ကျောက်မီးသွေးသုံးMCLဘိလပ်မြေစက်ရုံကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုအခြေအနေလစဉ် စစ်ဆေးမည်

0
423

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ကျောက်မီးသွေးလောင်စာသုံး လည်ပတ်နေသည့်မော်လမြိုင် ဘိလပ် မြေစက်ရုံ Mawlamyine Cement Ltd. (MCL)ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အခြေအနေကို လစဉ် စစ်ဆေးသွားမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

MCLဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးအစား အခြားလောင်စာဖြင့် လည်ပတ်ရန် ဒေသခံများက အကြိမ် ကြိမ်ကန့်ကွက် တောင်းဆိုခဲ့ကြသော် လည်း ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျောက်မီးသွေးသုံး လောင်စာဖြင့် စီးပွားဖြစ် စတင်လည်ပတ်နေသည်။

“လစဉ် သွားစစ်ဆေးမယ်၊ ဒီစစ် ဆေး တွေ့ရှိချက်တွေကို ပြည်ထောင်စုကို အစီရင်ခံသွားမယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းကလည်း စက်ရုံကို လစဉ်စစ်ဆေးပြီး အစီရင်ခံတင်ပြရန်MCL သို့ လာရောက်စစ်ဆေးခဲ့သည့် ဇွန်လ ၂၇ ရက်က ညွှန်ကြားထားသည်။

MCL ဘိလပ်မြေစက်ရုံသည် စက်ရုံနှင့် ပတ်သက်ပြီး လူထုအား တွေ့ ဆုံရှင်းလင်းမှုအားနည်းသည့်အပြင် ပတ် ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာနှင့် ပတ် သက်သည့်များကိုလည်း လိုက်နာဆောင် ရွက်မှု အားနည်းနေသည်ဟု ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောသည်။
“ဥပဒေအတိုင်းပဲ လျှောက်မယ်၊ ပတ်ဝန်းကျင်ဥပဒေနဲ့ မညီဘူး၊ ညီတယ် ဆိုတာကိုလည်း ထောက်ပြနေမှာပဲ၊ ပတ်ဝန်းကျင်ဆိုင်ရာနဲ့ပတ်သက်တဲ့ အဆင့်တွေ အများကြီးရှိတယ်MCL ကအဲဒီအဆင့်တွေကိုကျော်ပြီး လုပ်ထား တဲ့အတွက်ကြောင့်ဒါတွေကိုလည်း ထောက်ပြနေမှာပဲ”ဟု ဒုတိယ ညွှန်ကြား ရေးမှူး ဦးစိုးနိုင်က ဆိုသည်။

အဆိုပါ စီမံကိန်းသည် ဒေသခံလူ ထုအားတင်ပြမှု အားနည်းသည့်အပြင် ကျောက်မီးသွေးလောင်စာသုံး လည်ပတ် နေခြင်းကြောင့် ဒေသခံလူထု၏ ကန့် ကွက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေသည်။
“ကျောက်မီးသွေးအစား အခြား လောင်သုံးပြီးလည်ဖို့ ကျွန်တော်တို့ ကန့် ကွက်နေတာ ကျောက်မီးသွေးကို လက် မခံနိုင်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဆန့်ကျင်နေတာ နောင်လည်းဆန့်ကျင် နေမယ်”ဟု ကျောက်မီးသွေးကို ဆန့် ကျင် ကန့်ကွက်နေသည့် ကျိုက်မရော ဒေသခံ နိုင်ရဲဇော်က ပြောသည်။

ကျောက်မီးသွေး အသုံးပြုခြင်းကို ရပ်တန့်ပေးရန်နှင့် ကျောက်မီးသွေးအစား အခြားလောင်စာသုံးပြီး စက်ရုံလည်ပတ် ပေးရန် ဒေသခံတို့က စုပေါင်းလက်မှတ် ထိုးပြီး မွန်ပြည်နယ်အစိုးရ၊ ပြည်နယ် လွှတ်တော်အပြင် နိုင်ငံတော် သမ္မတထံထိ စာတင်ပြ တောင်းဆိုထားခဲ့သည့်အပြင် ဒေသတွင်းတွင်လည်း ကျောက်မီးသွေး ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများ၊ ဆန္ဒပြတောင်းဆို မှုများလည်း ပြုလုပ် ခဲ့သည်။

လက်ရှိတွင် စက်ရုံအတွက် ကျောက်မီးသွေးတန်ချိန် ၂ သိန်းနီးပါးကို ရေကြောင်းမှတစ်ဆင့် တင်သွင်းထားပြီး တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ ထုတ်လုပ်လျက်ရှိသည်ဟု သိရ သည်။
ကျောက်မီးသွေးသုံး မော်လမြိုင် ဘိလပ်မြေစက်ရုံသည် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြုပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစု ရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိ က အကျိုးတူရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်း ဖြစ်သည်။

၂၀၁၁ ခုနှစ် မတ်လမှ ၂၀၃၆ ခုနှစ် မတ်လထိနှစ်ပေါင်း ၂၅ နှစ်ကြာ ထုတ် လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် လုပ်ငန်းစာချုပ်ချုပ်ဆိုပြီး ဆောင်ရွက် လျက် ရှိသည်။