ကမ်းနီးရေလုပ်ငန်းကို ကယ်တင်ပါ

0
460

လယ်လုပ်သူ လယ်ပိုင်ရမယ်တဲ့ ဒီလိုကြွေးကြော်သံတွေနဲ့ လယ်သမား တွေ ပျော်ရွှင်ခဲ့ဖူးတယ်။
အခုချိန်မှာတော့ လယ်သမားတွေ မပျော်နိုင်ပါဘူး။ တောင်သူလယ်သမား တွေအတွက် စိတ်မကောင်းဖြစ်ရုံပါ။ ကျွန်တော်တို့ ရေလုပ်သားတွေက ပိုတောင်ဆိုးသေးတယ်။ ရေလုပ်သားတွေ ရေပိုင်ရမယ်လို့ ဘယ်အစိုးရ ဘယ်တာ ဝန်ရှိသူကမှ မကြွေးကြော်ဘူးခဲ့ဘူး။ အခု အစိုးရလည်း ဘာမှ ပြောသံမကြား မိဘူး။ ကျွန်တော်တို့ အပြစ်လည်း ဖြစ် နိုင်ပါတယ်လေ။ တစ်လကို ရက်၂၀ လောက် ပင်လယ်ထဲနေ… ကမ်းပြန် ရောက်တော့လည်း..မိသားစုအရေး.. ဟိုအရေး.. ဒီအရေးတွေနဲ့ ရှုပ်နေတာပဲ။ အစိုးရမင်းများ ဘာပြောတယ်၊ ညာပြော တယ်ဆိုတာ ရွာက လူကြီးမင်းနဲ့ ပဲဆိုင်တာကိုး။ သူပြောတာကို ခေါင်း ညိတ်ရတာပဲ။

အသက်နဲ့ရင်းပြီး ပင်လယ်ထဲ ငါးဖမ်းရတာကလည်း လွယ်တယ်လို့ ဘယ်သူမှ မထင်ပါဘူး။ ကျွန်တော်တို့ ကမ်းရိုးတန်းသား တွေကတော့ ပင်လယ် ကို အိမ်လုပ်နေရတာပဲ။ ပြဿနာက ပေါင်းစုံပေါ့ဗျာ။ ရှင်းပြလို့ရတဲ့ ဟာတွေ ရှိသလို ရှင်းမရတွေလည်း အများကြီးပဲ။ ပြောလို့ရတာတွေရှိသလို…ပြောလို့ မရတာတွေလည်း ရှိတယ်။ အချို့ကိစ္စ တွေက အသက်နဲ့ရင်း.. ဘ၀နဲ့ရင်း သွားနိုင်တယ်။ အခြားအလုပ်တွေလည်း မလုပ်တတ်.. အရင်းအနှီး ကလည်း မရှိတော့… မိဘလက်ငုတ် လုပ်ငန်း လေးပဲ… နှစ်ပြီး လုပ်နေရတာ။

“ပြောင်းလဲချိန် တန်ပြီ” လို့ ပြောတဲ့ NLD အစိုးရကို ကျွန်တော်က ပင်လယ် ထဲက တစ်ကူးတစ်က ပြန်လာပြီး လှေ သားတွေနဲ့ မဲပေးခဲ့တာ။ ပြည်သူ အစိုးရဖြစ်ခဲ့တာ တစ်နှစ်တောင်ကြာခဲ့ပြီ… ကျွန်တော်ရင်ထဲက မျှော်လင့်ချက်က မပြောင်းလဲပါဘူး။ ကျွန်တော်တို့ ရေလုပ် သားတွေရဲ့ ဘ၀တွေ ပြောင်းလဲလိမ့်မယ်။ မျှော်လင့်နေတုန်းပါ။ ကျွန်တော်မှ မဟုတ်ပါဘူး။ ကျွန်တော်မိတ်ဆွေတွေ ဖြစ်တဲ့ ရေလုပ်သားတွေလည်း မျှော်လင့် နေတာပါ။

ပြီးခဲ့တဲ့ တန်ခူးလက စပြီး ကျွန် တော်တို့ ရေလုပ်သားတွေရဲ့ ဘ၀တွေကို ပြောင်းလဲပေးမယ့် အခြေအနေကြီးတစ်ခု ပေါ်လာတယ်။ ကျွန်တော်တို့ ရေလုပ် သားတွေက အင်္ဂလိပ်မင်း ပြက္ခဒိန်တွေ..ဘာတွေ သုံးလေ့သုံးထနည်းတယ်။ လပြည့်လကွယ်… လဆန်း လဆုတ်နဲ့ ရေတက်ရေကျတွက်ပြီး ရေလုပ်ငန်း လုပ်ကြတာကိုး။ အဓိက ပြဿနာကြီးက ရိုးရာရေလုပ်ငန်းလုပ်နေတဲ့ ကျွန်တော်တို့ လှေတွေကို အစိုးရမင်းများက ခွင့်မပြု တော့ဘူးတဲ့။

