သူရဲကောင်းတစ်ဦး၏ ရွာအပြန်

0
596

လူတိုင်းနီးပါး အချိန်တန်လျှင် အိမ်ပြန်ကြပါသည်။ အကြောင်းအမျိုးမျိုး မိသားစုကို ချန်ရစ်ကာ မိမိရပ်ရွာကို စွန့်ခွာသွားသူတိုင်း တစ်ချိန်ချိန် ရွာသို့ ပြန်လာလေ့ ရှိပါသည်။
လူအတော်များများ၏ ရွာပြန်ခရီး က သူ၏မိသားစုဝင်များ၊ ဆွေမျိုး မိတ်သဟာများနှင့်သာ သက်ဆိုင် ပတ်သက်လေ့ ရှိသည်။ ရပ်ရွာအတွင်း ကျော်ဇောမှုမရှိသူ(သို့မဟုတ်) သိုသိပ် လွန်းသူများဆိုက ရပ်ရွာအတွင်းသို့ မည်သည့်အချိန်က ရောက်လာမှန်းပင် မသိလိုက်ကြ။

အချို့ရပ်ကျော်ရွာကျော်၊ မြို့ကျော် တိုင်းကျော်ပြည်ကျော်တို့၏ ရွာပြန်ခရီး များပင် လူသူစိတ်ဝင်စားမှု ထင်သလောက် မများ၊ မထူးခြားတတ်ပါ။
ဇူလိုင်လ ၂၀ ရက်နေ့က ရွာသို့ပြန် လာသည့် ထားဝယ်ခရိုင် လောင်းလုံး မြို့နယ် လေးသွန်းခံရွာသားတစ်ဦး၏ ရွာပြန်ခရီးကား ထူးကဲ လှလေသည်။
မိုးသည်းမိုးဖွဲများကြား စိုရွှဲနေ သည့် ထိုလေးသွန်းခံရွာသားကို တိုင်း အဆင့် အကြီးအကဲများ၊ ခရိုင်မြို့နယ်မှ ဌာနဆိုင်ရာများနှင့်တကွ နယ်ပယ်အသီး သီး၏ ခေါင်းဆောင်များ၊ အဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်များက အိမ်တိုင် ရာရောက် လိုက်ပါ ပို့ဆောင်ပေးကြသည်။

ယင်း အကြီးအကဲများသာ မဟုတ်။ သူ့ရွာသားများစွာကလည်း ကား၊ ဆိုင်ကယ်တို့ဖြင့် ထားဝယ်တွင် သောင်း သောင်း ဖြဖြလာ ကြိုကြလေသည်။ အနုပညာရှင်များ ကလည်း အတီးအမှုတ် အကအခုန်ဖြင့် မိုးသဲထဲတွင်ပင် မရပ်နား စတမ်း လိုက်ပါ ဖျော်ဖြေနေကြလေသည်။ သူ့အား လာရောက်ကြိုဆိုကြသည့် ယာဉ်တန်းကြီးက တစ်မျှော်တစ်ခေါ်။
သူ၏အိမ်ပြန်ခရီး ဖြတ်သွားသည့် ရပ်ကွက် ကျေးရွာများမှ ပျိုပျိုအိုအိုတိုင်း က သူ့ကို ထွက်ကြိုကြသည်။ ကြည်ညို လေးစားသော မျက်လုံးများဖြင့် ကြည့် ကြသည်။ သူပါသည့်ကားပေါ်သို့ ပန်းကုံး၊ ပန်းခြင်း၊ ပန်းစည်းများ ကမ်းပေးကြ သည်။

အဖြူအစိမ်းဝတ် ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများက လည်း ထားဝယ် – လောင်းလုံး လမ်းမကြီးနံဘေးဝဲယာ စာသင်ကျောင်း တိုင်းရှေ့တွင် စီတန်းစောင့်ကြိုကာ ပန်းများ ဆက်သကြလေသည်။ ဆေးရုံ၊ အစိုးရရုံးများမှ ဝန်ထမ်းများကလည်း သူ့ကို ထွက်ကြိုနေကြသည်။
ဇူလိုင်မိုးကသူ ရွာပြန်ရောက်သည် အထိ လုံးဝမစဲ။ သူ့တစ်ကိုယ်လုံး စိုရွှဲ နေသကဲ့သို့ သူ့ကို အိမ်အထိ လိုက်ပါပို့ ဆောင်သူများ၊ လာရောက်ကြိုဆိုသူများ လည်း စိုရွှဲနေကြသည်။ ထို့အတူ အား လုံးမျက်နှာတွင် ဝမ်းသာပီတိအပြုံးတို့ စိုရွှဲနေသည်။

