ထိုင်းရောက် တိုင်းသားများအရေး ဘာလုပ်ပေးမလဲ

0
431

ထိုင်းပြန် ဦးမျိုးမျိုး ကြုံရာ နေ့စား အလုပ်တစ်ခုခုလုပ်ရန် ကြံဆရှာဖွေနေ သည်မှာ တစ်လခန့် ရှိပြီ..။ ခုထိ အဆင် မပြေသေး။
ထိုင်းနိုင်ငံသို့ တရားမဝင် သွားခဲ့ ပြီး ရော်ဘာခြစ်လုပ်ငန်း လုပ်ကိုင်ခဲ့သည့် ဦးမျိုးမျိုးက ထိုင်းရဲများ အဖမ်းအဆီး များလွန်း၍ ဆက်မနေရဲတော့။ ဇာတိ မြေ လောင်းလုံးမြို့နယ် ပန္ဒလဲရွာသို့ တပ်ခေါက်ပြန်ခဲ့သည်။

“ထိုင်းသူဌေးကတော့ ပြန်လာဖို့ ပြောတယ်၊ ဖမ်းမိရင် ထောင်ဒဏ်ငါး နှစ်လို့ ကြားလို့ မနေရဲတော့ဘူး။ ဒုက္ခ ဖြစ်ရင်လည်း ကိုယ့်နိုင်ငံမှာပဲ ဖြစ်ခံမယ် ပေါ့”ဟု ဦးမျိုးမျိုးက ပြောသည်။
သို့သော် အသက် ၄၀ ကျော်အရွယ် ဦးမျိုးမျိုးအတွက် ဇာတိမြေတွင် အလုပ် က အသင့်မရှိ။
သူ့တစ်ဦးတည်းအတွက်သာ မဟုတ်။ ထိုင်းရောက် မြန်မာ လုပ်သား ပြည်တော်ပြန်များအတွက် တနင်္သာရီ တိုင်းဒေသကြီး အစိုးရတွင် အလုပ် အကိုင်ပေးနိုင်ရေး မရေရာသေး။

အလုပ်သမားများစွာ အလုပ်ပေး နိုင်မည်ဆိုသော ထားဝယ်အထူးစီးပွား ရေးဇုန်သည်လည်း အလုပ်သမားနှင့်ပတ် သက်သည့် ဥပဒေများ ရေးဆွဲရန် ပြင် ဆင်နေဆဲဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
လူငါးထောင်ခန့် အလုပ်ပေးနိုင် မည်ဟု သိရသော ထီးခီးစက်မှုဇုန်သည် လည်း ထားဝယ်စီးပွားရေးဇုန်နှင့် နီးကပ် နေခြင်း၊ ထိုင်းနယ်နိမိတ်နှင့် နီးကပ်လွန်း နေခြင်း စသည့် အကြောင်းများကြောင့် မစနိုင်သေး။
ဖော်ဆောင်နေသည့် ငါးလေလံဈေးများလည်း အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်လောက်သည်ထိ မဖော်ဆောင်နိုင်သေးကြောင်း ဝန်ကြီးချုပ်က ပြောသည်။
လူငါးရာခန့် အလုပ်ပေးနိုင်မည့် ထီးခီးလမ်းစီမံကိန်းသည်လည်း ပွင့်လင်းရာသီတွင်မှ စတင် အကောင်အထည်ဖော်နိုင်မည်ဟု ၎င်းက ဆိုသည်။

“တိုင်းဒေသကြီး အစိုးရကတော့ တနင်္သာရီတိုင်းကတော့ ကိုယ့်သားသမီးတွေပဲ ကိုယ့်မိဘရင်ခွင်ထဲ ပြန်ရောက်တာတော့ အကောင်းဆုံးလိုချင်တယ်။ ဒါပေမယ့်လို့ မိဘကလည်း အဆင်မပြေတဲ့အခါမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်တဲ့အတွက်ကြောင့် စိတ်မကောင်း လက်မကောင်းဘဲ ဖြစ်နေရတယ်ပေါ့နော်”ဟု ဝန်ကြီးချုပ်က ပြောသည်။
၂၀၁၄ ခုနှစ်တွင် ကောက်ယူထားသည့် သန်းခေါင်စာရင်းတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားစုစုပေါင်း ၁၄ သိန်းကျော်ရှိပြီး ယင်းထဲတွင် တနင်္သာရီတိုင်းသား တစ်သိန်းခွဲခန့်ရှိကြောင်း ဖော်ပြသည်။

