အချိန်မျှော်ကြသူများ

0
693

အမေ့အိမ်ကို ပြန်နိုင်ဖို့ အချိန် ရှာ ဖွေနေတဲ့ သားသမီးတွေရှိတယ်။ တချို့ ကပြည်တွင်းက တစ်နယ်တစ်ကျေးမှာ။ တချို့က ဟိုးအဝေးကြီးက တိုင်းတစ်ပါး နိုင်ငံတွေမှာ။သားသမီးတွေ အိမ်ပြန်လာမယ့် အချိန်ကို မျှော်နေတဲ့ မိခင်တွေ ရှိတယ်။တချို့က မျှော်လင့်ချက် ရှိသေး တယ်။ တချို့က မျှော်လင့်ချက်မဲ့။

-၁-
မနက်ဝေလီဝေလင်း ကျောပိုးအိတ် ကြီးဆွဲပြီး အိမ်ပြင်ထွက်လာတဲ့ ကျွန်တော့်ကို နောက်ဖေးရေကန်မှာ မျက်နှာသစ်ပြီး အိမ်ပေါ် ပြန်တက်လာတဲ့ မေမေက အံ့ဩတဲ့လေသံနဲ့ ငါ့သားက ပြန်တော့မှာလားလို့ ဆီးမေးတယ်။

တကယ်တော့ တမြန်နေ့ အိမ်ပြန် မလာခင် ဖုန်းဆက်ကတည်းက အိမ်မှာ တစ်ရက်သာ နေနိုင်မယ်ဖြစ်ကြောင်း အမေ့ကို ပြောထားပြီးသား။ သို့ပေမယ့် သားကို အိမ်မှာနေစေချင်လွန်းတဲ့ အမေ့စိတ်ကို ကျွန်တော် ကောင်းကောင်း ဖတ်မိပြီးသားပါလေ။

ခုတစ်လော အမေ့ကျန်းမာရေး သိပ် မကောင်း။ အရင်ဖြစ်ဖူးတဲ့ လေနာက စိတ်ကူးပေါက်ရင် ထ ထ ဖောက်တယ်။ ငယ်ငယ်က အလုပ်ကြမ်းတွေ ကုန်းရုန်း လုပ်ထားရတဲ့ အမေ့ဒူးတွေ အမေ့ခါးတွေ အခု ၆၅ နှစ်နား ကပ်လာတော့ ဇရာက သတ္တိပြတယ်။ အငယ်ဆုံးညီက အမေ့နား ရှိနေပေမဲ့ သူလည်း သူ့အလုပ်ကိစ္စနဲ့ သူအိမ်မှာ အချိန်ပြည့် မနေနိုင်။ နောက် ညီတစ်ယောက်က အစိုးရဝန်ထမ်းဆို တော့ အိမ်ကိုပုံမှန်ပြန်လာဖို့ သိပ်မလွယ်။ အစ်ကိုတွေ အစ်မတွေ ဆိုတာကလည်း သူတို့ မိသားစုနဲ့သူမို့ ပုံမှန် အိမ်လည်လာ နေမကောင်းဖြစ်ရင် လာပြုစုတာက လွဲ ရင် သူတို့လည်း သူတို့မိသားစုအရေးနဲ့ လုံးပမ်းနေရပေါ့။

-၂-
မှတ်မှတ်ရရ အိမ်နဲ့ စခွဲဖူးတာ တက္ကသိုလ် တက်တုန်းကပေါ့။ အမေက တစ်လတစ်ခါ ပုံမှန်လာတွေ့ပေမဲ့ အိမ်လွမ်းစိတ်က ဖိစီးလွန်းတယ်။ ထူးအိမ်သင်ရဲ့ အမေအကြောင်း ဖွဲ့ဆို ထားတဲ့သီချင်းတွေက အဲဒီစိတ်ကို ပိုဆိုး စေသလားပါပဲ။

