ရာသီပေါ်သီးနှံများ ထိုင်းလက်မခံသည့်အတွက် တောင်သူများ အခက်တွေ့

0
347

ရာသီပေါ်သီးနှံများကို ထိုင်း နယ် စပ်ဂိတ်က ဝင်ခွင့်မပေးသဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးနယ်စပ်အနီးတွင် စိုက်ပျိုးကြသည့် ဒေသခံတောင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း တောင် သူအချို့က ပြောသည်။
ယမန်နှစ်က ထိုင်းနိုင်ငံဘက်က ဝယ်လက်များ ရှိခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့ ရောင်းချခွင့် မရှိတော့သဖြင့် စိုက်ပျိုးပြီး သီးနှံများကို ရိတ်သိမ်းရန်ပင် မတတ်နိုင်တော့ကြောင်း နှစ်နိုင်ငံနယ် စပ်အနီးရှိ ကတ္တရာခီးရွာ (မြန်မာဘက်)နေတောင်သူ ဦးလှခင်က ဆိုသည်။

“အရင်နှစ်ကတော့ ထိုင်းဘက်က ဝယ်သေးတယ်၊ ဒီနှစ်ကတော့ သူတို့ ဘက်ကို လုံးဝ အဝင်မခံတော့ဘူး” ဟု ဦးလှခင်က ပြောသည်။
အဆိုပါဒေသနေ တောင်သူများမှာ ပြောင်း၊ ရွှေဖရုံသီး၊ ငှက်ပျောသီးနှင့် အခြား ရာသီပေါ်သီးနှံများကို စိုက်ပျိုး ကြပြီး ထိုင်းနိုင်ငံမှ ကုန်သည်များကို ရောင်းချသည်။
စိုက်ပျိုးထားသည့် ပြောင်းဖူးများ ကို ထိုင်းနိုင်ငံက အဝင်မခံတော့သည့် အတွက် ထားဝယ်ဘက်ကို ရောင်းချနေရ ကြောင်း အလယ်စတို (ကတ္တရာခီး ကျေး ရွာအုပ်စု)နေ တောင်သူ ဒေါ်နင်းလာက ဆိုသည်။

ကတ္တရာခီးကျေးရွာသည် ထားဝယ် မြို့ကို မိုင် ၉၀ ခန့် အကွာအဝေးရှိပြီး ထိုင်းနိုင်ငံနှင့် ၃ မိုင်ခန့် အကွာတွင် တည်ရှိသည်။
ထားဝယ်ဘက်ကို ရောင်းချပါက ပြောင်းဖူးတစ်ကီလိုလျှင် ထိုင်းငွေ ၅ ဘတ်ဈေးရှိပြီး ထိုင်းဘက်ခြမ်းတွင်မူ ၇ ဘတ် ရရှိကြောင်း ၎င်းကဆိုသည်။
ဒေသခံများ စိုက်ပျိုးထားသည့် ငှက်ပျောသီးနှင့် ရွှေဖရုံသီးများကိုလည်း ထိုင်းဘက်က ဖြတ်သန်းခွင့် မပြုတော့ သည့်အတွက် မရောင်းရတော့ကြောင်း ဒေသခံတောင်သူ အချို့က ဆိုသည်။

တောင်သူများ တစ်ဦးတစ်ယောက် ချင်း ရောင်းချပါက အဆင်မပြေသည့် အတွက် စိုက်ပျိုးသူများ အသင်းဖွဲ့ကာ ယင်းအသင်း ထောက်ခံချက်ဖြင့် ရောင်း ချရန် ထိုင်းနိုင်ငံဘက်မှ လာရောက် ဆွေးနွေးထားမှုများရှိကြောင်း ထီးခီး နယ်စပ်ရှိကုန်သွယ်ရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း ခိုင်က ဆိုသည်။

“စိုက်ပျိုးသူများ အသင်းအဖွဲ့တွေ ဖွဲ့ပြီး ထောက်ခံချက်နဲ့ ရောင်းစေချင် တယ်လို့ ဆွေးနွေးတာရှိတယ်” ဟု လ/ထညွှန်ကြားရေးမှူး ဦးအောင်ဝင်း ခိုင်က ပြောသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသား ကုန်သည်အချို့က ဒေသထွက် ငရုတ် သီးတစ်မျိုးတည်းကိုသာအနည်း အကျဉ်းလာဝယ်နေပြီး ငရုတ်သီးတစ်ကီ လိုလျှင် ထိုင်းငွေ ၇၅ ဘတ်ခန့် ပေါက် ဈေးရှိကြောင်း သိရသည်။