H1N1 နှင့် H5N1 ဆက်စပ်မှု မရှိ၊ အစိုးရိမ် မလွန်ပါနှင့်

0
427

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွား နေသော ရာသီတုပ်ကွေး H1N1 နှင့်H5N1ဆက်စပ်မှုမရှိဘဲ ထိုတုပ်ကွေး များနှင့် ပတ်သက်၍ အစိုးရိမ် မလွန်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဌာနေ ကိုယ်စားလှယ်က ပြောကြားလိုက်သည်။
ယခုကဲ့သို့သော ရာသီတွင် ဖြစ်လေ့ ဖြစ်ထရှိသော ရာသီတုပ်ကွေးသည် မြန်မာနိုင်ငံတွင် အရေးပေါ်အဆင့် သတ်မှတ် ရမည့် အနေအထားမဟုတ်ကြောင်း ဌာနကိုယ်စားလှယ် ဒေါက်တာ စတီဗင် ပေါ်လ်ဂျော့ကVOA သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

“လူအများအပြားကို ကူးစက်ပြန့် ပွားနေတဲ့ အ ခြေအနေလည်းမဟုတ်ပါ ဘူး။ ကပ်ရောဂါမဟုတ်သလို၊ တစ်နိုင်ငံ လုံး ပြန့်ပွားတဲ့ရောဂါ အဆင့်မဟုတ်ပါ ဘူး။ ဒီလိုအဆင့်သတ်မှတ်ရလောက် အောင်၊ ရောဂါကျယ်ကျယ်ပြန့်ပြန့်ကူး စက်တဲ့ အခြေအနေမဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့တွင် ရာသီတုပ်ကွေး H1N1 နှင့် အပြင်းစားကြက်ငှက်တုပ် ကွေး H5N1တို့ နှစ်မျိုးစလုံးတွေ့ရှိ ထားသည့်အတွက် ဒေသခံတို့မှာ စိုးရိမ် လျက်ရှိသည်။ သို့သော် ယင်းတုပ်ကွေး ပိုးနှစ်မျိုးမှာ တိုက်ရိုက်ဆက်စပ်မှု မရှိဘဲ ကူးစက် သည့်ပုံစံလည်းမတူကြောင်း ဒေါက်တာစတီဗင်က ဆိုသည်။

“H1N1က လူလူချင်းကူးစက်ဖို့ လွယ်ပါတယ်။ H1N1 Virus အုပ်စု တစ်ခုနဲ့ တစ်ခုလည်းမတူပါဘူး။ H5N1 ကတော့ တိရိစ္ဆာန်ကနေလူကို ကူး စက်ပေမဲ့ ပြင်းထန်မှသာကူးစက်တဲ့ သဘောရှိပါတယ်”
နိုင်ငံတဝန်း H1N1 ရောဂါပိုး ကူးစက်ခံရသူ ဇူလိုင် ၂၉ ရက်နေ့အထိ ၄၁ ဦးရှိခဲ့ပြီး ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။