နားကန်းသော ဒီမိုကရေစီ

0
644

လက်ရှိ တိုင်းအစိုးရအဖွဲ့ကို နိုင်ငံ ရေးသမားများဖြင့် ဖွဲ့စည်းထားသည်ဟု ယေဘုယျ ပြောနိုင်သည်။ နိုင်ငံရေး သမားများအား ဒီမိုကရေစီစနစ်၏ အခြေခံကိုရေးပြ ပြောပြရန်မလိုဟု ယူဆ ထားပါသည်။
သို့သော်..၊ ဇူလိုင်လ ၃ ရက်နေ့က တိုင်းအစိုးရမှ ပြုလုပ်ခဲ့သည့် ထားဝယ် ခရိုင်လျှပ်စစ်ကိစ္စ သတင်းစာရှင်းလင်း ပွဲအပြီးတွင် အထက်ပါ ယူဆချက်ကို ဖျောက်ပစ်လိုက်ပါသည်။

ဒီမိုကရေစီစနစ် အခြေခံကို ရေးဖူး ခဲ့ကြပြီ..။ သို့သော် လိုတိုရှင်း ထပ်နွှေး ပါမည်။
ဒီမိုကရေစီD(Democracy)ဆိုသည် မှာဂရိဘာသာစကား။ ဒီမို (Demo) က ပြည်သူ၊ ကရေစီ(cracy)က အုပ်ချုပ်ရေး။ တိုက်ရိုက်ဘာသာပြန်လျှင် “ပြည်သူ့ အုပ်ချုပ်ရေး”။ အစိုးရကို ပြည်သူလူထု ရွေးကောက်ထားသော ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။
ပြည်သူများက နိစ္စဓူဝ စားဝတ် နေရေးနှင့် လုပ်ငန်းဆောင်တာ ကိစ္စရပ် များကို လုပ်ဆောင်နေရသဖြင့် မအား လပ်။ သို့ကြောင့် မိမိကိုယ်စား တိုင်း ရေးပြည်ရာကိစ္စအဝ၀ကို ဆောင်ရွက် နိုင်ရန် ကိုယ်စားလှယ် စေလွှတ်ကြသည်။

“နိုင်ငံကိစ္စတွေလုပ်ဖို့ ငါတို့ မအား ဘူး၊ ငါတို့အစား မင်းတို့ လုပ်ကြ”
အခမဲ့ စေလွှတ်ခိုင်းစေခြင်း မဟုတ်။ စေလွှတ်ခံရသူ၏ လုပ်အားခအတွက် ပြည်သူတစ်ဦးချင်းစီက မိမိဝင်ငွေအပေါ် လိုက်၍ ထည့်ဝင် ပေးဆောင်ကြရသည်။
“ငါတို့ကိုယ်စား တိုင်းရေးပြည်ရာကို ကောင်းကောင်း ဆောင်ရွက်ကြ၊ မင်းတို့ ကို အလကား မခိုင်းဘူး၊ ငါတို့ဝင်ငွေထဲက မင်းတို့ကို အချိုးကျ ခွဲပေးမယ်”
ယင်းသည် အခွန်ဖြစ်သည်။ ပြောဖူး ပါသည်။ တယ်လီဖုန်းတွင်”ဟယ်လို” ဟု တစ်ခွန်းပြောတိုင်း အခွန်ပေးရသည်။ ထမင်းတစ်လုပ်တိုင်း အတွက်လည်း အခွန် ပေးထားပြီးဖြစ်သည် (လယ်ယာခွန်၊ စပါးကြိတ်စက်ခွန်၊ ဆန်စပါးကုန်သွယ် ခွန်၊ ဆန်ဆိုင်ခွန်.. စသဖြင့်)။

ယင်းအခွန်ငွေများထဲမှ အစိုးရက လစာနှင့် အဆောင်အယောင်ယူကြပြီး တိုင်းရေးပြည်ရာများကို စီမံခန့်ခွဲရသည်။ ယင်းလစာနှင့် အဆောင်အယောင်ကို လက်ခံပြီး တိုင်းရေးပြည်ရာများကို လုပ် ဆောင်ပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုရ သည်(ကျမ်းသစ္စာ ကျိန်ဆိုပြီးမှ “အစိုးရ မလုပ်တတ်ပါဘူး”၊ “ကံမကောင်း အကြောင်းမလှလို့ ဝန်ကြီးချုပ်ဖြစ်လာ တာပါ” စသဖြင့် ပြောနေ၍မရ။ မလုပ် တတ်၊ မလုပ်ချင်လျှင် အစကတည်းက ငြင်းခွင့်ရှိသည် မဟုတ်လော)။
ယင်းသို့ ပြည်သူ့ကိုယ်စား တိုင်း ရေးပြည်ရာ စီမံနေသူ အစိုးရသည် မိမိ ထမင်းရှင်၊ မဲဆန္ဒရှင်ပြည်သူ၏ လိုအပ် ချက်များ၊ လုပ်ဆောင်စေလိုသည်များကို အမြဲ နားစွင့်နေရမည်။ ပြည်သူ့အသံ နားမထောင်သောအစိုးရကို ဒီမိုကရေစီ အစိုးရဟု မခေါ်ထိုက်။