သို့သော် လက်တွေ့တွင် ယင်းထက် ပိုနိုင်သည်။
ထိုင်းတွင် တရားဝင်လက်မှတ် အမျိုးမျိုး ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားနှစ်သန်းခန့် နှင့် တရားမဝင်အလုပ်သမား တစ်သန်းခွဲခန့်ရှိပြီး စုစုပေါင်း ထိုင်းရောက်မြန်မာ အလုပ်သမား ၃ သန်းခွဲခဲ့ ရှိမည်ဟု ဦးထူးချစ်(FED)က ခန့်မှန်းသည်။
ဦးထူးချစ်သည် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(FED)၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။

ထိုင်းနိုင်ငံတစ်ဝန်း တနင်္သာရီတိုင်းသားများရှိနေပြီး စုစုပေါင်းဆိုက ၂ သိန်း ကျော်နိုင်ကြောင်း ထိုင်းရောက် တိုင်းသားများက ခန့်မှန်းကြသည်။
ထိုင်းတွင် ယခင်ကတည်းက ပုံမှန်ဖမ်းဆီးမှုများရှိနေကာ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ယခုကဲ့သို့ အလုပ်သမား အစုလိုက်အပြုံလိုက် ပြန်ရသည်များရှိခဲ့ဖူးပြီး ယင်းအချိန်က ကမ္ဘောဒီးယား အလုပ်သမားများ ပိုခံခဲ့ရကြောင်း ဦးထူးချစ်က ပြောသည်။
“အခုတစ်ခါကတော့ မြန်မာအလုပ်သမားတွေ ပိုခံရတာပေါ့” ဟု ၎င်းက ဆိုသည်။
အစိုးရက စီမံပေးမည့် အလုပ်အကိုင် အခွင့်အလမ်းများ မရေရာသည့် နည်းတူ ဒေသခံစီးပွားရေးလုပ် ငန်းများကလည်း လတ်တလောတွင်ရွှေ့ပြောင်း အလုပ်သမားအား အလုပ်ကောင်းစွာပေးနိုင်မည် မဟုတ်ဟု ဆိုကြသည်။

ရွှေ့ပြောင်းလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် နောင်တစ်ချိန်မှဖြစ်ပေါ်လာမည့် စီမံကိန်းများကို မျှော်နေခြင်းထက် အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်သည့် အသေးစား အလတ် စားလုပ်ငန်းများ အားကောင်းလာစေရန် အစိုးရက ထောက်ပံ့ရမည်ဖြစ်ကြောင်း သီဟိုဠ် စက်ရုံပိုင်ရှင် ထားဝယ်မြို့ခံ ဦးသူရက ပြောသည်။
“လက်ရှိအနေအထားမှာ ဒေသက လုပ်ငန်းရှင်တွေက နဂိုကတည်းကမှ တနိုင်တစ်ပိုင်လုပ်နေကြ တာ များတယ်။ အလုပ်တွေထပ်ပေးနိုင်မယ့် အနေအထား နည်းတယ်။ ပေးရင်တောင် အနည်းအကျဉ်းပဲ ပေးနိုင်မယ်”ဟု ၎င်းက ဆိုသည်။

ရွှေ့ပြောင်း အလုပ်သမားများပြန်လာရန် အခြေခံ အဆောက်အဦပြည့်စုံရန်နှင့် အသေးစား အလတ် စားလုပ်ငန်းရှင်များ အားကောင်းမှသာ အလုပ်အကိုင်အခွင့်အလမ်းများလာမည် ဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။
ယခုအခင်းအကျင်းအရ ထိုင်းနိုင်ငံ ၏ အလုပ်သမားဥပဒေ အတင်းအလျော့ အပြောင်းအလဲများက မြန်မာ့နိုင်ငံရေးကို သွယ်ဝိုက်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်ကောင်း ရိုက်ခတ်မှုများစွာ ရှိနိုင်ပြီး ရွေ့ပြောင်းလုပ်သားများ မြန်မာပြည်တွင် အခြေချနေထိုင်ရေးမှာ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုတည်း ဖန်တီးပေးရုံဖြင့်ပင် အဆင်မချောနိုင်ဟု ဦးထူးချစ်က ပြောသည်။

