ကွက်လပ်တိုင်း ဌာနီ

0
775

“ရှင်ဂွမ်းဂွိ နုတ်ထွက်တော့မယ်”
အဲဒါ တိုင်းဌာနီအတွင်း လူအပြော များဆုံးသတင်း ဖြစ်နေတယ်။ ရှင်ဂွမ်းဂွိ ဆိုတာက ဒီတိုင်းဌာနီရဲ့ ဥသျှောင်ဆိုတော့ ပြောကြမှာ ပေါ့လေ..။
တိုင်းသားအားလုံးကတော့ ရှင်ဂွမ်း ဂွိ ဘာကြောင့် နုတ်ထွက်မယ်ဆိုတာ သိ နေကြတယ်။ တိုင်းဌာနီထဲ လောင်စာတွေ ပြတ်လပ်နေပြီလေ..။ တိုင်းသားတွေ ထအော်နေကြပြီလေ..။ ရှင်ဂွမ်းဂွိကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ဝိုင်းဆဲ နေကြ ပြီလေ..။

လောင်စာမရှိတော့ ဘာနဲ့ ချက်ပြုတ် စားသောက်ကြမလဲ..၊ ဘယ်လို အလုပ် လုပ်လို့ ရတော့မလဲ စသဖြင့်။ နောက်ဆုံး လောင်စာ ပြတ်သွားရတဲ့အဖြစ်အပျက်ကို အကြောင်းပြုပြီး တိုင်းဌာနီထဲ တရား ဥပဒေ ပျက်သုဉ်းတော့မယ့်အထိ။
ဖြစ်ပုံက ဒီလို..။

နေပြည်တော်နဲ့ ဝေးလံလှတဲ့ ဒီတိုင်း ဌာနီမှာ လောင်စာဈေးကြီးလှတာက တက်သမျှ တိုင်းဥသျှောင်တွေအတွက် စိန်ခေါ်မှုတစ်ခု။ မင်းနေပြည်တော်ကလည်း လောင်စာကိစ္စသူ့ဘာသာသူ လုံးပန်းနေရ တော့ ဒီတိုင်းဌာနီကို စောင်မနိုင်တယ် မရှိ။
ဒါပေသိ မင်းနေပြည်တော်လောင်စာ ဈေးနဲ့ ဒီတိုင်းဌာနီလောင်စာဈေးက ဆယ် ပုံတစ်ပုံလောက် ကွာနေတယ်။ နောက်ပြီး အဲလောက် ဈေးကြီးတာတောင် လောင်စာ က ပြတ်တစ်ခါ ငတ်တစ်ခါ။ ဒါကို ရှင်ဂွမ်းဂွိတို့ တိုင်းဥသျှောင်အဖွဲ့က မင်းနေပြည်တော်နဲ့ သာတူညီမျှ ကိစ္စ ပြန် မပြောရဲ။ ဘာကြောင့်ဆို သူတို့ တိုင်းဥ သျှောင်အဖွဲ့ဆိုတာ မင်းနေပြည်တော်က လှမ်းခန့်ထားတာကိုး။ အငြိုငြင် မခံ နိုင်ရှာဘူးရယ်လေ..။

ရှင်ဂွမ်းဂွိကတော့ သူ့နည်းသူဟန်နဲ့ ကြိုးစားရှာတယ်ပြောရမလား။ တိုင်း ဥသျှောင်ဖြစ်ပြီး မကြာခင်မှာပဲ လောင် စာဈေး ချပေးနိုင်တော့မယ်လို့ တိုင်းဌာ နီမှာ ကြေညာလာတယ်။ လောင်စာကို ဈေးလျှော့ တင်သွင်းနိုင်မယ့် ကုန်သည် တစ်ယောက်က တွေ့ထားပြီ ဆိုလာတယ်။ အရင်ကုန်သည်ဟောင်းနဲ့ စာချုပ်သက် တမ်းကုန်တာနဲ့ လောင်စာဈေး သုံးပုံ နှစ် ပုံလျှော့ပြီး ပေးမယ်ဟေ့လို့ တိုင်းဌာနီမှာ ကြေညာ မောင်းခတ်တယ်။
တိုင်းသားတွေကတော့ ဈေးလျှော့ လို့ ရင်မခုန်ကြပါဘူး။ ဘာကြောင့်ဆို လျှော့တယ်ဆိုတဲ့ဈေးက မင်းနေပြည်တော်နဲ့ စာရင် ၇ ပုံ ၁ ပုံလောက် ကွာနေသေးတာကိုး။ အရင်လို ပြတ်တစ်ခါ ငတ်တလှည့် မဖြစ် ဖို့ဘဲ ဆုတောင်းခဲ့ကြ။

