မြိတ်ငါးလေလံဈေး နောက်ကွယ် အကြောင်းရင်းများကို ရှာဖွေခြင်း

0
583

မြိတ်မြို့တွင် အကောင်အထည် ဖော်ဆောင်ရွက်နေသော အပြည်ပြည် ဆိုင်ရာအဆင့်မီ ငါးလေလံဈေးကြီး စတင်လည်ပတ်နိုင်မည့်အချိန်ကို အတိအကျမပြောနိုင်သေးကြောင်း မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
အစိုးရအနေနှင့် မြိတ်ဒေသတွင် ငါးလေလံဈေး အနည်းဆုံးတစ်ခု ဖြစ် ပေါ်လာရေးအတွက် ဆွေးနွေးပွဲများပြု လုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများကို တွန်း အားပေးခြင်းများ ပြုလုပ်နေသော်လည်း မအောင်မြင်သေးဟု ဝန်ကြီး ဦးမြင့်စန်း က ပြောသည်။

“တစ်ခုမှ မအောင်မြင်သေးဘူး။ စည်းရုံးကြိုးစားနေဆဲပဲ။ အဓိက အခက် အခဲကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ လျှပ်စစ် ဈေးကြီးမှု ပြဿနာပဲ”ဟု ဦးမြင့်စန်းက ပြောသည်။
လက်ရှိ အကောင်အထည် ဖော်နေ သည့်မြိတ်အပြည်ပြည်ဆိုင်ရာ ငါးလေ လံဈေးတွင် ငါးဆိုက်ကပ်ကုန်ချမည့် ရေလမ်းကြောင်းများ ကောင်မွန်ရေး ကုန်တင်ကုန်ချဆိပ်ကိမ်းငယ်များနှင့် ရေဆင်းတံတားများ ကောင်းမွန်ရေးတို့ ထည့်သွင်းဆောင်ရွက်ရမည်ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
သို့သော် ယင်းငါးလေလံဈေး ယခု နှစ်မကုန်မီ စတင်လည်ပတ်နိုင်ရန်မှာ အစိုးရအပ်ါတွင်သာ မူတည်သည်ဟု မြိတ်အပြည်ပြည်ဆိုင်ရာအဆင့်မီ ငါး လေလံဈေးကြီးကို အကောင်အထည် ဖော်နေသည့်Myanmar Fisheries International Joint Venture Limited (MFIJV Ltd) ၏ အမှု ဆောင် ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက တနင်္သာရီအပတ်စဉ်သို့ ပြောကြားသည်။

ဆိုလိုသည်မှာ ၎င်းတို့တွင် အားလုံးအသင့်။
လိုအပ်သည့် ဆိပ်ခံတံတားများ၊ အဆောက်အအုံ၊ မီးစက်နှင့်အခြား ဆက်စပ်ပစ္စည်းများလည်း အရန်သင့်ရှိနေပြီဖြစ်ပြီး နောက်ထပ် ရင်းနှီးမြုပ်နှံရန် ပြင်သစ်ကုမ္ပဏီမှ လွှဲပို့မည့် ဒေါ်လာ သန်း ၂၀ အား တရားဝင်ငွေလွှဲခွင့်ရရန် အစိုးရဘက်မှ လုပ်ဆောင်ပေးစေလိုကြောင်း ဒေါ်ဌေးဌေးဝင်းက ပြောသည်။
“ငွေလဲခွင့်ကိုလွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းကငါးဦးစီးဌာနကို တောင်းခံတယ်။ ငါးဦးစီးဌာနက ကြန့်ကြာနေလို့ ကြာနေတာ။ ငါးဦးစီးဌာန နေပြီး အမြန်ဆုံး တရားဝင်ငွေလွှဲခွင့် ရရှိအောင် လုပ်ဆောင်ပေး မယ်ဆိုရင် ၃ လအတွင်း စတင်လို့ရတယ်” ဟု ဒေါ်ဌေးဌေးဝင်းက ပြောသည်။

MFIJV ကုမ္ပဏီသည် အစိုးရနှင့် အကျိုးတူပူးပေါင်းထားသော ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး ငါးလုပ်ငန်းဦးစီး ဌာမှ ၃၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံသားပိုင် Setraco International Limited က ၆၀ ရာခိုင်နှုန်း၊ ရန်ကုန်အခြေစိုက် Asia Blue Lineကုမ္ပဏီက ၁၀ ရာခိုင်နှုန်း ထည့်ဝင်ကာငါးလေလံဈေးကို အကောင် အထည်ဖော်နေခြင်း ဖြစ်သည်။

လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့် ရ ထားပြီး မြေပြင်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးထားကြောင်း၊ နောက် ထပ်လုပ်ငန်းတိုးချဲ့ရန် ဒေါ်လာသန်း ၂၀ အား ပြင်သစ်မှ လွှဲပို့ရန် အသင့် ဖြစ်နေပြီး ငွေလွှဲခွင့်ရန် ငါးလုပ်ငန်းဦး စီးဌာနမှ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အား ထောက်ခံတင်ပြရမည်ဟု ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ယင်းငါး လေလံဈေးပေါ်ပေါက်လာပါက ထိုင်း၊ တရုတ်၊ စင်္ကာပူစသည့် အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံမှ လုပ်ငန်းရှင်ဝယ်လက်များကိုပါ ချိတ်ဆက်ထားပြီးကြောင်း ၎င်းက ပြောသည်။
MFIJV ကုမ္ပဏီသည် မြိတ်ငါးလေလံဈေးကို ၂၀၀၁ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၃ တွင် လုပ်ငန်းရပ်နားထားခဲ့ရသည်။ ၂၀၁၆ ခုနှစ် မေလတွင် ထိုကုမ္ပဏီ၏ ဒါရိုက်တာဘုတ် အဖွဲ့အစည်း အဝေးပြန်ခေါ်ကာ လုပ်ငန်းပြန်လည်ပတ်ရန် စိုင်းပြင်းခဲ့သည်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာဆဲ ဖြစ်သည်။

တနင်္သာရီတိုင်းတွင် ကမ်းနီးကမ်းဝေးလှေကြီးလှေငယ်များစွာရှိပြီး မြိတ်ငါးလေလံဈေး ပေါ်ပေါက်လာ ပါက နိုင်ငံခြားထွက်မရောင်းတော့သဖြင့် ဒေသခံများအတွက်သာမက တိုင်းပြည်အတွက် ဆုံးရှုံးနေသော အခွန်အခပါ ပြန်လည်ရရှိလာမည် ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းလည်း များစွာရရှိမည်ဖြစ်သည်။

တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးငွေစိုးကလည်း တနင်္သာရီတိုင်း ပင်လယ်ပြင်မှထွက်သည့် ငါးအားလုံး နယ်စပ်ဂိပ်များမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်သာမက တရားမဝင်ပါ ထွက်ရှိနေပြီး ရသင့်ရထိုက်သည့် နိုင်ငံတော် အခွန်ငွေများစွာဆုံးရှုံးနေကြောင်း တနင်္သာရီ လွှတ်တော်တွင် ဆွေးနွေးပြော ဆိုခဲ့သည်။

ဗိုလ်မှူးငွေစိုးမှာ ယင်းငါးလေလံဈေးမည်သည့်အချိန် အကောင်အထည်ဖော်မည်ကို တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သူ ဖြစ်သည်။
“ပြည်ပမှာ အသက်စွန့် အလုပ်လုပ်နေကြတဲ့ နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ်တွေ မိမိနိုင်ငံကို ပိုမို ယုံ ကြည်မှုရှိပြီး ပြန်လည်ဝင်ရောက်လာ စေရေး၊ ပင်လယ်ရေသယံဇာတများ စနစ်တကျ စီမံခန့်ခွဲပြီး ရေရှည်ထိန်းသိမ်း စောက်ရှောက်ရေးတို့အတွက် တစ်ခုတည်းသောအရာကတော့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ ငါးဈေးကွက် ကြီးဖြစ်အောင် ငါးလေလံဈေးများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ဗိုလ်မှူးငွေစိုးက ပြောသည်။

