ကျွန်တော်တို့ မျှော်လင့်နေကြပါသည်

0
501

အခက်အခဲ ရှိနေတာလည်း နား လည်ပါသည်။ ဒါလေးတွေတော့ သိစေ ချင်ပါသည်။
ရုတ်တရက် မရွယ်ဘဲ စော်ကဲ မင်း ဖြစ်ရခဲ့သည် ဆိုပါစို့။ ရုတ်တရက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဆိုသလို ဖြစ်ရတာကိုလည်း ကျွန်တော်တို့တွေ နားလည်နိုင်ပါသည်။
အချိန်တော့ ပေးရမည်။ သို့သော် အတိုင်းအတာတစ်ခုတော့ ရှိရမည်ဖြစ် သလို ကတိကဝတ်နှင့် တည်တည် တံ့တံ့ လုပ်ကြတာ မျိုးတော့ မျှော်လင့်နေကြပါ သည်။

အချိန်တွေ ဘယ်လောက်ကြာကြာ ဘာအလုပ်မှ မဖြစ်ပါဘဲ ငါတို့ လုပ်နေ ကြတာပဲ မမြင်ဘူးလားဟု တိုင်ပတ်ပြေး လို့ ချွေးကျပြနေတာလည်း မမြင်လိုလှ ပါ။ အချို့ အလုပ်တွေကို ကိုယ်တိုင် ချွေး အကျခံပြီး အောက်ခြေအထိ ဆင်း လုပ်ပြနေဖို့လည်း မလိုအပ်ပါ။ အပြ ကောင်းဖို့ အခမ်းအနားတွေ တက်ရင်း အချိန်တွေ ဖြုန်းနေတာလည်း မမြင်လိုပါ။
မိမိတို့ဘာသာမိမိတို့ ရေတို၊ ရေ ရှည် ရည်မှန်းချက်တွေနှင့် သပ်သပ်ရပ် ရပ်ခန့်ခန့်ညားညားလုပ်နေကြတာမျိုး မြင်လိုလှပါသည်။
တစ်နှစ်တာ စောင့်ကြည့်ကာလ စောင့်ကြည့်နေရင်းသာ အချိန်တွေကုန် လာသည်။ ဘာမှကိုအကွက် မဖော်နိုင် ခဲ့ကြ။ အိမ်း၊ ဆိုခဲစေ မြဲစေဆိုသလို အချိန်ပေးလို့ ကြည့်နေတာပဲ ဖြစ်မှာပါ လေလို့ ကျွန်တော်တို့တွေ ဖြည့်တွေး သည်။ ဘာမှ လက်ဆုပ်လက်ကိုင် မပြ နိုင်ခဲ့။ မယ်မယ်ရရအလုပ်တွေ ဟန်းနီး မွန်းကာလ ရက်တစ်ရာမှာ ပြဖို့ မရှိခဲ့။

ထားခဲ့သော၊ ပေးခဲ့လေသော ကတိ စကားတွေ ဝေ့ဝေ့ဝဲဝဲ ရှိလာသောအခါ ကျွန်တော်တို့တွေ အံ့ဩလို့လာသည်။ အဆိုးတကာ့ အဆိုးဆုံးက မိမိစကား အမှားကို မိမိဝန်မခံရဲသလို အမယ်အိုကို အကာအကွယ်ပြုကာ မျက်နှာလွှဲခဲပစ် လက်တန်းစကားတွေ လူထုအကြား ပြော လာ ဆိုလာခြင်းကို ကျွန်တော်တို့တွေ အံ့မဆုံး။
ဆိုပါစို့ ပေးခဲ့လေသော မီတာခ တစ်ယူနစ် ကျပ်တစ်ရာ အောက် လျှော့ချ မည့်ကတိကဝတ်ကို ပြီးလွယ်စီးလွယ် သဘောထားလို့သာပြီးသွားခဲ့တာမျိုး။
ဆန်စင်ရာ ကျည်ပွေ့လေသော အချို့ ကိစ္စတွေကိုလည်း တွေ့ကြရသည်။ မလိုအပ်သော အဆင့်က မဖြစ်သင့်တာ ဖြစ်လာသောအခါမှ အရေးတကြီး ထထ လုပ်ပြကြတာမျိုး။
ထားပါတော့။

ဘာကိုဘာမှ မလုပ်သော ကျွန်တော် တို့ဆီမတော့ အဲသလိုအဖြစ်တွေ မတွေ့ ကြရလို့ ဆိုနိုင်သည်။ မဖြစ်ခင်က ဖြစ် တန်စွမ်းကို မသုံးသပ်ပါဘဲ ဇွတ်တရွတ် လုပ်ပြီးပါမှအမြီးကျမှတစ်ရသော အဖြစ် တွေ တွေ့ကြရသလို လူမှုကွန်ရက်မှာ ပါလာသမျှ လိုက်ပွတ်ရသော ကျည်ပွေ့ အဖြစ်ကလည်း အားမရစရာ။
ကျွန်တော်တို့တွေ သည်အတွက် သည်အလုပ်ကို လုပ်တယ်။ ရေတိုမှာ ရှိနေနိုင်မဲ့ ကောင်းကျိုး ဆိုးပြစ်တွေက သည်သို့၊ ရေရှည်မှာ ရလာမဲ့ အကျိုးနဲ့ အပြစ်က သည်သို့ စသဖြင့် ခိုင်ခိုင်မာမာ ချပြပြီး ရဲရဲဝံ့ဝံ့ လုပ်ပြနိုင်သော ခေါင်း ဆောင်မျိုး ကျွန်တော်တို့တွေ လောက် လောက်လားလား မတွေ့။ အချို့ဆိုလျှင် လည်း လက်ခုပ်သံကြားမှာ ကွေးအောင် ကပြီး မူလ မိမိအလုပ်နဲ့ တာဝန်ကို မိမိ တို့ မေ့သွားသည်။
နဂါးနိုင်မင်း မောင်ပေါက်ကျိုင်း ပုံပမာအလား နဂါးသေသောအခါ နဂါး တွေဖြစ်လာသည်။ မိမိတို့ အဲသည်နေရာ ကိုရောက်ဖို့ ထမ်းပိုးတွန်းတင်ခဲ့ကြသူ တွေကို မေ့သွားသည်။ အဲသည်နေရာ သည် မိမိဘာသာမိမိ ဖုတ်သွင်းရထား ဆိုက်လို့သာ ရလာသယောင်ယောင် ထင် လာသောအခါ ကျွန်တော်တို့တွေ ခေါင်း လည် တခါခါ ဖြစ်ကြရတော့သည်။