ရှင်ဂွမ်းဂွိတို့ တိုင်းဥသျှောင်အဖွဲ့ ကတော့ လေကြီးမိုးကြီး ပြောသလား မမေးနဲ့။ အရင်လို မဖြစ်စေရဘူး၊ လောင် စာ ပေါပေါလှိုင်လှိုင် ရကို ရစေမယ်က တစ်ပြားသားတောင် လျှော့မပြောဘူး။ ပြောထားတဲ့နေ့ အတိအကျ ပေါလှိုင်စေ ရမယ်ဆိုခဲ့လေရဲ့။
ဒါပေမဲ့တကယ့်တကယ် ရှင်ဂွမ်းဂွိ တို့ ပြောတဲ့နေ့ကျတော့ လောင်စာက တိုင်းဌာနီကို အလုံအလောက် ရောက် မလာ။ အရင်ထက်တောင် ပိုဆိုးလာသေး။
အဲမှာ တိုင်းသားတွေ ထအော်ကြ။

“ရှင်ဂွမ်းဂွိ ဘယ်လို လုပ်ချလိုက် တာလဲ..။ ပြောတော့ မိုး၊ ထိုးတော့ မြေ ကြီး.. လေအိုးကြီးဟေ့ လေအိုးကြီး”
အဲလိုတွေ သည်းမခံနိုင်ဘဲ အော်ကြ။ တိုင်းသားတွေနစ်နာကြေးအတွက် လောင်စာကုန်သည်ဆီက အလျော် တောင်းဖို့ လေအိုးကြီး..(အဲလေ) ရှင်ဂွမ်း ဂွိတို့ တိုင်းဥသျှောင်အဖွဲ့နဲ့ လောင်စာ ကုန်သည် ချုပ်ထားတဲ့ စာချုပ်ကို တောင်း ကြပါလေရော..။
အဲမှာ ရှင်ဂွမ်းဂွိတို့ တကယ်ကို ဂွမ်းပြီး ဂွိတော့တာပါပဲ..။

ဘာကြောင့်လဲ။ စာချုပ်က အတည် ပေါက်ကြီး နောက်ထားသလိုလေ..။ ရှုပါ။
“လောင်စာကုန်သည်မှ တစ်နေ့ လောင်စာ ( ) တင်သွင်းပေးရမည်” ဆိုပဲ။ ကွက်လပ်စာချုပ်ကြီးလေ..။
အဲဒီကွက်လပ်ထဲ ကုန်သည်က (ဖယောင်းတိုင် တစ်တိုင်) လို့ ဖြည့်လိုက် ရင် ရှင်ဂွမ်းဂွိ မဂွမ်းမဂွိ ခံနိုင်ရိုးလား။ ဆက်ဖတ်ပါဦး။
“ကုန်သည်မှ လောင်စာကို( )နေ့တွင် စတင် တင်သွင်းရန် ကတိပြုပါ သည်” တဲ့။ (လက်မှတ်ထိုးသည့်နေ့မှ နောင်နှစ် ၁၀ ကြာပြီးသည့်)နေ့တွင်လို့ ဖြည့်လိုက်ရင် ရှင်ဂွမ်းဂွိ ခြေဆောင့်ထိုင်ငို ရုံကလွဲပြီး ဘာတတ်နိုင်မှာတုန်း။

“ဤစာချုပ်သည် ( )နေ့တွင် သက် တမ်းကုန်ဆုံးသည်” တဲ့လေ။ ဘယ်နှစ်နှစ် ထည့်ရေးချင်လဲပြော။ စာချုပ်က နှစ်ဦး နှစ်ဘက် တစ်ရွက်ချင်းစီ လက်မှတ်ထိုး ပြီးသား။ တစ်ယောက် သဘောမတူရင် နောက်တစ်ယောက် ဘယ်လို ဖြည့်မှာတုန်း။
စာချုပ်အရဆို ကုန်သည်ကို အရေးယူဖို့၊ အလျော်တောင်းဖို့ မပြောနဲ့၊ အလုပ်မဖြစ်ရင် စာချုပ်ဖျက်သိမ်းပေးဖို့ ထိုင်ကန်တော့ရုံကလွဲပြီး ဘာမှ မတတ် နိုင်။
အဲဒီစာချုပ်လည်း တိုင်းသားတွေ သိရော..၊ ရှင်ဂွမ်းဂွိအတွက် ပို့သလိုက်တဲ့ မေတ္တာတွေ..။