ယင်းသို့ ရွာပြန်လမ်းတစ်လျှောက် ထူးထူးကဲကဲ ကြိုဆိုဂုဏ်ပြုခံရသူ မြန်မာပြည်တွင် များစွာမရှိနိုင်။ သူကား ထူးကဲသူ ဖြစ်ချေပြီ။
ယခု သူတို့ရွာသို့ ပြန်လာသည့် သူတို့နယ်သားကမ္ဘာကျော် သူရဲကောင်း ကြီးကြောင့်သူတို့နယ် ဂုဏ်တက်ခဲ့ရ သည်။ ယခု သူရဲကောင်း၏ ရွာအပြန် ခရီးအတွက် သူတို့ ဂုဏ်ယူနေကြသည်။ ပျော်နေကြသည်။ လေးသွန်းခံရွာသား များကလည်း ထားဝယ်မှာ ကြိုသူကြို၊ လာရောက်သည့် ဧည့်ပရိသတ် စား သောက်ရေးအတွက် ရွာဘုန်းတော်ကြီး ကျောင်းမှာ စုပေါင်းချက်သူချက်။ တစ်နေကုန် မိုးသည်းနေသော်လည်း လာလိုက်သည့် ပရိသတ်က မစဲ။
ယခုတစ်ကြိမ်သည် သူတို့နယ်သား သူရဲကောင်းကြီး၏ ပထမဆုံး ရွာပြန် ခရီးဖြစ်လေသည်။ သူတို့နယ်မှ ထွက်ခွာ သွားပြီး နှစ် ၇၀ ကျော်အတွင်း ပထမဆုံး အကြိမ် ပြန်လာခဲ့ခြင်း ဖြစ်သည်။

သူမပြန်လာခဲ့သည့် နှစ် ၇၀ အတွင်း သူ့အကြောင်း ပြော၍ မပြီးနိုင် မကုန်နိုင်ကြ။ သူ၏ ရဲစွမ်းသတ္တိ အ ကြောင်း၊ စွန့်ဝံ့စွန့်စားမှုများ အကြောင်း၊ သနားကြင်နာတတ်မှုများ အကြောင်း၊ တိုင်းပြည်ချစ်စိတ် အကြောင်း.. ပြောမ ဆုံးပေါင် တောသုံး တောင်။
ယခု သူ ရွာပြန်လာလေပြီ။ သူ၏ ဆွေမျိုးများကဝတ်ကောင်းစားလှ များဖြင့် သူ့ကို ကြိုကြသည်။
ယင်းဆွေမျိုးများထဲသူ့မိဘ၊ ဇနီး သားသမီးများ မပါတော့။ သူ့ ချစ်ဇနီး လည်း ကွယ်လွန်လေပြီ။ သူ့ သားသမီး များလည်း လာကြိုမနေ။ မရှိတော့ပြီ။ ဆုံးပါး သွားကြပြီ။

သူမွေးခဲ့သည့် မိဘအိမ်လည်း မရှိတော့။ အိမ်မြေနေရာ ဆွေမျိုးသား ချင်းများက အမွေခွဲ ရောင်းချလိုက်ကြ ပြီဟု သူ့ဆွေမျိုးရင်းချာ(သူ့အစ်ကိုဝမ်း ကွဲ၏မြေး) ကိုစောရန်နိုင်က ပြောသည်။
“ကျွန်တော့်ဖိုးကို ရွာပြန်လာစေ ချင်လို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ၊ သူ ပြန်ရောက်လာတော့ ကျွန်တော်တို့ရွာ၊ ကျွန်တော်တို့နယ်လည်း ဂုဏ်တက်တာ ပေါ့”ဟု ကိုစောရန်နိုင်က ပြောသည်။

မွေးရပ်ရွာနှင့် နယ်သူနယ်သားအား လုံးကသူ့ကိုလှိုက်လှိုက်လှဲလှဲ ကြိုနေကြ ပြီး သူ့အတွက် နေရာထိုင်ခင်းများ သား နားသပ်ရပ်စွာ ပြင်ဆင်ထားပေးကြပါ သည်။
“ကိုယ့်အဖေတစ်ယောက် အဝေးမှာ သေ(ကျဆုံး)သွားတာ ပြန်ရောက်လာလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သလိုပေါ့”ဟု လေးသွန်းခံရွာ ကော်တောကျောင်း ဆရာတော်က မိန့်သည်။
ဟုတ်ပါသည်။ သူကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၇၀ စွန်းခဲ့လေပြီ။ ယခု သူ ရွာသို့ ပြန်လာသည်မှာသူ့ပုံတူ ကြေး သွန်းရုပ်တုကြီး ဖြစ်ပါသည်။
သူသည် မြန်မာ့လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သော သမိုင်းဝင် သူရဲကောင်းတစ်ဦး ဖြစ်လေ သည်။

သူ့ကို ချစ်မြတ်နိုးကြသော ဒေသခံ များက သူ့ကိုယ်ပွား ကြေးသွန်းရုပ်တု ပြုလုပ်ကာသူ့ကိုရွာအရောက် ပြန်ခေါ် ခဲ့ကြခြင်း ဖြစ်ပါသည်။
တိုင်းပြည်အတွက် အသက်ပေး သွားသောသူရဲကောင်းကို ချီးမြှောက်လို သောစိတ်၊ သူရဲကောင်းကို ချစ်မြတ်နိုး သောစိတ်၊ သူရဲကောင်း ချစ်မြတ်နိုးစေ လိုသော ရည်ရွယ်ချက်များဖြင့် သူ့ကို သူ့ဇာတိအရောက်ပြန်ခေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။
သူ၏ အိမ်ပြန်ခရီးကား မိုးထဲရေထဲ ထူးထူးကဲကဲ။ လမ်းဘေးဝဲယာမှ ရေစို အဖြူအစိမ်းလေးများက သံပြိုင် အော် ကြသည်။
“ဗိုလ်မှူးကြီး ဗထူးကို ကြိုဆိုပါ တယ် ခင်ဗျား”