ကြက်ငှက်တုပ်ကွေးရောဂါ ( H5N1)

0
1130

ကြက်ငှက်တုပ်ကွေးရောဂါဆိုတာ ဘာလဲ
ကြက်ငှက်တုပ်ကွေး (Avian influenza – H5N1)သည် ကြက်၊ ဘဲ နှင့် ငှက်များတွင် ဖြစ်ပွားသော တုပ်ကွေး ရောဂါတစ်မျိုးမျိုး (Influenza A Virus subtype H5N1) ဖြစ်သည်။ ၎င်း တုပ် ကွေးရောဂါပိုးရှိသော ကြက်ငှက် တိရိစ္ဆာန်များမှတဆင့် လူသို့ ကူးစက် တတ်သော ရောဂါ ဖြစ်သည်။
ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွင် သေဆုံးမှု မြင့်မားသော ပိုးနှင့် သေဆုံး မှုနည်းသော ပိုးဟူ၍ နှစ်မျိုးရှိပြီးAvian influenza – H5N1 Virus သည် သေဆုံးမှုမြင့်သောပိုး အမျိုးအစား ဖြစ် သည်။ ထားဝယ်မြို့၌ တွေ့ရှိရသော ပိုး သည် ထိုပြင်းထန်ပိုး အမျိုးအစား ဖြစ် သည်။

လူကိုကူးစက်ရန်ခက်ခဲသော်လည်း ကူးစက်ပါက သေဆုံးမှုမြင့်မားပြီး ၆၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ ထိုမှတဆင့် တုပ်ကွေးများ၏ သဘာဝအတိုင်း ဗီဇ ပြောင်းလဲကာ လူမှလူသို့ ကူးစက်နိုင် သည့် အခြေအနေသို့ ဖြစ်လာပါက ကပ်ရောဂါအသွင်သို့ ပြောင်းလဲလာနိုင်ပြီး အချိန်တိုအတွင်း လူအများအပြားကို ကူးစက် သေဆုံးစေနိုင်သည်။
ကြက်ငှက်တုပ်ကွေး ရောဂါသည် ၂၀၀၃ ခုနှစ်မှ ကမ္ဘာတစ်ဝန်းတွင် အများ အပြားဖြစ်ပွားမှု ဖြစ်ခဲ့ကြသည်။ အခုအချိန်ထိ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားမှု ပေါင်း ၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အင်ဒိုနီး ရှား၊ ဗီယက်နမ်နှင့် အီဂျစ်နိုင်ငံများတွင် အများဆုံး ဖြစ်ပွားခဲ့သည်။ အနီးဆုံး အနေဖြင့် မလေးရှားနိုင်ငံ၌ မတ်လအတွင်း တွေ့ရှိခဲ့ရပြီး ကြက်၊ ဘဲများစွာကို သုတ်သင် ပစ်ခဲ့ရသည်။ လူသို့ ကူးစက်မှုမရှိခဲ့ပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOမှ ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀၀၃ ခုနစ်မှ ၂၀၁၇ ဇွန်လအထိ ကြက် ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၈၅၉ ယောက်ရှိပြီး သေဆုံးသူ ၄၅၃ ယောက်အထိ ရှိခဲ့သည်။
ဘယ်လိုလူများ၌ ကူးစက်တတ်သလဲ
ကြက်ငှက်တုပ်ကွေးရောဂါသည် ကြက်၊ ဘဲမွေးမြူသူများ၊ ကြက်ခြံ၊ ဘဲခြံလုပ်သားများ၊ ကြက်ဘဲ မွေးမြူ ရေးခြံအနီး နေထိုင်သူများ၊ ကြက်သား ထုတ်သူများ၊ ကြက်ဥ ကြက်သားကိုင် တွယ် ရောင်းချသူများနှင့် အစား အသောက် ပြင်ဆင်ချက် ပြုတ်သူများတွင် အများဆုံး ကူးစက် ဖြစ်ပွားနိုင်သည်။

ဘယ်လိုကူးစက်နိုင်သလဲ
-ရောဂါပိုးရှိသော ကြက်ဘဲများ၊ အမွှေးအတောင်ကျွတ်များကို ထိတွေ့ကိုင် တွယ်ခြင်း၊
– ရောဂါပိုးရှိသော ကြက်ချေး၊ ဘဲချေးများ၊ ကြက်ဘဲတို့မှ ထွက်သော အညစ်အကြေးများ၊ အရည်များကို ထိတွေ့ကိုင်တွယ်ခြင်း သို့မဟုတ် အသက် ရှူလမ်းကြောင်းမှတဆင့် ဝင်ရောက် ခြင်း၊
– ကြက်ဘဲတို့၏ စားကြွင်းစားကျန် အစားများ၊ ရေများကို ထိတွေ့ကိုင်တွယ် ခြင်း၊
– ရောဂါပိုးရှိသော ကြက်ဘဲများ ကို အသားထုတ်လုပ်စဉ်တွင် ထွက်လာ သော သွေးစသည့် အရည်များနှင့် ထိတွေ့ခြင်း၊
– ကြက် ဘဲ အသားများကို ကိုင် တွယ်ရောင်းချခြင်း၊
– ကြက်၊ ဘဲအသားများကို ချက် ပြုတ်ရန်အတွက် ကိုင်တွယ်ပြင်ဆင်ခြင်း၊
-ရောဂါပိုးရှိသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည်တို့ကို ကိုင်တွယ်ခြင်း၊
– ကြက်ဘဲခြံများသို့ သွားရောက် ခြင်း သို့မဟုတ် ကြက်ဘဲ အရှင်ရောင်းချ သောဈေးများသို့ သွားရောက်ခြင်း၊
– ကောင်းစွာ ချက်ပြုတ်မထားသော အသား၊ ဥများကို စားသုံးခြင်း၊
– ကြက်ခြံ ဘဲခြံတွင် အသုံးပြုသော ပစ္စည်းများ၊ ကြက်ခြံ ဘဲခြံအတွင်းသို့ ဝင်ရောက်ရာတွင် ဝတ်ဆင်သော အဝတ် အစား၊ ဖိနပ်စသည်တို့မှတစ်ဆင့် ကူးစက်ပြန့်ပွားသည်။

