ဗိုလ်မှူးကြီးဗထူးရုပ်ထု ဇာတိမြေ ရောက်တော့မည်

0
356

မွေးရပ်ဇာတိမြေတွင် ထားရှိမည့် ဗိုလ်မှူးကြီးဗထူး ရုပ်ထုကို မကြာမီ ရက် ပိုင်းအတွင်းထားဝယ်သို့ သယ်ဆောင် လာတော့မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဗထူး ရာပြည့်ကော်မတီထံမှ သိရသည်။
အလေးချိန် ၃ တန်ခွဲခန့်ရှိသည့် ဗိုလ်မှူးကြီးဗထူး ကြေးရုပ်ထုကို ရန်ကုန်မြို့မှ ကားဖြင့် သယ်ဆောင်လာ မည်ဖြစ်ပြီး ထားဝယ်မြို့တွင် အခမ်း အနားဖြင့်ကြိုဆိုကာ ဘုရားကြီးဝင်း အတွင်း တစ်ရက်ခန့်ထားရှိသွားမည် ဖြစ်ကြောင်း ရာပြည့်ကော်မတီ နာယက နှင့် ရုပ်ထု ထုလုပ်ရေးတာဝန်ခံက ဆိုသည်။

နောက်ရက်တွင် အဆိုပါ ရုပ်ထုကို ထားဝယ်မြို့အတွင်း လှည့်လည်မည်ဖြစ် ပြီးဗိုလ်မှူးကြီးဗထူး၏ ဇာတိရွာဖြစ် သည့် လေးသွန်းခံရွာကို အခမ်းအနားဖြင့် သယ်ဆောင်သွားမည်ဖြစ်ကြောင်း ရာပြည့်ကော်မတီ နာယကနှင့် ရုပ်ထု ထုလုပ်ရေးတာဝန်ခံ ဦးထွန်းကြည်က ပြောသည်။
ကြေးရုပ်ထုကို ဗိုလ်မှူးကြီးဗထူး၏ မွေးရပ်မြေ လေးသွန်းခံရွာရှိ ရာပြည့်မော် ကွန်းဥယျာဉ်တွင် ထားရှိသွားမည် ဖြစ် ကြောင်း ၎င်းကဆိုသည်။

“ဖွင့်ပွဲကိုတော့ မလုပ်နိုင်သေးဘူး ထင်တယ်၊ ကျန်တာတွေလည်း ပြင်ဆင် ရဦးမယ်”ဟု ဦးထွန်းကြည်က ပြောသည်။
သွန်းလုပ်ထားသည့် ကြေးရုပ်ထု မှာ အမြင့် ၁၅ ပေရှိပြီး လေးသွန်းခံရွာရှိ ပေ ၁၅၀ ၊ ပေ ၂၅၀ ခန့် အကျယ်ရှိ ဗိုလ်မှူးကြီးဗထူးရာပြည့် မော်ကွန်း ဥယျာဉ်တွင် ထားရှိမည်ဖြစ်သည်။

ရာပြည့်မော်ကွန်းဥယျာဉ် အဝင် လမ်း ၅ ဖာလုံခန့်ကို လမ်းခင်းပေးမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆို ခဲ့ဖူးသော်လည်း လက်ရှိအချိန်ထိ မခင်း နိုင်သေးကြောင်း ဗိုလ်မှူးကြီးဗထူး ရာ ပြည့်ကော်မတီထံမှ သိရသည်။
ထားဝယ်ဒေသမှာကဲ့သို့ပင် ဗိုလ်မှူးကြီးဗထူး၏ ၁၀၁ နှစ် ပြည့် မွေး နေ့ အထိမ်းအမှတ်အဖြစ် ၎င်း၏ ပုံတူ ကြေးရုပ်တုကို၎င်းကျဆုံးရာ မြို့နယ် ဖြစ်သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ရှိ ဗထူးရင်ပြင်တွင်လည်း ဇူလိုင် ၁၂ ရက် က စိုက်ထူခဲ့ကြောင်း သိရသည်။