နောက်ပိုင်း ကျောင်းပြီးရွာမှာပဲ အလုပ်လုပ်တော့ အမေရယ် ..အိမ်ရယ် .. ကျွန်တော်ရယ် .. ညီအစ်ကို မောင်နှမ တွေရယ်။ အဖေမရှိတော့ပေမယ့် မိသား စု အတူတူ ပျော်ခဲ့ရတဲ့အချိန်တွေဟာ အမှတ်တရပါပဲ။

ခုတော့ ထားဝယ်မြို့ပေါ်မှာ ကျွန် တော်ငှားနေတဲ့အိမ်ရဲ့ အိပ်ခန်းကလေး ဟာ တိတ်တိတ်ဆိတ်ဆိတ်။ ခုလိုမီးပျက် တဲ့ ညတွေဆို ထွန်းထားတဲ့ ဖယောင်း တိုင်လေးက ငယ်ဘ၀ပုံရိပ်တွေကို ပိုလို့ တောင် လွမ်းဆွတ်တသ ဖြစ်စေသေး။
ရွာက ရေနံဆီဝနေတဲ့ ကျွန်တော်တို့ အိမ်ကြီးရဲ့ ခုလို မိုးရာသီထမင်းဝိုင်းဟာ အမြဲ စည်စည် ကားကား ကျွတ်ကျွတ်ညံ နေလေ့ရှိတယ်။ မိသားစုက စုစုပေါင်း ၁၀ ယောက်တောင် ရှိတာကိုး။

“နှီးဒါင်းလန်းကြီး၊ ခူးပြီးသော အခါ၊ သမီးနှင့်သား၊ များ၍မဝင်သာ၊ ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက်၊ သူ့ ထက်ငါလေ စားတော့မည်စေ …” ဆိုတဲ့ ဝန်ကြီးပေဒသရာဇာရေးတဲ့ “နွေဦးကာလ မြူထသောအခါ”ကဗျာထဲက ထန်းတက် သမားမိသားစုကိုတောင် သတိရမိသေး။

တောင်ပေါ်က သံ (ခဲမဖြူ၊ အဖြိုက် နက်) တူးပြီးပြန်လာတဲ့ ဖေဖေ့လွယ်အိတ် ထဲမှာ အမြဲပါလာလေ့ရှိတဲ့ မျှစ်၊ ဆိတ် ဖူးပင်၊ ဓညင်းသီး၊ ဒွပ်လပ်သီး (ကတွတ် သီး) စတာတွေက မေမေ ဒါမှမဟုတ် အစ်ကိုတွေ ချက်ထားတဲ့ ဆန်ကြီး ထမင်းရယ် ၊ ငါးပိဖျော်ရယ်နဲ့ အလိုက် ဖက်ဆုံးတွေ။ ပိန္နဲသီးလှိုင်လှိုင်ပေါတဲ့ နွေကတည်းက ပိန္နဲစေ့တွေကို ကျွန်တော် တို့ ညီအစ်ကိုတွေ ရွှံ့နဲ့လူး တောင်ပို့ လိုလုပ်ပြီး အိမ်အောက်မှာ စုထားတဲ့ ပိန္နဲစေ့ခြောက်တွေကို လှော်စားတာက လည်း ကောင်းသလား မမေးနဲ့လေ။

အိမ်ရှိလူကုန် လူစုံမှ ရေနံဆီမီး ခွက်ကြီး ၂ လုံးထွန်းပြီး ထမင်းစားလေ့ ရှိတဲ့ ကျွန်တော်တို့ အိမ်လေ..။
အင်း..၊ အခုလောက်ဆို အိမ်မှာ အမေတစ်ယောက်တည်းပေါ့။

