ကျောင်းသားနှင့် ဂီတနှလုံးသား

0
431

သည်နှစ် သားတော်မောင်သည် ပထမတန်းကျောင်းသား ဖြစ်၏။
တစ်နေ့ သူ့ကျောင်းစာအုပ်ကို ဖွင့် ပြီး နိုင်ငံတကာ ဂီတသင်္ကေတများနှင့် ကဗျာလိုလိုသီချင်းလိုလို ကူးရေးလာ သည်ကို ပြသည်။ ကျွန်တော်အံ့ဩမိ၏။ ကျွန်တော်တို့ ငယ်တုန်းက ကျောင်း များတွင် ဂီတနှင့်ပတ်သက်၍ မသင် ဖူးခဲ့။ ဆိုကရေးတီး ပြိုင်ပွဲဝင် ကျောင်း သားများသာ ဂီတပညာကို သင်ဖြစ် ကြသည်။ ယခုတော့ ကျောင်းသား တိုင်းပန်းချီနှင့် ဂီတစသည့် တွဲဖက် ဘာသာရပ်များကို သင်ကြားရတော့ မည်ဟု သတင်းများတွင် တွေ့၏။
ဂီတသင်္ကေတများကို ကြည့်ပြီး သီဆိုပြနေသော သားတော်မောင်၏ အသံများက ကျွန်တော့်အတွေးများကို သီတန်းစေပါသည်။

ဂီတကို ကျွန်တော်တို့ ဘိုးဘွာဘီ ဘင်လက်ထက် ရှေးနှစ်ပေါင်းများစွာ ကတည်းက ထိတွေ့ အသုံးပြုခဲ့ကြသည် ဟု ယူဆမိပါသည်။ သက်ရှိများထဲမှာ လူသား တစ်မျိုးတည်းကသာ ဦးနှောက် ကို အသုံးပြုပြီး စကားပြောနိုင်သော (ကြက်တူရွေး စကားသင်ခြင်းသည် အကန့်အသတ်ရှိ) သတ္တဝါ ဖြစ်သည်။ လူသားသည် စာပေ မပေါ်ခင်ကတည်းက ဂါထာမန္တရားများကို မန်းမှုတ် ရွတ်ဖတ် ရင်း မီးပုံကိုလှည့်ကာ ခုန်ပေါက်ပြေး လွှားကြသည် ဆို၏။ ထိုသို့ ဂါထာ မန္တရားရွတ်ခြင်းမှသည် အက၊ ကဗျာ၊ သီချင်း၊ ဂီတစသော အနုပညာများ ဖြစ်လာခဲ့သည်ဟုလည်း မှတ်သားဖူးပါ သည်။

ဂီတနှင့်ကောင်းခြင်းများ
ကျောင်းများတွင် ဂီတကိုသင်ပေး ခြင်းအားဖြင့် ကျောင်းသားတို့သည် စုပေါင်းလုပ်တတ်မှု၊ ဆက်ဆံရေး ပြေ ပြစ်မှုတို့ကို ပိုစေပေမည်။ ဥပမာ သီဆို ခြင်းတွင် ဘယ်သူက ဘယ်နေရာကို ဘယ်လိုဆို၊ ဘယ်အပိုဒ်မှာ ဘယ်သူ၊ ဟာမိုနီက ဘယ်သူ စသဖြင့် စုပေါင်း သီဆိုရင်း ပေါင်းစည်းခြင်းဖြင့် သီချင်း အလှကို ခံစားတတ် ဖန်တီးတတ်စေပေ သည်။

အတီးပိုင်းတွင်လည်း အနောက် တိုင်းဂီတ၌ ဒရမ်(Drum)နှင့် ဘေ့စ် (Bass)ဂီတာသမားတို့က တိုင်မင် (Timing နရီ စည်းဝါး)ကို ထိန်း၊ ဂီတာသမားက (Rhythm)ကိုတီးရင်း သံစဉ်(Lead)ကို ဘယ်လိုတီး၊ ကီးဘုတ် သမား (Keyboard)က တေးသွားကို ဘယ်လို တီးစသဖြင့် စုပေါင်းပုံဖော်မှ သံစဉ်လှလှ ဖြစ်ပါသည်။ တစ်ပြိုင်တည်း တီးနေသည်ဆိုငြား သူ့အလှည့်နှင့်သူ၊ သူ့ဟန်ချက်နှင့်သူ တူညီသော စည်း ချက်ထဲမှာ အပေးအယူမျှစွာ လုပ်တတ် စေပြီး တစ်ဦးအပေါ်တစ်ဦး လေးစား တတ်မှုကို ပိုရစေသည်။