မိမိလုပ်ဆောင်ချက်များကို အခါ မလပ် သတင်းထုတ်ပြန်နေရပါမည်။ လက်ရှိအစိုးရသည်လည်း “နိုင်ငံနှင့် အစိုးရ၏ အခြေအနေကို လူတိုင်းသိခွင့် ရှိကြောင်း၊ ပွင်းလင်းမြင်သာသည့်စနစ်ကို လုပ်မည်ဖြစ်ကြောင်း” အာမခံထားသည်။
သို့သော်..၊ ထားဝယ်ခရိုင်လျှပ်စစ် ကိစ္စအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရ၏ ဆုံးဖြတ်ချက်များ လူတိုင်း အချိန်မီသိခွင့် မရခဲ့။
လျှပ်စစ်ထုတ်လုပ်ရေးအတွက် တိုင်းအစိုးရနှင့် လုပ်ကိုင်ခွင့်ရကုမ္ပဏီတို့ ချုပ်ဆိုထားသောစာချုပ်ကို ၆ လကြာမှ သိခွင့်ရသည်။ ယင်းသည်ပင် သတင်း မီဒီယာများမှ တောင်း၍ မလွှဲမရှောင်သာ ထုတ်ပေးရခြင်းမျိုး ဖြစ်သည်။

လျှပ်စစ်သည် ပြည်သူအတွက် မည်မျှ အရေးပါသည်ကို ရှင်းပြနေရန် မလို။ ယင်းစာချုပ်ပါ အချက်များက ပြည်သူလူထု၏ လူမှုရေး၊ စီပွားရေး စသည့်ကဏ္ဍအလိုက် ဆုံးဖြတ်ချက်များ အတွက် မည်မျှ အကျိုးသက်ရောက်မည်ကို အစိုးရတစ်ရပ်က ကောင်းကောင်း သိသင့်ပါသည်။ စာချုပ်ပါ အာမခံချက် များက ထားဝယ်ခရိုင်တွင် အခြေချရန်၊ စီးပွားရေး စလုပ်ရန်၊ တိုးချဲ့ရန်၊ လျှော့ ချရန် စသဖြင့် ဆုံးဖြတ်ချက် ချနိုင်မှု များက ရေးပြ၍ မကုန်နိုင်။
ပြောခဲ့ပါသည်။ ပြည်သူ့အစိုးရ ဖြစ်သည်။ သို့ကြောင့် အစိုးရနှင့် ကုမ္ပဏီ စာချုပ်ချုပ်ခြင်းသည် ပြည်သူနှင့် ကုမ္ပဏီ စာချုပ် ချုပ်ခြင်းပင် ဖြစ်သည်။ လျှပ်စစ်ကိစ္စကဲ့သို့ ပြည်သူနှင့် တိုက်ရိုက် သက်ဆိုင်လွန်းလှသော စာချုပ်တစ်ခုကို ပြည်သူ့ဆန္ဒ မေးမြန်းခြင်း တစ်စုံတစ်ရာ မရှိဘဲ ချုပ်ဆိုခဲ့ပြီး ၆ လကျော်ကြာမှ (ယင်းသည်ပင် ပြဿနာတက်၍ မေးမြန်း ကြမှ) ထုတ်ပြခြင်းကား မဲဆန္ဒရှင် ပြည် သူကို မျက်ကွယ်ပြုရာ၊ အရာမသွင်းရာ ကျလွန်းလှပါသည်။