“ရှင်ဂွမ်းဂွိရေ . . ညောင်းညောင်း..” ဘာညာပေါ့..။
ကြားထဲ ရှင်ဂွမ်းဂွိနာမည်လည်း ဟိုးလေးတကျော် ဖြစ်သွားလေရဲ့။ “ကွက်လပ်ဥသျှောင်အဖွဲ့”ဆိုပြီးလေ။ တိုင်းသားတွေလည်း ရှင်ဂွမ်းဂွိတို့ကို အတုခိုးပြီး စာချုပ်တွေမှာ ကွက်လပ်တွေ ချန်ပေးဖို့ တောင်းဆိုလာကြတယ်။
“အခွန်စာရွက်မှာ ကွက်လပ် ချန်ပေးပါ။ ပေးသွင်းရမည့် အခွန်ငွေ ( ) ကို ( )နေ့တွင် နောက်ဆုံးထားပေး သွင်းရန် ကတိပြုပါသည်လို့ ရေးပေးပါ”

“တရားသူကြီးမင်း ခင်ဗျာ။ ထောင်ဒဏ်( ) နှစ်ကို ( ) ရက်မှစ ကျခံ စေလို့ အမိန့်ချပေးပါ”
စသဖြင့် စသဖြင့်..။ တိုင်းဌာနီကြီး မှာ ကွက်လပ်တွေ ကြီးစိုးလာတော့တယ်..။
ကာလသားတွေဆို ရှင်ဂွမ်းဂွိဆီ ကွက်လပ်စာလွှာတွေ ပို့တဲ့အထိ ထိန်း မနိုင်သိမ်းမရ ဖြစ်လာတယ်။
“ရှင်ဂွမ်းဂွိ၏ သမီးတော်ရှင်ဂွမ်း ကလိကို ကျွန်တော်တို့ ( )ချင်တယ်”
ရိုင်းလှချည်လားဆိုပြီး ရှင်ဂွမ်းဂွိက ခေါ်မေးတော့ ကာလသားတွေက ကွက် လပ်ထဲ ( ခေါင်းဆောင်ဖြစ်စေ) လို့ ဖြည့် ကြသတဲ့။

ရှင်ဂွမ်းဂွိခမျာ တစ်နေ့တစ်နေ့ ကွက်လပ်စာတွေဖတ်ဖတ်ပြီး၊ ကွက်လပ် စာချုပ်ကြီးအကြောင်း တွေးတွေးပြီး စိတ်သောက ရောက်တိုင်း ဆောင့်ဆောင့် ငိုရလွန်းလို့ မျက်ခွံတွေ ပေါက်ထွက် မတတ် မို့အစ်နေတယ်ဆိုတဲ့ သတင်းက ဖုံးမနိုင်ဖိမရ..။
နောက်ဆုံးတော့ ဥသျှောင်အဖြစ်က နုတ်ထွက်တော့မယ် ဖြစ်လာရော..။ နုတ် ထွက်တော့မယ်ဆိုတော့ တိုင်းသားတွေက ချီးကျူးကြတယ်..။ တာဝန်ခံရဲတယ် ပေါ့..။

ဒါပေမဲ့ ရှင်ဂွမ်းဂွိရဲ့ နုတ်ထွက် ကြောင်း ကြေညာချက်လည်း ထွက်လာ ရော တိုင်းသားအားလုံး ဟာခနဲဟင်ခနဲ ဖြစ်ကုန်ကြရော..။ ရှုပါ။
“ရှင်ဂွမ်းဂွိသည် တိုင်းဌာနီဥသျှောင် အဖြစ်မှ ( )နေ့တွင် နောက်ဆုံးထား နုတ်ထွက်မည်ဟု ကြေညာပါသည်”တဲ့။
အောက်မှာ မှတ်ချက်က ပါသေး။

“ဤကြေညာချက်ပါကွက်လပ်ကို ရှင်ဂွမ်းဂွိမှလွဲ၍ မည်သူမျှ ဖြည့်ခွင့် မရှိ”
ဗျာ..၊ ဘယ်နိုင်ငံက ဘယ်တိုင်းဌာနီ လဲ ဟုတ်လား။
( )နိုင်ငံတော်က ( )တိုင်းဌာနီ ကြီးရဲ့ အဖြစ်အပျက်ပါခင်ဗျ။