သထုံတွင် လယ်ဧက ၁၅၀၀၀ ကျော် ရေနစ်မြုပ်

0
426

ဇူလိုင်လ ၂၀ ရက်ကစပြီး မိုး သည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျ ချောင်းရေကြောင့် သထုံခရိုင်တွင် ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့ကာ လယ် မြေဧက ၁၅၀၀၀ ကျော် ရေနစ်မြုပ် သွားသည်ဟု မွန်ပြည်နယ် လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် လယ်မြေ ၉၀၀၈ ဧက၊ ဘီးလင်းမြို့နယ်တွင် လယ်မြေ ၇၉၉၇ ဧကနှင့် ပေါင်မြို့နယ် တွင် ၁၁၂ ဧက ရေမြုပ်သွားပြီး ဇူလိုင်လ ၂၄ ရက်ထိ ဘီးလင်းတွင် ၂၆၅၀ ဧက သာ ပြန်ပေါ်သေးသည်။
“ကားလမ်းတွေမှာ ကျသွားပေမယ့် လယ်မှာ နဲနဲကျန်နေသေးတယ်၊ ပြန် ပေါ်လာမှ ဘယ်လောက် ထိခိုက်မှု ရှိလဲ ဆိုတာ သိနိုင်မယ်”ဟု မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ပြည်နယ် ဦးစီးမှူး ဦးအောင်ဇော် နိုင်က ပြောသည်။

လယ်ယာစိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ရေနစ်မြုပ်သည့် လယ်မြေဧရိယာ များအတွက် နည်းပညာပိုင်း အထူး သဖြင့် မျိုးစေ့များ ရရှိအောင် ကြိုတင် ပြင်ဆင်ထားကြောင်း သိရသည်။
၎င်းပြင် ရေနစ်မြုပ်ပြီး နောက် ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ပိုးမွှား ကျရောက်သည့်အန္တရာယ်မှ ကာကွယ် နိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင် ထားမှုများ ပြုလုပ်ထားသည့်အပြင် ကွင်းဆင်းပြီး ဒေသခံတောင်သူ လယ် သမားတို့အား အသိပညာပေးမှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယမန်နှစ် မိုးရာသီတုန်းက ရေကြီး ရေလျှံမှုကြောင့် သထုံခရိုင်တွင် လယ်မြေ ဧက ၄၀၀၀ ကျော် နစ်မြုပ်ခဲ့ပြီး ထိခိုက် ပျက်စီးမှုမရှိကြောင်း ပြည်နယ် လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။