သတင်းစာရှင်းလင်းပွဲတွင်မှ စာချုပ် များပေးပြီး မေးစရာရှိက တစ်ဦး ၃ ခွန်း သာ မေးရန်ဟု ဆိုထားပြန်သဖြင့် စာချုပ် ကို ကတိုက်ကရိုက် ဖတ်ရသည်။ ပေး ထားချက် စည်းဘောင်ထဲမှ အရေးကြီး သည်ထင်သည့် အချက်များကို မေးကြရ သည်။
ယခု စာချုပ်ကို တစိမ့်စိမ့် ပြန်ဖတ် သောအခါ အချို့စာပိုဒ်များက တိကျ ခိုင်မာမှု မရှိသည်ကို တွေ့ရသည်။
ဥပမာပြရလျှင် စာချုပ်စာမျက်နှာ ၄ တွင် “၅- ၇ ကနဦးတပ်ဆင်အင်အားမှာ ( )MW ( ) လုံးဖြစ်ပြီး၊ အမြင့်ဆုံး ဓာတ်အားထုတ်လုပ်နိုင်သည့် ဝန်အားမှာ ( )MW ဖြစ်ရမည်” ဟု ရေးထားလေ သည်။
MW သည် လျှပ်စစ်ထုတ်လုပ်မှု မဂ္ဂါဝပ် ဖြစ်သည်။ ကွက်လပ်ကို ဘာ ကြောင့် ချန်ထားရသနည်း။ အရေး အကြောင်းဆိုက ယင်းစာချုပ်ဖြင့် ကုမ္ပဏီ ကို မည်သို့ အရေးဆိုမည်နည်း။
ယင်းစာမျက်နှာ ၄ တွင်ပင် “၅- ၁၂ ဓာတ်အားပေးစက် ( )လုံးကို ( )နေ့တွင် စမ်းသပ်မောင်းနှင်ပြီး ( )နေ့တွင် ဓာတ်အားထုတ်လုပ်ပေးရန် ဝန်ခံကတိ ပြုပါသည်။” ဟူ၏။

“အိတ်ပေါက်နှင့် ဖားကောက်”ထား သည့်စာချုပ်ဟု ဆိုရမည်။ စာချုပ်သက် တမ်းကာလကို ကြည့်ပါဦး။
“ဤသဘောတူစာချုပ်ကို လက် မှတ်ရေးထိုးသည့်နေ့မှ စ၍ ( )နှစ် သတ်မှတ်ပါသည်” ဟူ၏။
စာချုပ်ပါ ၎င်းကွက်လပ်( )များထဲ မည်သည့် ကိန်းဂဏန်းများကို မည်သူ တို့က မည်သည့်အချိန်တွင် ထည့်ရေးကြ မည်နည်း။ ယင်း ကွက်လပ်များသည် ထားဝယ်ခရိုင်လျှပ်စစ်အနာဂါတ်ကို တိုင်းအစိုးရက ကုမ္ပဏီတစ်ခုလက်ထဲ ၀ကွက်အပ်လိုက်ရာ မရောက်၏လော။ ယင်းကုမ္ပဏီက မည်မျှ ယုံကြည်ရပါ သနည်း။ ကြောက်ဖွယ်လိလိ အခင်း အကျင်းဟု ဆိုချင်သည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်း မီဒီယာများက လျှပ်စစ်ထုတ်လုပ်ခွင့်ရ ဂလိုဘယ်(လ)ဂရမ်း ကုမ္မဏီ၏ ကိုယ် ရေး အချက်အလက်(Profile)ကို ရှင်း ပြရန် တောင်းဆိုခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲသို့ ယင်း ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦး တက် ရောက်ပါသည်။ သို့သော်(ကောင်းစွာ စကားမပြောနိုင်ဟူသော အကြောင်းပြ ချက်ဖြင့်) အစိုးရအဖွဲ့မှသာ ကုမ္ပဏီ အကြောင်း ရှင်းပြမည်ဟု ဝန်ကြီးချုပ်က ဆိုခဲ့သည်။

ဝန်ကြီးချုပ်က ယင်းကုမ္ပဏီကို ပိုင်ဆိုင်သူများသည် ထားဝယ်သားများဟု ဆိုသည်။ သို့သော် စာချုပ်တွင် ကုမ္ပဏီ ကို ကိုယ်စားပြုသူ၏ မှတ်ပုံတင်မှာ ၉/ပမန ဟု ဖော်ပြပြီး ရန်ကုန်၌ ရုံးခန်း ဖွင့်ထားသည်ဟု ရေးသားထားလေသည်။ ၉/.. မှတ်ပုံတင်အမှတ်သည် ယေဘုယျ အားဖြင့်မန္တလေး တိုင်းဒေသကြီးမှ ဖြစ်သည်။
မေးစရာရှိသည်မှာ အစိုးရအဖွဲ့က အဘယ်ကြောင့် ကုမ္ပဏီဘက်မှ ဝင်ရှင်း ခဲ့ရပါသနည်း။ အစိုးရသည် ပြည်သူ့ အခွန်စားဖြစ်၍ ပြည်သူ့ကိုယ်စားသာ ကုမ္ပဏီကို မေးခွန်းထုတ်ရမည် မဟုတ်ပါ လော။ ယင်းကုမ္ပဏီက သတ်မှတ်ချက် အတိုင်း မလုပ်ဆောင် နိုင်က ပြည်သူ့ ကိုယ်စား အရေးယူရမည် မဟုတ်ပါလော။