အမေ့သွားတွေ မကောင်းတော့ဘူး။ ခါးတွေက ကိုင်းချင်နေပြီ။ ဆိုတော့ အမေ့ကို အစားကောင်းတွေလည်း သိပ်မဆွဲဆောင်နိုင်တော့။ နောက်ပြီး အရင်လို ဆတ်ဆတ်ထိမခံ မဟုတ်တော့။ ငွေကြေးအဝတ်အစား သိပ်မစုံမက်တော့။ ပစ်လူဖြစ်ပြီလို့ သိမ်ငယ်နေချိန် ငယ်ငယ် က မက်ခဲ့တဲ့ သားသမီးတွေနဲ့ သိုက်သိုက် ဝန်းဝန်းဆိုတဲ့ အိပ်မက်ဟာ အမေတွေ အတွက် ကြာလေ မှိန်လေများ ဖြစ်နေပြီ လား။

ငယ်ငယ်တုန်းက အိမ်က ထွက်ပြေး ချင်တယ်။ စီးပွားရေးအဆင်မပြေတဲ့ အိမ် မှာ မနေချင်ခဲ့ဘူး။ ညီအစ်ကို မောင်နှမ တွေများပြီး ဘယ်နေ့ကျောင်းထွက်ရမလဲ မသိတဲ့အိမ်မှာ မနေချင်ခဲ့ဘူး။ ထီးအစုတ် ဆင်ကြယ် ဖိနပ်မဲပြာပုဆိုး ဖာရာပွနေတဲ့ ကျောင်းစိမ်း ဘောင်းဘီ ၃ ထည်လောက်ပဲ ရှိတဲ့ ဘ၀မှာ မနေချင်ခဲ့ဘူး။
ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်ပေါ်မှာ ပါမောက္ခချုပ်ပေးမယ့် ဘွဲ့လက်မှတ်ကို ယူဖို့ လျှောက်လာနေတဲ့ ကျွန်တော့်ကို မေမေ မမှိတ်မသုန်ကြည့်နေတာ သိ တယ်။ အဲဒီတုန်းက မေမေ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့။ အဲဒီလက်မှတ်က ကျွန်တော့်ကို အိမ်က ထွက်မပြေးအောင် မေမေချည်ခဲ့တဲ့ကြိုးများလား။

ပညာတတ်တဲ့ သားသမီးတွေ မိဘ နဲ့ ပိုဝေးဝေးနေကြရသလားလို့တောင် သံသယဖြစ်မိတယ်။ ငါ့သားကို ဟိုး အမြင့်ကြီးမှာ မြင်ချင်တယ်ဆိုတဲ့ မေမေ့ စကားက တကယ်တော့ ဟိုးအဝေးကြီး လို့များ ဆိုလိုလေရော့သလား။

-၃-
တကယ်တော့ လူ့ဘ၀ဆိုတာ ရွေး ချယ်မှုတွေ ပြုလုပ်ရခြင်းပါပဲ။ ကျွန်တော် တို့လူငယ်တွေဟာ လွတ်လပ်ချင်တယ်။ သင်ယူချင်တယ်။ ပတ်ဝန်းကျင်အသစ်မှာ အတွေ့အကြုံအသစ်တွေ အလုပ်အကိုင် အသစ်တွေနဲ့ လောကပြင်ကျယ်ကို ကြည့် ချင်တာ။ အဲဒီအတွက် အစားပြန်ရတဲ့ အထဲမှာ အဆိုးဆုံးက ချစ်ရသူတွေနဲ့ ကွေကွင်းရခြင်းဒုက္ခက အကြီးဆုံးများ ဖြစ်နေလေမလား။

ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးတစ်ယောက်ရဲ့ အမေ အိမ်ကိုသွားလည်ဖြစ်သေးတယ်။ သား သမီးသုံးယောက်စလုံးက အဝေးမှာ။ သူတို့အမေ့ဆီကို ပုံမှန်ပိုက်ဆံပို့ကြ ပေမယ့် အမေမျှော်နေတာ သားသမီး တွေဆီက ပိုက်ဆံမှ မဟုတ်ဘဲလေ။ ဒီလို ပြောလို့ ပိုက်ဆံက အရေးမကြီးဘူးလို့ မဆိုလို။

