၁၅ ရက်အတွင်း တနင်္သာရီ နယ်စပ် ဂိတ်များမှ အထောက်အထားမဲ့ ရွေ့ပြောင်းလုပ်သား ခြောက်ထောင်ကျော် ပြန်ဝင်

0
449

တနင်္သာရီတိုင်း နယ်စပ်ဝင်ပေါက် များမှတစ်ဆင့် ၁၅ ရက်တာ ကာလ အတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သား ခြောက်ထောင်ကျော် ထိုင်း နိုင်ငံမှ မြန်မာပြည်အတွင်း ပြန်လည်ဝင် ရောက်လာကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။
ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်အထိ ထားဝယ်ခရိုင်အတွင်းရှိ ထီးခီးနယ်စပ် ဝင်ပေါက်မှ ၉၇၉ ဦး၊ မြိတ်ခရိုင် အတွင်းရှိ မောတောင်နယ်စပ်ဝင်ပေါက်မှ ၁၁၉၅ ဦး၊ ကော့သောင်းနယ်စပ်ဂိတ်မှ ၁၅၃၈ ဦးဝင်ရောက်ခဲ့ကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ထို့အပြင် ထီးခီးမှ မေတ္တာမြို့လမ်းရှိ လမ်းကြောင်း အစရှိသည့် (တရားဝင် ဂိတ်မရှိသည့် အခြားလမ်းကြောင်း) မှ ၂၇၅၅ ဦးခန့် ဝင်ရောက်ခဲ့ပြီး ၁၅ ရက် တာကာလအတွင်း စုစုပေါင်း ၆၅၀၀ ဦး ဝန်းကျင် ဝင်ရောက်လာကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ပြန်လာသူတွေထဲက သုံးပုံမှာ တစ်ပုံက တနင်္သာရီတိုင်းထဲမှာ နေထိုင် သူတွေပါပဲ”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်အထိ တိုင်းအတွင်းရှိ နယ်စပ်ဝင်ပေါက် ၃ ခုမှ အထောက်အထားရှိ ((BP ၊ TBP ၊ PP အစရှိသည့် ) မြန်မာနိုင်ငံသား ၁၄၁၃၉ ဦးနှင့် အထောက်အထားမရှိသည့် နိုင်ငံ သား ၆၅၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရ သည်။
ထိုင်းနိုင်ငံ၏ ရွေ့ပြောင်းအလုပ် သမား နည်းဥပဒေသစ်ကို ၆ လ ဆိုင်းငံ့ ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် တရားမဝင် အလုပ်သမားများကို ဇူလိုင်လ ၂၇ ရက်မှ ဩဂုတ်လ ၈ ရက်အထိ တရားဝင် လက် မှတ်များ ထုတ်ပေးမည်ဟု ထိုင်းဘက်က ထုတ်ပြန်ထားကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)ထံမှ သိရသည်။