ရံဖန်ရံခါသော အလုပ်တို့သည် အံ့ဩဘနန်း ဖြစ်ရလောက်အောင် ချာတူး လန်နေတာလည်း တွေ့ကြရသည်။ Statistics အရ လုပ်ခဲ့ကြသော လှေခါး ထစ် ဥပမာလို လှေခါးထစ်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးအထစ်မှာ ခြေချော်ကျတာ အဖြစ်များဆုံး ဆိုတာနဲ့ အဲသည် ပထမနဲ့ နောက်ဆုံးလှေခါးထစ်တွေကို ဖြုတ်လိုက် လို့ ညွှန်ကြားချက်တွေမျိုး များစွာ တွေ့လာကြရလေသောအခါ စိတ်မှာ မချင့်မရဲ။ ယာဉ်တိုက်မှု ဖြစ်လာတော့မှ YBS ၅၅ ယာဉ်လိုင်းကို ဖြုတ်သိမ်းတာမျိုးroot cause ဇစ်မြစ်ကိုမရှာပါဘဲ လုပ်ချင် ရာ လုပ်တာတွေက ထုနဲ့ဒေး။

ငါးလေလံကို သည်မှာဘက်က အခြေခံ အဆောက်အဦတွေ အားလုံး ရှိနေပြီးမှ ကိုယ့်ဒေသဆီ ဆွဲသွားတာမျိုး တွေ လက်လွတ် လုပ်တာများ တွေ့လာ ကြတော့ ထောက်ပြဝေဖန်ကြပြန်သည်။ မဝေဖန်ရဆိုသည့် တည်မြဲအမိန့်ကို တွေ့ ကြရလေသောအခါ အားလုံး လက်တွန့် လို့ သွားကြရသည်။ မပြောချင် မဆိုချင် ကြတော့။ လုပ်လည်းမလုပ် ၊ လုပ်တော့ လည်းတလွဲပြောလို့ဆိုလို့လည်း မရသော အခါ ကျွန်တော်တို့အဖို့ လုပ်စရာများများ မကျန်တော့။
“ငါးပိသည်အိပ်ပျော်နေလို့ ဆား သည်က ယင်မောင်းကြရတာပါဗျာ”လို့ တစ်ယောက်က ဆိုပါသည်။ ငါးပိသည် က အိပ်နေတုန်းက ဘာမှမသိပေမဲ့ အိပ်ရာက နိုးလို့ ဆားသည် ယင်မောင်း ပေးနေတာကို တွေ့ရသောအခါမှသူ့အလုပ် ဝင်ရှုပ်နေပါသည်ဟု ထထအော်လေသော အခါ ဆားသည်ခမျာ လုပ်မရတော့။

ကိုယ့်အင်ကိုယ့်အားနှင့် ကိုယ့်ရည် မှန်းချက်တွေနှင့် အလုပ်တွေ လုပ်နေသော ပြည်သူ့အစိုးရလက်ထက်မှာ ကျွန်တော် တို့တွေ ဘာမှ ပြောဖို့မလိုပါ။ သူတို့ လို အပ်သောနေရာ ကွက်လပ်တွေမှာ ဖြည့် ဆည်းကူညီပေးကြဖို့ရာ အရန်အသင့် ကျွန်တော်တို့တွေ စောင့်နေကြပါသည်။
အခက်အခဲ ရှိနေတာလည်း နား လည်ပါသည်။ ဒါလေးတွေတော့ သိစေ ချင်ပါသည်။
ရုတ်တရက် မရွယ်ဘဲ စော်ကဲ မင်း အဖြစ် ရခဲ့သည် ဆိုပါစို့။ ရုတ်တရက် တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဆိုသလို ဖြစ်ရတာကိုလည်း ကျွန်တော်တို့ တွေ နားလည်နိုင်ပါသည်။ အချိန်လည်း ပေးစောင့်လည်း စောင့်နေကြပါသည်။

ထိုင်နေသော အစိုးရ၊ တိုင်ပတ်ပြေး လို့ ချွေးကျနေသော အစိုးရ၊ ဆန်စင်ရာ ကျည်ပွေ့နေသော အစိုးရ၊ လှေကား ပထမနှင့် နောက်ဆုံးအဆင့် ဖြုတ်သော အစိုးရမှသည် မိမိဘာသာ မိမိ တည်တည် တံ့တံ့ ရည်မှန်းချက်လေးတွေ ချပြီး ပွင့် လင်းမြင်သာ မှုရှိစွာ ထိန်းကွပ် ရှေ့ဆက် နိုင်ကြမည့် တစ်ချိန်ကို ကျွန်တော်တို့ မျှော်လင့်နေကြဆဲ ဖြစ်ပါ၏။