သူတာဝန်ယူနေစဉ်ကာလအတွင်း ကျောက်မီးသွေးစက်ရုံမလုပ်ဟု တနင်္သာရီဝန်ကြီးချုပ်ပြော

0
366

သူဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်ကာလအတွင်း ကျောက်မီး သွေးစက်ရုံ ပြုလုပ်မည်မဟုတ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
ဇူလိုင်လ ၂၄ ရက်တွင် ပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက် ချက်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ကျောက်မီးသွေးကိစ္စ မေးမြန်းမှုအား ယင်းသို့ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့အစိုးရသက်တမ်းမှာ၊ ကျွန်မတာဝန်ယူနေသမျှ ကာလပတ်လုံးတော့ (ကျောက်မီးသွေးစက်ရုံ) မလုပ်ဘူး”ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
လက်ရှိအာဏာရပါတီ NLD (ဗဟို)၏ ဇွန်လ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တနင်္သာရီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့အား စွမ်းအင်အတွက် ကျောက်မီးသွေးသုံးရန် တိုက်တွန်း ထားကြောင်း ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က တရားဝင်ပြောဆိုထားသည်။

“အထူးသဖြင့်ပေါ့..၊ တနင်္သာရီတိုင်းတို့ မွန်ပြည်နယ်တို့ ကရင်ပြည်နယ်တို့တွေမှာ အရေးပေါ် လိုလို့ရှိရင် အခြား စွမ်းအင်တွေထက် ကျောက်မီးသွေး သုံးတဲ့ကိစ္စက ပိုပြီးတော့ မြန်မြန်ဆန်ဆန် ထိရောက်မယ်”ဟု ဦးဝင်းထိန်က ပြောခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ကျောက်မီးသွေးစက်ရုံအား ပြည်ထောင်စုမှ ခွင့်ပြုလိုက်လျှင်လည်း ၎င်း လက်ထက်တွင် မလုပ်ဟု ပြောသည်။
“ကျွန်မကို တစ်ချိန်လုံး ဖိအားပေးနေတယ် ပြည်ထောင်စုက၊ အဲဒါ အရှင်းဆုံးပဲ၊ ကျွန်မ မလုပ်ခဲ့ဘူး”ဟု ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
လက်ရှိတွင် မွန်နှင့် ကရင်တို့က ကျောက်မီးသွေးသုံးကာ စွမ်းအင်ထုတ်ရန် စိုင်းပြင်းနေကြပြီး ဒေသခံတို့မှလည်း ကန်ကွက်ဆန္ဒပြမှုများ ရှိနေသည်။