ထိုင်းနှင့်မြန်မာလုပ်ခလစာ ကွာဟလွန်းခြင်း၊ ကုန်ဈေးနှုန်းမှာလည်း မြန်မာက ပိုမိုမြင့်မားနေခြင်း၊ ရေ၊ မီးမှအစ လူနေမှု အခြေခံလိုအပ်ချက်များ ပြည့်စုံမှု အားနည်းခြင်းများက ရွှေ့ပြောင်းလုပ်သားများကို ဇာတိမြေတွင် ပြန်အခြေချရေးအတွက် များစွာအဟန့်အတား ဖြစ်စေသည်။
“ကျွန်တော်တို့မေးထားတဲ့ အလုပ်သမားအများစုက ထိုင်းနိုင်ငံပြန်ဖို့ပဲ အားသန်ကြတယ်၊ သူတို့မှာ ဖမ်းဆီးခံရလို့သာ ပြန်လာကြတယ်၊ တရားဝင်လက်မှတ်ရှိမယ်ဆိုရင် ထိုင်းနိုင်ငံမှာပဲ အလုပ်လုပ်ချင် ကြတယ်”ဟု ဦးထူးချစ်က ပြောသည်။
ထိုင်းမှ ပြန်လာသူများကလည်း လုံခြုံစိတ်ချရသောဥပဒေဘောင်အတွင်းမှ တရားဝင်လုပ်ကိုင်ခွင့်ရမည် ဆိုက ထိုင်းတွင်လုပ်လျှင် ပိုစုမိဆောင်းမိရှိကြောင်း ပြောကြသည်။

“မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်ရတာက တစ်နေ့လုပ်တစ်နေ့စား ပဲရှိတယ်၊ စုဆောင်းမိဖို့ဆိုရင် တော့ ထိုင်းနိုင်ငံမှာက ပိုပြီးစုဆောင်းမိတယ်” ဟု ထိုင်းပြန် ပန္ဒလဲရွာသား ဦးမျိုးမျိုးက ပြောသည်။
ထိုင်း၏ နောက်ဆုံးအခြေအနေမှာ ရွှေ့ပြောင်းလုပ်သမား နည်းဥပဒေသစ်ကို ၆ လ ဆိုင်းငံ့ထားသည်။
တရားမဝင် အလုပ်သမားများအား ဇူလိုင် ၂၇ ကမှစ ဩဂုတ်လ ၈ ရက်နေ့ အထိ တရားဝင်လက်မှတ်များ ထုတ်ပေးရန် ထိုင်းဘက်က ထုတ်ပြန်ထားကြောင်း ဦးထူးချစ်က ပြောသည်။

“အခုလက်ရှိ ထိုင်းမှာရောက်နေတဲ့သူတွေ နေရပ်ပြန်လာစရာ မလိုဘူး။ မြန်မာနဲ့ထိုင်း အပြန်အလှန် ညှိနိုင်းရင်းနဲ့ ဖြစ်လာတာ”ဟု ဦးထူးချစ်က ပြောသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထိုင်းအစိုးရမှ ဥပဒေသစ်ကို ဆိုင်းငံ့ပေးထားသည့် ၆ လအတွင်း တရားမဝင် လုပ်သမားအားလုံးအတွက် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက်(CI)လက်မှတ်များ အပြီးထုတ်ပေးနိုင်ရန် ဆောင်ရွက်မည်ဟု ဇူလိုင်လ ၇ ရက်နေ့ထုတ် 7 Day နေ့စဉ် သတင်းစာသို့ ပြောကြားထားသည်။

မြန်မာပြည် ပြန်ရောက်သွားသူများ ပြန်လာချင်ပါက တရားဝင်လမ်းကြောင်း များရှိပြီး မြန်မာအစိုးရမှ လိုအပ်သည့် တရားဝင်လက်မှတ်များကို ဈေးနှုန်းချို သာစွာပြုလုပ်ပေးမည်ဆိုပါက တရားဝင် အလုပ်သမားဖြစ်လာမည်ဟု ဦးထူးချစ် က ပြောသည်။
“အစိုးရက ထိထိရောက်ရောက် ကာကွယ်ပေးတယ်ဆိုတော့ ထိုင်းလုပ် ငန်းရှင်တွေက မတရားသဖြင့် အနိုင် ကျင့်မူတွေ တစ်စုံတစ်ရာ လျော့ကျသွား မယ်လို့ထင်တယ်”ဟု ဦးထူးချစ်က ပြောသည်။
လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း အမျိုးသားမှတ်ပုံတင်ပြုလုပ်သည့် လ၀က ရုံးများ၊ နိုင်ငံကူး လက်မှတ်ရုံးများတွင် လူကြိတ်ကြိတ်တိုးနေသည်။
အထောက်အထားမရှိသဖြင့် ဇွန်လ ကုန်ပိုင်းတွင် ပြန်လာသော မြိတ်မြို့ ရွှေပေးကျေးရွာနေ မစုလှိုင်ကတော့ ဗီဇာ လုပ်ရန် ငွေမတတ်နိုင်သဖြင့် ယခုထိ မလုပ်ဖြစ်သေးကြောင်း ဖွင့်ဟသည်။