ချစ်ခြင်းမေတ္တာ နွေးထွေးမှု အလေး ဂရုပြုမှုတွေဆိုတာ အသက်ကြီးတဲ့ သူတွေအတွက် ပိုများလိုလေမလား။ အထူးသဖြင့် အမေတွေ။ ကျွန်တော့် မေမေလို ခင်ပွန်းသည်မရှိတော့တဲ့ မုဆိုး မ အမေတွေပေါ့။
အိမ်လည်သွားခဲ့တဲ့ သူငယ်ချင်းရဲ့ အမေကလည်း မုဆိုးမ မေမေပါပဲ။ သူကြုံနေရတဲ့ လူမှုရေးပြဿနာကို အားကိုးတကြီး ရင်ဖွင့်လေရဲ့။ ပြောရင်း သူမမျက်လုံးတွေက ရီဝေဝေ၊ မျက်ရည် လေး တစမ်းစမ်း။

“သူတို့ (သူမရဲ့သားသမီးတွေ) က တော့ စကားနည်းရန်စဲ ကျေအေးလိုက်ဖို့ ပြောတယ်လေ၊ တကယ်တော့ ငါလိုချင် တာက ငါ့အနားမှာ တိုင်ပင်ဖော် စကား ပြောဖော်”။
“စကားပြောဖော်..”။ စကားလုံး လေးလုံးတည်း စုထားတဲ့ စကားစု သေး သေးလေးဆိုသော်ငြား အတော်တာ သွားတဲ့ စကားစု။ မျက်စိမမြင်တော့တဲ့ အသက် ၁၀၀ ကျော် မိခင်ကြီးရယ်၊ မူလတန်းအရွယ် ရှမ်းရှော်မြေးမလေး နှစ်ယောက်ရယ်နဲ့ နေရတဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ မေမေ လိုနေတာက စကားပြောဖော်တဲ့။ (“ရှမ်းရှော်”ဆိုတာက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ် နေတဲ့သူ တွေက သူတို့သားသမီးတွေကို မြန်မာ ပြည်က သူတို့ မိဘ မောင်နှမ၊ ဆွေမျိုးနီး စပ် အိမ်တွေမှာ အပ်နှံထားခဲ့တဲ့ ကလေး တွေကို ထားဝယ်စကားနဲ့ ခေါ်ကြတာပါ။)

-၄-
အရင်က သားတွေသမီးတွေနဲ့ ကျွတ်ကျွတ်ညံနေတတ်တဲ့ အမေ့အိမ်ရဲ့ အိမ်ဦးခန်းဟာ တီဗွီကလာနေတဲ့ ဆရာ တော်တပါးပါးရဲ့ တရားသံ ဒါမှမဟုတ် တစ်ခါတစ်ရံ စိတ်လိုလက်ရဖွင့်ထားမိတဲ့ မြန်မာဇာတ်လမ်းတွဲတစ်ခုခုက ထွက်ကျ လာတဲ့ အသံတွေပဲ ရှိပါတော့တယ်။ကျွန်တော် အိမ်ပြန်လာလို့ သား အမိတွေ စကားပြောရင်တောင် အမေ့မှာ ပြောစရာ စကား များများ စားစား ရှိမနေ တော့။ ပြောတဲ့ အကြောင်းအရာတွေဆိုတာ အလွတ်တောင်ရနေပြီပဲလေ။ အိမ်ရဲ့ ငွေရေးကြေးရေးကိစ္စ၊ ဈေးမှာ မနက်ပိုင်း ဖွင့်တဲ့ အမေ့ဆိုင်ရဲ့ အခြေအနေ၊ ပြီးတော့ အမေ့ကျန်းမာရေး။ ဒါပါပဲ။ စိတ်လို လက်ရရှိရင်တော့ ခြံထဲက အပင်တွေ အကြောင်း ပြောဖြစ်ကြလေရဲ့။

