DDPC ၏ မူအသစ် ကျေးရွာမီး လင်းရေးကော်မတီအချို့ ကန့်ကွက်

0
428

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဖြန့် ဖြူးနေသည့် DDPC ကုမ္ပဏီ၏ လျှပ် စစ်ဓာတ်အားခ သိမ်းဆည်းကောက်ခံ မည့်မူနှင့် ကျေးရွာများအတွက် လျှပ်စစ် ဝန်ဆောင်မှုပေးဆောင်ရေးမူအချို့ ပြောင်းလဲမည့်အပေါ် ကျေးရွာမီးလင်း ရေးကော်မတီအချို့က ကန့်ကွက် လိုက် ကြသည်။
လောင်းလုံးမြို့အတွင်းရှိ ကျေးရွာ မီးလင်းရေးကော်မတီများအား ဇူလိုင်လ ၁၈ ရက်နေ့တွင် DDPC ရုံးခန်းသို့ ခေါ်ယူပြီးမူအချို့ ပြောင်းလဲသတ်မှတ် ထားသည့် လျှပ်စစ်ဖြန့်ဖြူးရေးအတွက် သဘောတူစာချုပ်အားပြသကာ လက် မှတ်ရေးထိုးရန် ညှိနှိုင်းမှုအား မည်သူမျှ လက်မခံဘဲ ထပြန်ခဲ့ကြကြောင်း ယင်း မီးလင်းရေးကော်မတီဝင်များက ပြော ကြသည်။

ယင်းစာချုပ်တွင် ရွာမီးလင်းရေး ကော်မတီအစား ကုမ္ပဏီနှင့် သဘောတူ တာဝန်ပေးအပ်ခံရသူက ရွာမီးလင်းရေး ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ လုပ် ဆောင်ရန်၊ ကုမ္ပဏီအား ကြိုတင်ငွေ ပေးသွင်းရန်၊ ဓာတ်အားခ ကောက်ခံရ ရှိသည့်ငွေများအား လတစ်လ၏ပထမ အပတ်အတွင်း ကုမ္ပဏီသို့ ပေးသွင်းရန်နှင့် အခြားအချက်များ ပါဝင်ကြောင်း သိရသည်။
ကြိုတင်ငွေမှာ ရွာ၏ မီးအားသုံးစွဲမှု တစ်လစာကို ပေးသွင်းရမည်ဟု ကုမ္ပဏီ ဘက်မှ ပြောကြားကြောင်း သိရသည်။
ယခင်လများက ကျေးရွာအတွင်း လျှပ်စစ်ခကို ကျေးရွာမီးလင်းရေး ကော် မတီများမှ ကောက်ခံကာ မြို့နယ်မီး လင်းရေး ကော်မတီသို့ လကုန်ပြီး ၂၀ ရက်အတွင်းတွင် ပေးဆောင်ရပြီး ကြိုတင်ငွေ ပေးသွင်းရခြင်း မရှိပေ။

ကျေးရွာ မီးလင်းရေးကော်မတီများ ကို ဒေသတွင်း လိုအပ်ချက်အရ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ် မီးလင်းရေး ကော်မတီများက ဖွဲ့စည်း ထားခြင်း ဖြစ်သည်။
ကျေးရွာ မီးလင်းရေးကော်မတီ များက ကျေးရွာအတွင်း ဓာတ်အားလိုင်း များကို ရွာသူရွာသားများ၏ စုပေါင်း ငွေဖြင့်ကိုယ်ထူကိုယ်ထ တပ်ဆင်ထား ကြပြီး ရွာလျှပ်စစ်လိုင်း ပြုပြင်ထိန်း သိမ်းရန် လျှပ်စစ်ဝန်ထမ်းများလည်း ခန့်ထားကြသည်။
ယင်းဝန်ဆောင်မှုများအတွက် ဖြန့်ဖြူးရေး ကုမ္ပဏီဘက်မှ တစ်ယူနစ် တွင် ၃၄ ကျပ် လျှော့ယူခဲ့ပြီး တစ်ယူနစ် ၃၀၀ ကျပ် ကျသင့်စဉ်က ၂၆၆ ကျပ် နှုန်းဖြင့် ပေးသွင်းရသည်။ အိမ်များတွင် မူ မူရင်းဈေး ၃၀၀ ကျပ် ကောက်ခံပြီး ပိုလျှံငွေများကို ရွာလျှပ်စစ်ဝန်ထမ်းများ လုပ်အားခ ပေးချေခြင်း၊ မီးလိုင်းပြုပြင် ရန်ပုံငွေအဖြစ် သိမ်းဆည်းထားခြင်းများ ပြုလုပ်ကြသည်။

