လမ်းမီးခကောက်ခံနေမှု ပရမ်းပတာဖြစ်နေဟု ဝန်ကြီးချုပ်ဆို

0
391

ထားဝယ်ဒေသတွင် လမ်းမီးကြေး အဖြစ် မီတာတစ်လုံးလျှင် ကျပ် ၄၀၀ ကောက်ခံနေမှုမှာ ပရမ်းပတာ ဖြစ်နေ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
လမ်းမီးကြေးအဖြစ် ကောက်ခံမှုမှာ ပြည့်စုံမှုမရှိဘဲ ပရမ်းပတာ ဖြစ်နေသည် ဟု သုံးသပ်မိသည့်အတွက် ဇူလိုင်လတွင် ကောက်ခံပြီး ငွေပမာဏ မည်မျှရသည်ကို တွက်ချက်သွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ဆိုသည်။

“အခုဒီလကစပြီးတော့ လမ်းမီးခ ဘယ်လောက်ရလဲ၊ လမ်းမီးအတွက် သုံး ရတဲ့ယူနစ်က ဘယ်လောက်ရှိမလဲဆိုတာ ခန့်မှန်းပြီးတော့ လျှော့ချပေးဖို့အစီအစဉ် ရှိပါတယ်”ဟု ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
မြို့တွင်း အဓိကလမ်းမကြီးများ သာမက လမ်းကြိုလမ်းကြားများတွင်ပါ လမ်းမီးလင်းနေမည်ဆိုပါက မြို့လူထု အနေဖြင့် ထိုက်သင့်သည့် လမ်းမီးကြေး ကို ကြည်ဖြူစွာပင် ပေးလိမ့်မည်ဟု ထင် ကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ် ကွက်နေ ကိုလှသိန်းက ဆိုသည်။

“အစိုးရက ကျခံပေးဖို့ ငွေကြေး မရှိဘူးဆိုရင် ပြည်သူကတော့ ကျခံပေး မှာပါပဲ။ ဒါပေမဲ့ လမ်းအားလုံးကို မီးလင်းဖို့တော့လိုမယ်” ဟု ကိုလှသိန်းက ပြောသည်။
ထားဝယ်ခရိုင်တွင် မီတာအလုံးရေ ၃၇၀၀၀ ကျော်ရှိကြောင်း သိရသည်။

လက်ရှိ ထားဝယ်ဒေသတွင် လမ်း မီးကြေးအဖြစ် မီတာတစ်လုံးလျှင် ငွေ ကျပ် ၄၀၀ နှုန်း ကောက်ခံနေပြီး မီးထွန်း ပေးသည့် လမ်းများနည်းနေမှုအပေါ် ပြည်သူများအကြား ဝေဖန်မှုမြင့်တက် လျက်ရှိသည်။