ကျွန်တော်ဟာ အိမ်ပြေးတစ်ယောက် ဖြစ်တယ်။ ပညာအတွက် ကျွန်တော် အိမ်က ပြေးတယ်။ ငွေကြေးအတွက် ကျွန်တော်အိမ်ကပြေးတယ်။ အောင်မြင်မှု အတွက် ကျွန်တော်အိမ်က ပြေးတယ်။ ကျွန်တော့်လိုပဲ အိမ်ပြေးတွေ အများကြီး ရှိမှာပါ။
“..အဝေးက လမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် … အမေ့ရဲ့မျက်ရည်စက် တွေ ငါဟာနှုတ်ဆက် အပြာရောင် ကျော ပိုးအိမ်ကိုလွယ် ဒဏ်ရာဟောင်းလေးကို ထည့်.. သွားရတော့မယ်။ အဆုံးမဲ့ မိုးသားထဲကို ငါပျံသန်းခဲ့… ငါ့ရဲ့ နှလုံးသား ထဲမှာ လေလွင့်ခြင်းငှက်.. ဘယ်ကို သွား ရဦးမှာလဲ ဘယ်မှာအဆုံးသတ်မှာလဲ..”

ဘတ်စ်ကားမှန်ကို ရိုက်ခတ်လာတဲ့ မိုးစက်တွေရဲ့ အသံ၊ မနက်စောစော အိပ် တန်းထ ငှက်ကလေးတွေရဲ့ တေးသီသံ တွေဟာ ကားဆရာ ဖွင့်ထားတဲ့ ထူးအိမ် သင်ရဲ့ “လေလွင့်ခြင်း လမ်းမများ” သီချင်းသံနဲ့ ရောနှောကုန်တယ်။
အရမ်းကြိုက်တဲ့သီချင်း။ အနှစ် သာရ ရှိလွန်းတဲ့သီချင်း။ လူ့ဘ၀ပေါင်း မြောက်မြားစွာကို ထပ်ဟပ်စေတဲ့သီချင်း။ ခရီးသွားခါနီး ဘုရားစင်ရှေ့မှာ ကန်တော့ ချိန် အမေဆုပေးတဲ့ အသံလေးနားထဲ ပြန်ကြားယောင်မိတယ်။ မိုးနံ့ပါတဲ့ နံနက်ခင်းလေပြည်နဲ့အတူ ကျွန်တော့်ကို အမေ့အိမ်နဲ့ ဝေးရာခေါ်သွားနေတဲ့ ဘတ်စ်ကားပေါ်မှာ လေလွင့်ခြင်းလမ်းမများသီချင်းစာသားတွေကို တိုးတိုး ညည်းမိတယ်။

“..ရက်စက်တဲ့လမ်းများအဝေးမှာ ခေါ်သံတွေကြား ..ပြေးထွက်ခဲ့ ငြင်းမရ ပါလား … ရှေ့က… ရက်စက်တဲ့ လမ်း များအဝေးမှာ ခေါ်သံများကြား ..လုံးဝ ငြင်းမရပါလား.. လေလွင့်ခြင်း လမ်းမများ..
ငါ့အတွက် ချွေးသိပ်ဖို့ အိမ်ရယ် ရှိဦးမလား ..ငါ့အတွက် မေတ္တာတရားတွေ ရှိဦးမလား ..ဒါဟာ အဆုံးသတ်ခြင်း တစ်ခုလား ဒါဟာ အစပြုခြင်း တစ်ခု လား…”

အမေ့အိမ်ကို ပြန်နိုင်ဖို့ အချိန် ရှာဖွေနေတဲ့ သားသမီးတွေ ရှိတယ်။
သားသမီးတွေ အိမ်ပြန်လာမယ့် အချိန်ကို မျှော်နေတဲ့ မိခင်တွေ ရှိတယ်။