လက်ရှိတွင် ထိုင်းဈေးကွက်သို့ ခိုးဝင်ရောင်းသည့် ငါးများ၊ ဖမ်းဆီးခွင့်လိုင်စင်မပါဘဲ လာရောင်း သည့်ငါးများ စသဖြင့် ထိုင်းတွင်ဖမ်းမိသည်မဟုတ်သော ငါးများကို မဝယ်တော့ဘဲ နိုင်ငံတကာမှလည်း တင်းကြပ်လျက်ရှိသည်။ ထိုကြောင့် ထိုင်းလုပ်ငန်းရှင်များက မြန်မာပြည်တွင်သေချာပေါက် လာရောက် ဝယ်ယူရတော့မည်ဟု မြိတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုက ပြောသည်။

“ငါးလေလံဈေးက ပင်ကိုယ်လည်း ရှိပြီးသားပဲ၊ ဒီနေရာမှာ။ ငါးလေလံ ဈေးက ရှိကို ရှိသင့်တာ။ ဒီလောက်ကျွန်း ပတ်ပတ်ပတ်လည် ဝိုင်းနေတဲ့ဒေသပဲ” ဟု ဒေါ်ရီရီချိုက ပြောသည်။
ထိုင်းရောက် မြန်မာအလုပ်သမားများစွာ ပြန်ဝင်လာနေသည့် ယခုအချိန်တွင် ငါးလေလံဈေးက ယင်းအလုပ်သမားများအတွက် အထောက်အပံ့ ဖြစ်လိမ့်မည်ဟု ဒေါ်ရီရီချိုက မျှော်လင့်နေသည်။

MFIJV ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက မြိတ် ငါးလေလံဈေး စတင်လည် ပတ်ပါက ယင်းလေလံဈေးအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စုစုပေါင်း အလုပ်သမား ၃၀၀၀ ခန့် အလုပ်ပေးနိုင်မည်ဟု ပြောသည်။
လက်ရှိတွင် တိုင်းအစိုးရအဖွဲ့ထံ ပေါက်ရောက်သည့် လုပ်ငန်းရှင်တစ်စုမှ ယှဉ်ပြိုင်နှောင့်ယှက်မှုများ ကြုံတွေ့နေရကြောင်း ဒေါ်ဌေးဌေးဝင်းက ယုံကြည်နေသည်။
“မှားယွင်းတဲ့သတင်းစကားတွေ ကျွန်မတို့ကုမ္ပဏီအကြောင်း ပြောနေတယ်။ အဲဒီလိုပဲ တာဝန်ရှိသူ တွေကလည်း တစ်ဖက်သတ်သာ နားထောင်နေတယ်။ ဒါတွေက ကျွန်မတို့အတွက် လက်ငင်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေပါ”ဟု ၎င်းက ပြောသည်။

မြိတ်ဒေသခံ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးလှသန်းကလည်း မြိတ်တွင် ငါးဒိုင်တစ်ခုတည်ဆောက်ကာ ငါးဝယ် ယူစုသိမ်းခွင့်ရရန် မြေနေရာရှာဖွေနေကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောဆိုထားသည်။
“နှစ်ခုမက သုံးခုဆိုပိုကောင်းတာပေါ့။ ဒါမှ ရေလုပ်သားတွေအတွက် ရွေးချယ်ဖို့ အခွင့်အလမ်းများ မယ်လေ”ဟု ဦးမြင့်စန်းက တနင်္သာရီအပတ်စဉ်သို့ ပြောကြားသည်။

ထို့အပြင် ထားဝယ်တွင် ဆောက် ရန် ကြိုးပမ်းနေသည့် ငါးလေလံဈေး တစ်ခုလည်း ရှိနေပြန်သည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့ အနီးတွင်လည်း ငါးလေလံဈေးအသစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေ ကြောင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကယခုနှစ် ဧပြီလတွင် ပြောဆိုထားသည်။

“ထားဝယ်ငါးလေလံဈေး အခြေအနေကတော့ ဘာမှမသိရသေးဘူး။ တိုင်းဒေသကြီးအစိုးရက တရား ဝင်ပြောလာတာ မရှိသေးဘူး” ဟု တိုင်းဒသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးက ပြောသည်။
သို့သော်ထားဝယ်ငါး လေလံဈေးတည်ဆောက်မည့် သရက်ချောင်းမြို့ အနီးတွင် မြေယာရှင်းလင်းမှုများ ပြုလုပ် လျက်ရှိသည်။ သရက်ချောင်းမြို့နယ်မှာ တနင်္သာတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးနှင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တို့၏ မဲဆန္ဒနယ် ဖြစ်သည်။