“ဗီဇာလာလုပ်ကြတာ ထိုင်းထဲမှာ ဖမ်းလို့၊ ဘတ်မရှိတဲ့သူဆို အိမ်ထဲ အိမ်ပြင် တောင် မထွက်ရဘူး။ ဗီဇာလုပ်ဖို့က ပွဲစားကပြောတာတော့ တစ်ယောက် သုံးသိန်းကုန်မယ် ပြောတယ်။ ကိုယ့်မှာ က အဲလောက် မတတ်နိုင်ဘူး”ဟု မစုလှိုင် က ပြောသည်။
ထိုင်းပြန် မြန်မာအလုပ်သမား များအားလုံး လက်ခံထားပြီး အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် လက်တွေ့မကျသည့် အခြေအနေတွင် ထိုင်းတွင် အလုပ်ပြန်လုပ်ကြမည့်သူများ အတွက် လိုအပ်သည့်အထောက်အထား များ၊ စာရွက်စာတမ်းများ လွယ်ကူ ချောမွေ့စွာရရှိရေး အစိုးရဖက်မှ ဆောင် ရွက်ပေးသင့်သည်ဟု ဦးအောင်သူငြိမ်းက ပြောသည်။

ဦးအောင်သူငြိမ်းသည် ရန်ကုန် အခြေစိုက် မဟာဗျူဟာနှင့်မူဝါဒ လေ့လာ ရေးအဖွဲ့၏ ဒါရိုက်တာတစ်ဦး ဖြစ်သည်။
“ပြန်တဲ့သူတွေ နောက်တစ်ကြိမ် ပြန်ထွက် သွားမယ်ဆိုရင်လဲ ပတ်စ်ပို့ယူ တဲ့ကိစ္စတွေ လိုအပ်တဲ့ စာရွက်စာတမ်း ကိစ္စတွေ ဒီထက်ပို ချောမွေ့အောင် ဒါမှ မဟုတ်ရင်လဲ ပိုဈေးသက်သာအောင် ကူညီပေးနိုင်တယ် ထင်ပါတယ်”ဟု ဦးအောင်သူငြိမ်းက ပြောသည်။
မြန်မာတာဝန်ရှိသူများက မိမိတို့ နိုင်ငံသားများအတွက် လုံခြုံစိတ်ချရရေး နှင့် အခြားလိုအပ်ချက်များသိရှိရန် ပြန် လာသူများကို သုတေသနပြုလုပ်ပြီး ထိုင်းနှင့် အသေးစိတ် ဆွေးနွေးနိုင်လျှင် ပိုကောင်းမည်ဖြစ်ဟု ဦးအောင်သူငြိမ်း က ပြောသည်။

“ဘာတွေအခက်အခဲရှိသလဲ ဘယ်လို ကိစ္စမျိုးတွေ လစ်ဟာမှုရှိသလဲပေါ့ အဲဒါမျိုးဆိုရင် နောက်တစ်ကြိမ် ထိုင်း နဲ့ပြန်ပြီးတော့ အလုပ်သမားကိစ္စ ဆွေးနွေး တဲ့အချိန်မှာ ကိုယ့်ဖက်က ပိုပြီးတော့ တိတိကျကျ ဆွေးနွေးနိုင်တဲ့ အနေ အထားရှိတာပေါ့”ဟု ၎င်းက ပြောသည်။
ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကမူ တိုင်းတွင်းသားများ အလုပ်အကိုင် အခွင့်အလမ်း အကောင်းဆုံးရရန် ကြိုးစား ဆောင်ရွက်နေကြောင်း ပြောသည်။
“မကြာမီကာလအတွင်း မိဘရင် ခွင်ထဲ ပြန်ရောက်မှာပါလို့ နှစ်သိမ့်ပေး ချင်ပါတယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။