ယခုအချိန်တွင်အထက်ပါမူ အပြောင်းအလဲအရ မီးလင်းရေးကော် မတီအစား အထက်ပါအချက်များကို သဘောတူထားသူ ကုမ္ပဏီကိုယ်စား လှယ်တစ်ဦးနှင့် ယင်းပုဂ္ဂိုလ်မှ ခန့်အပ် မည့် လျှပ်စစ်ဝန်ထမ်း(သို့မဟုတ်) DDPC ၏ လျှပ်စစ်ဝန်ထမ်းကို ရွာသို့ ခေါ်ယူရမည်ဆိုက ကုမ္ပဏီ၏ဝန်ဆောင် မှုအား အယုံအကြည် မရှိခြင်းကြောင့် ကန့်ကွက် ထပြန် ခဲ့ကြခြင်း ဖြစ်ကြောင်း မီးလင်းရေး ကော်မတီဝင်များက ပြောကြ သည်။
ရွာကော်မတီဝင်များထဲတွင် ရွာ လျှပ်စစ်သုံးစွဲနှုန်းတစ်လစာ ကြိုတင် ငွေ ပေးသွင်းပြီး ကုမ္ပဏီတာဝန်ခံလုပ် မည့်သူမရှိသည့်အပြင် လတစ်လ၏ ပထမ အပတ်အတွင်း ကုမ္ပဏီသို့ လျှပ်စစ် ခငွေ ပေးသွင်းရန် မဖြစ်နိုင်ဟု ဆိုသည်။

“ခုတောင် ရွာက လုပ်အားပါနေလို့ မရှုံးတာ၊ သူတို့ကုမ္ပဏီက ဝန်ထမ်းက ဘယ်လောက် အားကိုးရမှာလဲ၊ ခုတောင် အပြောနဲ့အလုပ်မညီဘဲ တာဝန်ယူ တာဝန် ခံမှုမှ မရှိတာ”ဟု လောင်းလုံး၊ ဝေဒီရွာ မီးလင်းရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
၂၁၀ ကျပ် စတင်ကောက်ခံမည့် ယခုလမှစ၍ ၁၈၀ ကျပ်နှုန်း ပေးသွင်းရ မည်ဆိုလာသဖြင့် တစ်ယူနစ် ကျပ် ၃၀ သာပိုလျှံတော့မည်ဟု ဆိုကြသည်။
“အစိုးရက တရားဝင် ဖွဲ့ပေးထားတဲ့ မီးလင်းရေးကော်မတီတွေ၊ သဘော တူညီမှုတွေကို ကုမ္ပဏီတစ်ခုက ဖျက်ခွင့် ရှိလားပေါ့”ဟု လောင်းလုံး၊ ပန္ဒလဲရွာမီး လင်းရေးကော်မတီဝင် ဦးဇော်မင်းက မေးခွန်း ထုတ်သည်။

နောက်နောင်တွင်လျှပ်စစ်ကိစ္စ ဆွေးနွေးမည်ဆိုက မြို့နယ်မှ တာဝန်ရှိ သူများ၊ လျှပ်စစ်ဌာန တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်း မီဒီယာများစုံညီစွာ တွေ့ဆုံညှိနှိုင်းလို ကြောင်း ပြောကြသည်။
DDPCတာဝန်ရှိသူများကမူ စာချုပ်ပါအချက်များမှာ ညှိနှိုင်းဆဲသာ ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်နေ့က တနင်္သာရီအပတ်စဉ်သို့ ပြောကြသည်။
ကုမ္ပဏီမှ ကျေးရွာအလိုက် ရွာ တာဝန်ခံများကို ခန့်အပ်သွားမည်ဖြစ်ပြီး ရွာမီးလင်းရေးကော်မတီများမှ ခန့်အပ် ထားသည့် လျှပ်စစ်ဝန်ထမ်းများလည်း ကုမ္ပဏီ၏ တာဝန်ခံနှင့် ချိတ်ဆက် လုပ် ဆောင်နိုင်ကြောင်း အထက်ပါ တာဝန် ရှိသူများက ပြောကြသည်။
လက်ရှိတွင်DDPC ၌ လျှပ်စစ် ဝန်ထမ်း ၆၀ ခန့် ရှိကြောင်း သိရသည်။