မော်လမြိုင် အဝေး ပြေးကား လမ်းမပေါ်တွင်လည်း ရေလျှံမှု ဖြစ်ပွားခဲ့ပြီး ကားသွားလာဖြတ်သန်းမှု ယာယီရပ်ဆိုင်းခဲ့ရသည်အထိ ဖြစ်ပွားခဲ့ သည်။

ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဦးစီးဌာန၏ စာရင်းအရ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုကြောင့် ကျိုက်ထိုတွင် ရေဘေးကယ်ဆယ်ရေး စခန်း ၆ ခု၊ လူဦးရေ ၃၉၁၆ ဦး၊ မြေပြို ကယ်ဆယ်ရေးစခန်း ၁ ခု၊ လူဦးရေ ၉၁ ဦး၊ ဘီးလင်းတွင် ကယ်ဆယ်ရေးစခန်း ၅ ခု၊ လူဦးရေ ၆၁၉ ဦး၊ သထုံတွင် ကယဆယ်ရေးစခန်း ၂ ခု၊ လူဦးရေ ၃၂၉ ဦးတို့ ဘေးလွတ်ရာ ခိုလှုံခဲ့ကြရသည်။

ကျိုက်ထိုမြို့ပေါ် ရပ်ကွက်များတွင် နှစ်စဉ်နှစ်တိုင်း ရေကြီး ရေလျှံမှုဒဏ်ခံ ရလေ့ရှိသော်လည်း ဒေသခံ ထောင်နှင့် ချီပြီး ဘေးလွတ် ရာ တိမ်းရှောင်ရသည့် အခြေအနေမျိုး ၁၉၉၇ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တုန်းကလည်း ဆိုး ဆိုးရွားရွား ရေလွှမ်းခံခဲ့ ရဖူးသည်ဟု ဒေသခံတို့က ပြောသည်။