ဂီတ သီချင်းစသည်တို့ကို သီဆိုနေ စဉ်မှာ ကျောင်းသားတို့သည် သီချင်း သံစဉ်ဆိုသော အာရုံ၌ စူးစိုက်နေရ၍ မှတ်ဥာဏ် တည်းဟူသော စူးစိုက်မှု သမာဓိကို ပိုရစေနိုင်သည်။ ကိုယ်လက် လှုပ်ရှားပြီးဆိုရသဖြင့်လည်း သွေးလေ လည်ပတ်မှု ကောင်းစေပြီး ကျန်းမာရေး အတွက်လည်း အထောက်အကူပြုသည်။ ဂီတသည် စိတ်ကို ပျော်ရွှင် ကြည်နူးစေ သည်။ ထိုအခါ စိတ်ပျော်တော့ စာသင် ကြားခြင်းမှာ သောကဖိအားကင်းစွာ သင်ရ၍ သင်ကြားရေးကို အထောက် အကူပြုစေနိုင်သည်။

ဂီတ၏စည်းချက် သံစဉ်တွေ အကြောင်းတွေးပြီး ဖြန့်ကျက်တွေးခြင်းကို အထောက်အကူ ရစေသလို သီချင်း ဂီတ စသောအသစ် ဖန်တီးမှုများကလည်း ကိုယ်ပိုင်တီထွင်တတ်မှုကို ရစေနိုင်ပါ သည်။ ကျောင်းသားတို့သည် ဂီတ သီချင်းစသည်တို့ကို လေ့ကျင့်နေရ၍ ဖုန်းပွတ်ခြင်း၊ ဂိမ်းကစားခြင်းစသော အချိန်များကို နည်းစေနိုင်ပါသည်။

ဂီတသည် အလှအပကို ခံစားတတ် စေ၏။ လူ့နှလုံးသားကို နူးညံ့စေ၏။ ကျောင်းကသင်ကြားပေးသော စာဖြင့် ဦးနှောက်က သုတများ ဖြည့်ရသလို နှလုံးသားကလည်း ခံစားတတ်ခြင်း အနုပညာရသ ဖြည့်ပေးဖို့ လိုသည်။ နိစ္စဓူဝလူသည် ရုပ်ဝတ္ထု၏ ဆွဲခေါ်ရာ နောက်လိုက်နေရပေရာ တစ်ခါတစ်ရံ သနားစရာတွေ့လျှင်တောင် ငဲ့ညှာသနား တတ်သော စိတ်မရှိတော့။ နှလုံးသားများ က မာကျောနေပေသည်။ ကျောင်းသား ဘ၀မှာလည်း ကျောင်းစာဆိုသော စိတ် ဖိစီးမှု ကျောင်းပြီးတော့လည်း တခြား လူမှုစီးပွားဘ၀ စိတ်ဖိစီးမှုစသောအရာ များက ဆီးကြို ပြည့်နှက်နေသည်။ ထိုအခါ ဂီတအနုပညာ တစ်ခုခုက ယင်းဖိအားများကို လျော့စေပေမည်။

ဂီတ၏စွမ်းပကား ကြီးမားလှ သည်။ ကိုလိုနီခေတ်က ဇာတိမာန် တက်ကြွစေသော ဂီတများဖြင့် နယ်ချဲ့ တို့ကို ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသည်။ ကျွန်တော်တို့ နိုင်ငံတော်သီချင်းတွင် သံပြိုင်သီဆိုရသော “ကမ္ဘာမကျေ၊ မြန်မာ ပြည် တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ် နိုးပေ…ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ”စသော စာသားသံစဉ် များက ဇာတိသွေး ဇာတိမာန်ကို တက် ကြွစေသည်။ ထိုသီချင်းကိုပဲ နိုင်ငံခြား ရောက်သော မြန်မာများ တစ်ပါးနိုင်ငံမှာ ကျင်းပသော အားကစားပြိုင်ပွဲများ၌ သီဆိုကြသောအခါ မျက်ရည်ဝဲမတတ် နိုင်ငံချစ်စိတ်များတိုးကာ ခွန်အားရ စေပါ သည်။ ဂီတကြောင့် ရန်သူကနေ မိတ်ဆွေ ဖြစ်သွားကြသည်။ ယုံကြည်ချက်ခြင်း နီးစေသည်။ ကျွန်တော် မရေးဖြစ်သော ဂီတ၏ ကောင်းကျိုးများ အများအပြား ရှိပေဦးမည်။

