မွန်အမျိုးသားကျောင်းတွင် ဆရာ/ ဆရာမ မလုံလောက်

0
460

မွန်ပြည်သစ်ပါတီ အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန် အမျိုးသားကျောင်းများ၊ အစိုးရကျောင်း နှင့်တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းတို့တွင် ကျောင်းဆရာ/ ဆရာမ မလုံလောက်ဟု မွန်အမျိုးသား ပညာရေးကော်မတီထံမှ သိရသည်။
ငွေကြေး ထောက်ပံ့ပေးမှုနည်းပါး ခြင်းကြောင့် မွန်အမျိုးသားကျောင်းများ တွင် ကျောင်းဆရာ၊ ဆရာမ မလုံ လောက်ခြင်းနှင့် မမြဲခြင်း ပြဿနာကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသည်။

“ဆရာတွေက မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီးတော့ ၂ နှစ်တိုင် ၃ နှစ်တိုင် အလုပ်လုပ် ပေးတာပေါ့လေ၊ ဒါပေမယ့် ရေရှည်မှာလဲ သူတို့လဲ တောင့်မထား နိုင်ဘူး၊ ဆိုတော့ အလုပ်ပြောင်းကြတယ်၊ တချို့လည်း အစိုးရဝန်ထမ်းအဖြစ် ပြောင်းကြတယ်။ နေ့စားလပေးတွေ ပြောင်းကြတယ်။ မျိုးစုံပေါ့လေ” ဟု မွန် အမျိုးသားပညာရေးကော်မတီ တာဝန်ခံ ဦးမင်းအောင်ဇေက ပြောသည်။
အဆိုပါ ကျောင်းများတွင် မွန် ကျောင်းဆရာ၊ ဆရာမ ၈၀၀ ခန့်ရှိသည် ဟု ၎င်းက ပြောသည်။
မွန်အမျိုးသား ပညာရေးကော်မတီ မှ မွန်ကျောင်းဆရာ ဆရာမတစ်ဦးကို ယခင်က အခြေခံလစာအဖြစ် တစ်လလျှင် ကျပ် ၅၀၀၀၀ ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၆ -၂၀၁၇ ပညာသစ်နှစ်တွင် တစ်ဦးလျှင် ကျပ် ၇၀၀၀၀ တိုးမြှင့်ပေးခဲ့သည်။

ယခုပညာသစ်နှစ်တွင် ကျောင်း ဆရာ ဆရာမများကို အခြေခံလစာ ကျပ် တစ်သိန်းထိတိုးမြှင့်ပေးနိုင်ရန် စီစဉ် လျက်ရှိသည်ဟု ဦးမင်းအောင်ဇေက ပြောသည်။
“လုပ်ချင်တဲ့လူတွေက နည်းတယ်၊ လုပ်လည်း မလုပ်နိုင်ကြဘူးအဓိက က လစာလည်း နည်းလို့ပေါ့လေ၊ တချို့ဆို တစ်နှစ်လောက် ဝင်လုပ်ပြီးတော့ ထွက် ကြတယ်၊ တကယ့်စေတနာ ဝါသနာပါ တဲ့လူတွေကပဲ လုပ်နိုင်ကြတယ်” ဟု မွန်ကျောင်းဆရာမတစ်ဦးက ပြောသည်။

ကျောင်းဆရာ၊ ဆရာမ မတည်မြဲ ခြင်းကြောင့် စာသင်ကြားရာတွင်လည်း အခက်အခဲ မျိုးစုံကြုံတွေ့ရသည်ဟု မွန်ကျောင်းဆရာ၊ ဆရာမတို့က ပြော သည်။
မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိသည့် ပါတီတပ်တည်ဧရိယာနှင့် နီးစပ် သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဒေသ များအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့ကရိတ်မြို့နယ်တို့တွင် မွန်စာကို မွန်အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သည့် ကျောင်း များတွင် သင်ကြားလျက်ရှိသည်။

မွန်ပြည်သစ်ပါတီ အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန် အမျိုးသားကျောင်းများတွင် အထက် တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်း ကျောင်း ၁၆ ကျောင်း၊ မူလတန်းကျောင်း၊ မူလွန်ကျောင်း စုစုပေါင်း ၁၃၃ ကျောင်း ရှိပြီး ကျောင်းသူ/သားပေါင်း ၁၇၀၀၀ ကျော်ရှိသည်ဟု မွန်အမျိုးသားပညာရေး ကော်မတီ တာဝန်ခံထံမှ သိရသည်