မေတ္တာမြို့ မြေမြှုပ်မိုင်းအန္တရာယ် အမြင့်ဆုံး

0
697

ထားဝယ်ခရိုင်တွင် မြို့နယ်သုံးခုကို မြေမြှုပ်မိုင်းနှင့် စစ်ကြွင်းစစ်ကျန် လက် နက် ခဲယမ်းအန္တရာယ်ရှိ ဧရိယာများကို စစ်တမ်းကောက်ယူခဲ့ရာ ထားဝယ်မြို့ နယ်အတွင်းရှိ မေတ္တာမြို့တွင် အန္တရာယ် အမြင့်ဆုံးဖြစ်ကြောင်း စစ်တမ်းကောက် ယူနေသည့် အဖွဲ့ထံမှ သိရသည်။
မြေမြှုပ်မိုင်းနှင့် စစ်ကြွင်းကျန် လက်နက်ခဲယမ်းများ စာရင်းကောက်ယူ နေသည့် Mines Advisory Group (MAG) က ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်းနှင့် ရေဖြူမြို့ နယ်တို့ရှိ စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ် သည်။

“စစ်တမ်းအရကတော့ မေတ္တာမြို့ က အန္တရာယ် အမြင့်ဆုံးနေရာဖြစ်နေ တယ်”ဟု(MAG) မှ လူထုအခြေပြု ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် နော်အဲလစ် ဇဘက်က ပြောသည်။
မြို့နယ် ၃ ခုမှ ကျေးရွာပေါင်း ၁၁၃ ရွာကို ကနဦး စစ်တမ်းကောက်ယူမှုများ လုပ်ဆောင်ပြီး စံသတ်မှတ်ချက် အချက် ၆ ချက် နှင့်ပြည့်စုံသည့်ကျေးရွာ ၆၁ ရွာကို အသိပညာပေးလျက်ရှိကြောင်း ၎င်းကပြောသည်။

စစ်တမ်းကောက်ယူခဲ့သည့် ဒေသ များမှ ဒေသခံများသည် အန္တရာယ်ရှိမှန်း သိသော်လည်း လျစ်လျူရှုနေထိုင်ကြပြီး ကလေးအချို့သည် မပေါက်ကွဲသေး သည့် စစ်ကြွင်းကျန်လက်နက် ခဲယမ်း များကို အိမ်သို့ယူလာလေ့ရှိကြောင်း ၎င်းက ပြောသည်။
ကျေးရွာအတွင်း အမြဲတမ်းနေထိုင် ပြီး အမှန်တကယ်မိမိဒေသအကြောင်းနားလည်သူများ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ရှေ့နောက်မီ လူကြီးများစသဖြင့် ဒေသခံများကို တစ်ရွာတွင် ၁၅ ဦးခန့်ကို မေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ပြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ထပ်မံစစ်တမ်းကောက်ယူမှုများ ပြုလုပ် သွားရန်ရှိကြောင်း နော်အဲလစ်ဇဘက်က ဆိုသည်။

Mines Advisory Group သည် မြေမြှုပ်မိုင်းနှင့် စစ်ကြွင်းကျန်လက်နက် ခဲယမ်းများအကြောင်းကို စစ်တမ်း ကောက် ယူခြင်း၊ အသိပညာပေးခြင်းနှင့် ဒေသလုံခြုံရေးမြေပုံဆွဲခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။