ဂီတအနုပညာနှင့် တလွဲအတွေးများ
ဂီတအနုပညာ ဘာလုပ်မည်နည်း စိတ်ကူးယဉ်ခြင်းအလုပ်ဟု လူတချို့က အထင်သေးတတ်ပါသည်။ တချို့ အနည်းစုသော အနုပညာရှင်များ မူးယစ် ဆေးစွဲပြီး ပျက်စီးသလို မိမိတို့၏သား သမီးများ ပျက်စီးသွားမှာ စိုးကြတာ လည်း ရှိပါသည်။ တကယ့် အကျင့်သီလ နှင့် ပြည့်စုံသော ဂန္ထဝင်မြန်မာ့အနုပညာ ရှင်များ ရေတွက်လို့ မကုန်နိုင်အောင် များပြားလှတာ သိစေချင်ပါသည်။ ဂီတ အနုသုခုမသာ မရှိလျှင် နှလုံးသားများ မခံစားတတ်တော့ဘဲ မာကျောရုပ်ဝတ္ထု ဆန်ပြီး အတ္တဗဟိုပြု ငါ့ဘို့သမားများပဲ ဖြစ်သွား နိုင်ပါသည်။

ဂီတကိုပညာရှင်ဆန်ဆန် မဖြစ်မနေ သင်ယူရမည်ဟု မဆိုလို။ လူတိုင်းနီးပါး ခံစားနားလည်ရန် ထိတွေ့သင်ယူထား သင့်သည်။ သင်ယူရင်း ဝါသနာကြီးသူက ပိုတတ်မြောက်ပြီး ဖန်တီးခြင်းအဆင့် ပညာသည် အဆင့်ဖြစ်သွားနိုင်ပါသည်။ ကလေးများကို အများအလယ်မှာ ပေါ် လွင်ထင်ရှားအောင် ဂီတကို သင်ပေးခြင်း မျိုး မဟုတ်ဘဲ ခံစားနားလည် မြတ်နိုး တတ်အောင် ရည်ရွယ်ချက်ဖြင့် သင်ပေး က ကောင်းမည်ထင်၏။ ကျောင်းများတွင် ကိုယ့်ကလေးမို့ ဘာတီး ဘယ်လိုဆို ဘယ်နေရာက ပါရမှ မဖြစ်သင့်။ မိမိ အရည်အချင်းအလိုက် ကျရာနေရာမှ ဂီတကို ဝိုင်းဝန်း ဖန်တီးတတ်အောင်သာ ထိန်းကျောင်း ပေးသင့်သည် မြင်၏။

ဂီတနှင့် ပညာရေး
ယခုကျောင်း ပညာသင်ကြားရေး အသစ်၌ ပန်းချီ၊ ဂီတသင်ခြင်း စသည် တို့သည် ဂီတနှင့် ပညာရေး ပညာရှင် များ စသည်တို့က ကောင်းမည်ဟု ယုံကြည်ရသော သင်ကြားနည်း၊ သင်ရိုး များဖြင့် စတင်နေပေပြီ။ မည်သည့် ဆရာများက မည်သည့် တူရိယာများဖြင့် မည်ကဲ့သို့ သင်မည်စသဖြင့် ရှေ့သို့ အတွေးများ ဆန့်မိပါသည်။

ယနေ့ကမ္ဘာကြီးမှာ အကြမ်းဖက်မှု များ၊ လူသားချင်းအမြတ်ထုတ် လူကုန် ကူးမှုများ၊ ငါ့ဘို့သမားများ၊ အတ္တ ဗဟိုပြုလွန်းသူများ၊ မူးယစ်ဆေးဝါး ပြဿနာများ၊ ဘာသိဘာသာသမားများ စသဖြင့် များပြားလွန်းနေပြီး စိတ်နှလုံး သားများ အာဟာရချို့တဲ့ မာကျော နေသည်ဟု ဆိုရပေမည်။
ထိုသို့ မာကျောသော နှလုံးသား များမှသည် ခံစားနားလည်လွယ်သော ကိုယ်ချင်းစာတတ်သော စုပေါင်းလုပ် တတ်သော အလျှော့အတင်းလုပ်တတ် သော အလှအပကို ခံစားတတ်သော နှလုံးသားများ လူသားအများစုမှာ ရှိဖို့ရာ လိုအပ်လှပါသည်။ ထို့ကြောင့် သားတော် မောင်တို့လို ကျောင်းသားဘ၀ငယ်စဉ် ကတည်းက ထုဆစ်ရလွယ်သော နှလုံး သားများကို အလှအပများကို ခံစား နားလည် ဖန်တီးတတ်သော၊ စုပေါင်း လုပ်ဆောင်တတ်သော နှလုံးရည်ပြည့်ဝ သော လူ့စွမ်းအား အရင်းအမြစ်များဖြစ်ရန် ယခုလို ကျောင်းများ၌ဂီတ အနုသုခုမ ပညာ ရပ်များ ထိတွေ့သင်ကြားပေးခြင်း များက တစ်စုံတစ်ခုသော အတိုင်းအတာ အထိ စွမ်းဆောင်ပေးနိုင်မည်ဟု ယုံ ကြည်မိကြောင်းပါ။ ။