ယခုကား ကုမ္ပဏီတစ်ခုဘက်မှ ရပ်ကာ ပြည်သူကို သည်းခံကြရန် ပြောနေခြင်းမှာ ဆိုးလှသည်။ ပြည်သူတို့ ယုန်ထင်ကြောင် ထင် ဖြစ်စေသည်။
အစိုးရသည် ပြည်သူ့ကိုယ်စားလှယ် ဖြစ်သည်ကို မေ့လျော့နေပြီလော..။
ထပ်မံသတိပေးလိုသည်မှာ လက်ရှိ အစိုးရသည် “နိုင်ငံနှင့် အစိုးရ၏ အခြေအနေကို လူတိုင်းသိခွင့် ရှိကြောင်း၊ ပွင်းလင်းမြင်သာသည့်စနစ်ကို လုပ်မည် ဖြစ်ကြောင်း” အာမခံထားသည်။ ယင်း အာမခံချက်ကို ဖောက်ဖျက်ပါက ကတိ မတည်သော အစိုးရအဖြင့် တိုင်းသား တို့က သမုတ်ကြလိမ့်မည်။

လက်ရှိတွင် လူထုနှင့် နိစ္စဓူဝ တိုက် ရိုက်ထိစပ်နေသည့် လျှပ်စစ်ကိစ္စ မည် သည့် ကုမ္ပဏီများကို ရွေးချယ်သင့် ကြောင်း လူထုဆီမှ သဘောထား မှတ် ချက်တောင်းခံခြင်း မရှိခဲ့။ စာချုပ်များ ချုပ်ရာတွင်လည်း ဒေသခံပြည်သူတို့ စွက်ဖက်ခွင့်မရခဲ့။ ချုပ်ထားသည့် စာချုပ် များကလည်း ခိုင်မာသည်ဟု မဆိုဝံ့စရာ။
လျှပ်စစ်ဖြန့်ဖြူးရေးတွင်လည်း ဒေသခံတို့ လူမှုကွန်ရက် စာမျက်နှာများမှ လည်းကောင်း၊ နီးစပ်ရာ တာဝန်ရှိသူများ ထံတွင်လည်းကောင်း နည်းအမျိုးမျိုးဖြင့် အကြံပြုကြသော်လည်း လျစ်လျူရှုခဲ့လေ သည်။

ဝန်ကြီးချုပ်ကိုယ်တိုင်က လူမှုကွန် ရက် တစ်ခါမျှမကြည့်၊ အဲဒီလို မီဒီယာ တွေကို စိတ်မဝင်စားဟု ဖွင့်ပြောလာ သည်။
သို့ဆိုလျှင် တိုင်းတွင်းသားတို့၏အသံ မည်သို့ နားထောင်နေသနည်း။
ဒီမိုကရေစီနိုင်ငံတစ်ခု၏စတုတ္ထ မဏ္ဍိုင် သတင်းမီဒီယာ၊ ပြည်သူတို့၏ တိုက်ရိုက် စကားကို ကြားနိုင်သော လူမှုကွန်ရက် မီဒီယာကို အစိုးရအဖွဲ့ တစ်ခုစိတ်မဝင်စား ဟုဆိုလျှင် ယင်း အစိုးရအဖွဲ့ နားကန်းလေပြီ။ ယခုပုံ အတိုင်းရှေ့ဆက်က တိုင်းတွင်းသား တို့က တစ်ချိန်ချိန် ဒဏ်ခတ်လိမ့်မည်။
အမြည်းအဖြစ် တိုင်းတွင်း ဆောင်း ပါးရှင်တစ်ဦး၏ မှတ်ချက်ကို ပြန်မျှဝေ လိုက်ပါသည်။
“အစိုးရ မလုပ်တတ်ပါဘူးပြောတာ အစက ကိုယ်ကိုယ်ကို နှိမ့်ချပြီး ရွှတ် နောက်နောက် ပြောတယ်အောက်မေ့တာ၊ ခုမှ အတည်ပြောတယ်ဆိုတာ သဘော ပေါက်တော့တယ်” ဟူ၏။