ရောဂါလက္ခဏာများ
ရောဂါပိုး ကူးစက်ဝင်ရောက်ပြီး ၂ ရက်မှ ၈ ရက်အတွင်း ရောဂါ လက္ခဏာ များ ပြတတ်သည်။ ရောဂါ လက္ခဏာ များသည် ယေဘုယျအားဖြင့် ရာသီ တုပ်ကွေး (Seasonal influenza) ရောဂါနှင့် ဆင်တူသော်လည်း ရောဂါ ပိုမိုပြင်းထန်သည်။
ရောဂါလက္ခဏာများမှာ
– အပြင်းဖျားခြင်း (၃၈ ဒီဂရီ စင်တီဂရိတ်ထက်မြင့်ခြင်း)၊
– နှာရည်ယို၊ နှာပိတ်ခြင်း၊
– ချောင်းဆိုးခြင်း (ချောင်းခြောက် ဆိုးခြင်း)၊
– အရိုး၊ အဆစ်၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊
-ခေါင်းကိုက်ခြင်း၊
– လည်ချောင်းနာခြင်း၊
– ရင်ဘတ်အောင့်ခြင်း၊
– ချွေးစေးများထွက်ခြင်း၊ ချမ်းခြင်း၊
– မောပန်းခြင်း၊
– အသက်ရှူခက်ခဲခြင်း၊
– နှာခေါင်းသွေးယိုခြင်း(သို့မဟုတ်) သွားဖုံးသွေးယိုခြင်း၊
– အစာစားချင်စိတ် မရှိခြင်း၊
– ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ တခါတရံ၌ ဝမ်းရှောခြင်း၊

ဆောင်ကြဉ်ရမည့် အချက်များ
– ကြက်သေ၊ ဘဲသေ၊ အရှင်များကို ကိုင်တွယ်ခြင်း၊
– ကြက်၊ ငှက် မစင်များကို ထိတွေ့ ကိုင်တွယ်ခြင်း၊
– ကြက်၊ ဘဲ အသားစိမ်းများကို ကိုင်တွယ်ခြင်း၊
– ကြက်ခြံ၊ ဘဲခြံများသို့ သွား ရောက်ခြင်း၊
– ကြက်၊ ဘဲ အသားဒိုင်များ၊ ကြက် ဘဲအရှင်ရောင်းသော ဈေးများသို့ သွား လာခြင်း၊
– လူစည်ကားသော နေရာများသို့ သွားလာခြင်းများကို ဆောင်ကြဉ်ရမည်။

သတိပြုလိုက်နာရမည့် အချက်များ
လက်ဆေးခြင်း – အသားများကို ကိုင်တွယ်ပြီးချိန်၊ အစားအစာမကိုင်တွယ် မီနှင့် ကိုင်တွယ်ပြီးချိန်၊ အိမ်သာသန့်စင် ခန်းသို့ မဝင်မီနှင့် ဝင်ရောက်ပြီးချိန်၊ ကြက်ငှက်တို့၏ အညစ်အကြေးများနှင့် ထိတွေ့ပြီးချိန်၊ ချောင်းဆိုးခြင်း နှာရည် ညှစ်ခြင်းပြီးချိန်များတွင် လက်ကို ဆပ်ပြာ ရေတို့ဖြင့် သေချာစွာ ဆေးကြောရမည်။
ချောင်းဆိုး နှာချေခြင်း – ချောင်းဆိုး၊ နှာချေခြင်းအတွက် တစ်ခါ သုံးတစ်ရှူးများကို အသုံးပြုရမည်။ အသုံးပြုပြီး တစ်ရှူးများကိုလည်း စနစ် တကျ စွန့်ပစ်ရမည်။
တကိုယ်ရေနေထိုင်ခြင်း – ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများ၊ အဖျားရောဂါ ဝင်နေသူများ အနေဖြင့် လူအများစုဝေး ရာ နေရာများကို သွားလာခြင်းမှ ဆောင်ကြဉ်ကာ တကိုယ်ရေနေထိုင်ခြင်း သည် အကောင်းဆုံး ဖြစ်သည်။

ဆေးကုသမှု ခံယူခြင်း – ဖျားနာ ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေး ချောင်း ဆိုးခြင်းစသော တုပ်ကွေးရောဂါလက္ခဏာ များ ဖြစ်ပွားလာပါက ကျန်းမာရေးဌာန များ၊ ဆေးရုံများသို့ အမြန်ဆုံးသွားရောက် ကာ စစ်ဆေးကုသမှုများ စနစ်တကျခံယူ ရမည်။
သတင်းပို့ခြင်း -ကြက်ငှက်အသေ များ မိမိပတ်ဝန်းကျင်တွင် တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို ချက် ချင်းအကြောင်းကြားရမည်။
ထို့အပြင် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များ၏ အချိန်နှင့်တပြေးညီ ထုတ်ပြန် ချက်များကို ပြည်သူများမှ အထူးသတိပြု လိုက်နာဆောင်ရွက်ကြရမည်။
Medical News Today မှ ကိုးကားသည်။