သတ္တုတွင်းများအား ထိရောက်စွာ စောင့်ကြည့်နိုင်ရေး အစီရင်ခံစာ တိုင်းအစိုးရထံ ပေးပို့

0
408

ထားဝယ်ခရိုင်အတွင်းရှိ သတ္တု တွင်း လုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ များက သတ္တုတူးဖော်ရေး လုပ်ငန်း များအား လက်တွေ့ကျကျ ကွင်းဆင်း စိစစ်နိုင်ရန် အစီရင်ခံစာ စုပေါင်းရေး သားကာ ဇူလိုင်လ ၂၁ ရက်က တိုင်း အစိုးရအဖွဲ့ထံ တင်ပြလိုက်ကြသည်။

အစီရင်ခံစာတွင် အချက် ၃၆ ချက်ပါ ကွင်းဆင်းဆန်းစစ်ချက် ဇယား (CheckList)နှင့် တကွ သတ္တုတွင်း လုပ်ငန်းများအား စောင့်ကြည့်ရာတွင် လက်ကိုင်ထားမည့် အခြေခံမူများ၊ အစိုးရအဖွဲ့နှင့်ဆက်သွယ်ခြင်း၊ အစိုးရ အဖွဲ့မှ ကူညီပံ့ပိုးမှုနှင့် အသိ အမှတ်ပြုမှု၊ သတင်းအချက်အလက် ရယူပိုင်ခွင့်များ စသည်တို့ ပါဝင်သည်။
လက်ရှိတွင် စောင့်ကြည့်ရေးအဖွဲ့ များက မိမိတို့လုပ်ဆောင်ရမည့် တာဝန် များ၊ လုပ်ပိုင်ခွင့်များ၊ မည်သည့်အချက် များကို ဆန်းစစ်စောင့်ကြည့်ရမည်၊ အစိုးရ သို့ မည်သို့သတင်းပို့ရမည် စသည်တို့ ကို တိကျရှင်းလင်းစွာ မသိခြင်းတို့ကြောင့် သတ္တုတွင်းများကို ထိရောက်စွာ စောင့် ကြည့်နိုင်ခြင်းမရှိကြောင်း စောင့်ကြည့် ရေး အဖွဲ့ဝင်များက ပြောကြသည်။

“အစိုးရ တာဝန်ရှိသူတွေက ဘယ် လိုစောင့်ကြည့်ရမယ်ဆိုတာ တိတိကျကျ လာရှင်းပြတာ မရှိဘူး။ သတ္တုတူးတဲ့ ကုမ္ပဏီကလည်း စောင့်ကြည့်ရေး အဖွဲ့ ဝင်တွေကို ရန်သူလို ဆက်ဆံခံနေရ တယ်”ဟု ကံပေါက်ဒေသ သတ္တုတွင်း လုပ်ကွက် စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးကျော်မိုးဦးက ပြောသည်။
အစီရင်ခံစာကို မြန်မာနိုင်ငံ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက်မဟာမိတ် အဖွဲ့(MATA) တနင်္သာရီ က ဇူလိုင်လ ၁၇ ၊ ၁၈ ရက် တို့တွင် စီစဉ်ကျင်းပသော သတ္တုတွင်းစောင့်ကြည့်ရေးအဖွဲ့များ အလုပ်ရုံ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ် များအပေါ် အခြေခံ ရေးဆွဲခဲ့ကြကြောင်း (MATA)၏ တနင်္သာရီတိုင်းဒေသကြီး အလုပ်အဖွဲ့ဝင် ဦးသန့်ဇင်ထံမှ သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများပါ တက်ရောက်ကြပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်မှု ရှိ၊ မရှိ စောင့်ကြည့် အစီရင်ခံနိုင်ရန် လိုအပ်သည်များကို မူကြမ်းရေးဆွဲကာတင်ပြရန် ပြောကြားခဲ့ ကြောင်း ဦးသန့်ဇင်က ပြောသည်။
“လုပ်ငန်းတွေပိုပြီး မြန်ဆန်ထိ ရောက်အောင်(MATA) က ပံ့ပိုးပေးတဲ့ သဘောပါ”ဟု ဦးသန့်ဇင်က ပြောသည်။

ယင်းစောင့်ကြည့်ရေးအဖွဲ့များ စတင် ဖွဲ့စည်းစဉ်ကတည်းက သတ္တု ထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုဝန်းကျင်ထိခိုက်မှု အခြေ အနေများကို စောင့်ကြည့်ရန်မှာကြား ထုတ်ပြန်ထားပြီးကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
“တစ်ဖွဲ့ချင်းစီရဲ့ စုစည်းမှုနဲ့ ဆောင်ရွက်တတ်မှုပေါ် မူတည်တယ်၊ တချို့ အဖွဲ့တွေလည်း စုစုစည်းစည်းနဲ့ အစီရင်ခံစာတွေရေးပြီး အစိုးရအဖွဲ့ဆီ ပေးပို့လာတာရှိတယ်”ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ယခုတင်ပြလာသည့် အစီရင်ခံ စာအား အနီးဆုံး အစိုးရအဖွဲ့အစည်း အဝေးတွင် တင်ပြဆွေးနွေးပြီး ဆုံးဖြတ် ချက်ရယူကာ အစိုးရအဖွဲ့မှ တိုင်း အတွင်းရှိ စောင့်ကြည့်ရေးအဖွဲ့များထံ ညွှန်ကြားချက် ထုတ်ပြန်ပေးမည် ဟု ဦးမြင့်မောင်က ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ သတ္တု တွင်းလုပ်ကွက်စောင့်ကြည့်ရေး အဖွဲ့ များကို အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှင့် ဩဂုတ်လမှအစ စတင် ဖွဲ့စည်းခဲ့ ခြင်း ဖြစ်သည်။