တိုင်းအတွင်း ငါးနှစ်အောက်ကလေးငယ်၂၆ ရာခိုင်နှုန်း အရပ်ပု

0
368

တိုင်းအတွင်းရှိ အသက်ငါးနှစ် အောက် ကလေးငယ်များ၏ ၂၆ ရာခိုင်နှုန်း မှာ ဖွံ့ဖြိုးမှုရပ်တန့်(အရပ်ပု)နေကြောင်း ၂၀၁၅-၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ လူနေ မှုဘ၀နှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်းအရ သိရသည်။

တိုင်းအတွင်းရှိ အသက် ၅ နှစ် အောက် ကလေး ၁၄၈ ဦးကို စစ်တမ်း ကောက်ယူရာ ၂၆ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှု ရပ်တန့်နေခြင်း သို့မဟုတ် အရပ်ပုနေပြီး မြို့ပြဒေသထက် ကျေးလက်ဒေသများ တွင် ပိုမိုတွေ့ရကြောင်း ယင်းစစ်တမ်း အရ သိရသည်။
အသက် ၅ နှစ်အောက် ကလေး သေဆုံးမှု၏ ၅၃ ရာခိုင်နှုန်းမှာ အာဟာ ရချို့တဲ့မှုက အခြေခံအကြောင်းအရင်း ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီး ဌာန မိခင်ကလေး၊ ကျောင်းကျန်းမာနှင့် အာဟာရဌာနမှ တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာထွေးမြစိုးက ဆိုသည်။

ကိုယ်ဝန်ဆောင်ချိန်မှ ကလေး အသက် ၂ နှစ်ပြည့်သည့်အချိန်ထိ ခန္ဓာ ကိုယ် ပုံမှန်ဖွံ့ဖြိုးရန် အရေးကြီးပြီး ယင်း အရွယ်တွင် အာဟာရဓာတ် ပြည့်ဝစွာ ကျွေးမွေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
“နှစ်နှစ်အောက် ကလေးတွေ ကတည်းက ခန္ဓာကိုယ်ကြီးထွားမှုကို အဓိက ဆုံးဖြတ်သွားတာ”ဟု ဒေါက်တာ ထွေးမြစိုးက ပြောသည်။

တစ်နိုင်ငံလုံးတွင် ဖွံ့ဖြိုးမှု ရပ်တန့် နေခြင်း(သို့)အရပ်ပု ကလေးငယ်များ သည် ချင်းပြည်နယ်တွင် ၄၁ ရာခိုင် နှုန်းရှိကာ အများဆုံးဖြစ်နေပြီး ရန်ကုန် တိုင်းတွင် ၂၀ ရာခိုင်နှုန်းရှိကာ အနည်း ဆုံးဖြစ်သည်။

အသက် ၅ နှစ်အောက် ကလေးများ အာဟာရပြည့်ဝစေရန် မွေးပြီးနာရီဝက် အတွင်းမှ ကလေးအသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရန် လိုအပ်ပြီး ၆ လကျော်ချိန်မှ အာဟာရ ပြည့်ဝသည့် အားဖြည့်အစာများ ကျွေး ရန် လိုအပ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် အသက် ၅ နှစ်အောက် ကလေး ၁ သိန်း ၇ သောင်း ကျော် (၁၇၈၉၅၆ ဦး) ရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရသည်။