ကြားစတော့..ခါတိုင်းနှစ်တွေ လိုပဲ..ထင်တာ… အဆင်ပြေအောင်လုပ် ပေးလိမ့်မယ်ပေါ့။ အေးဆေးပဲပေါ့။ ဒီလိုနဲ့ကဆုန်၊နယုန်၊ ဝါဆိုရောက် လာရော… သက်ဆိုင်ရာခွင့်ပြုနေတဲ့ လူကြီးမင်းဆီသွားတော့မှ ဒီနှစ်က စပြီးတော့ ကျွန်တော်တို့ လှေတွေကို ခွင့်မပြုတော့ ဘူးတဲ့။ ဘုရားတပြီး ရွာပြန်လာလိုက်တယ်။ ရွာရောက်တော့မှ နားလည်တဲ့ လူတွေမေးကြည့်တော့ ဟုတ်တယ်တဲ့။

ဘယ်လိုလုပ်ကြမလဲပေါ့။ အခြားရေလုပ်သားတွေမေးကြည့်တော့လည်း.. ဘယ်သူမှ ရေရေရာရာ မပြောနိုင် ကြ ဘူး။ တချို့ကလည်း ဘာမှမဖြစ်သလို ခပ်အေးအေးပဲ။ ကျွန်တော်တော့ ရင်ပူ လှပါပြီ။ ဒီလှေလေးနဲ့ပဲ မိသားစု အရေး ကိုကြုံသလိုဖြေရှင်းနေရတာ…သားသမီး တွေ ပညာရေးလည်း ဒီလှေပဲ…ကျန်းမာ ရေးလည်း ဒီလှေပဲ… လူမှုရေး…ဘာသာ ရေးလည်း ဒီလှေပဲ… ဒီလှေမှ လုပ်မစား ရရင် ဘ၀ပျက်ပြီလေ။

မဖြစ်ဘူးဆိုပြီး ကျွန်တော်ရဲ့ အား ကိုးရာ ရွာကျောင်းက ဆရာကြီးဆီ ပြေးရတာပေါ့။ ဆရာထိုင်နေကျ လက်ဘက်ရည်ဆိုင်ဆီ ရောက်ရော၊ ဆရာကိုကြည့်လိုက်တော့ အတွေးလွန် နေပုံရတယ်။ ကျွန်တော်ရောက်လာတာ တောင်သတိထားမိပုံမရဘူး။ ဆရာလို့ ခေါ်လိုက်မှ… တစ်ချက်ကြည့်ပြီး… “လာလေ..ဖိုးကျော်” လို့ခေါ်တယ်။ ဘေးမှာဝင်ထိုင် ရင်း … “ဆရာ လုပ်ပါ ဦး”လို့ ဆိုတုန်း.. “လှေကိစ္စမလားလို့” ဆရာက ကြားဖြတ်ပြောလေရဲ့။
“ဒါပဲ စဉ်းစားနေတာ… ဖိုးကျော်.. ဘာလုပ်ရမလဲပေါ့ကွာ” လို့ ဆရာက ဆက်ပြောပါတယ်။

“ဗဟိုအစိုးရအမိန့်တဲ့ကွ။ တိုင်း ဒေသကြီးကလည်း ဘာမှ မလုပ်နိုင်ဘူး ဥပဒေအတိုင်းလုပ်တော့မယ်တဲ့အတော် တော့ခက်နေတယ်… ဘယ်သူကို အကူ အညီတောင်းမရမလဲတွေးနေတာ… ရေလုပ်သားတွေလည်း မသိသေးဘူး… ငါတို့ရွာတစ်ခု တည်းတော့ မဟုတ်ဘူး.. ကမ်းရိုးတန်းဒေသအားလုံး” လို့ ရှင်းပြ ပါတယ်။

ကျွန်တော့်အနေနဲ့ အစိုးရရဲ့ ရေလုပ် ငန်း အကြောင်းကို ကောင်းကောင်းမသိ ပါဘူး။ ကျွန်တော့် လှေလေးအကြောင်းပဲ သိတယ်။ ကျွန်တော်လှေရဲ့ လှေလိုင်စင် ကို ထွေအုပ်မှာ လုပ်ရတယ်။ လှေလိုင်စင် ရရင် ငါးဦးစီးဆီမှာ ငါးဖမ်းလိုင်စင်လုပ် ရတယ်။ ပြီးရင် ပင်လယ်ထဲထွက် ငါးဖမ်း တာပဲ.. အခွန်ပေးဆိုရင် ပေးလိုက်တာပဲ… ဒါကို ဘာဖြစ်လို့များ ဒီနှစ်ကျမှ ခွင့်မပြု လဲလို့… စဉ်းစား မရဘူး။

ကျွန်တော် စဉ်းစားနေတာကို ဆရာ ကြီးက တွေးမိပုံရတယ်။
“ဒီလို..ဖိုးကျော်… ကမ်းနီး လှေတွေ က အရှည် ပေ ၃၀ အောက်၊ မြင်းကောင် ရေ ၂၀ အောက်ကိုသာ ထွေ/အုပ်က ခွင့်ပြုရတယ်။ ငါတို့ လှေတွေအများစုက ဒီသတ်မှတ်ချက်တွေကို ကျော်နေတယ်.. ဒီခွင့်ပြုချက်ရမှ ငါးဦးစီးက ငါးဖမ်း လိုင်စင်ထုတ်ပေးတာ… အခု ထွေအုပ် ခွင့်မပြုတော့ဘူးလို့ပြောသလို…ငါးဦးစီး ကလည်း ခွင့်မပြုတော့ဘူးပြောနေ တော့… အတော်တော့ ခက်နေပြီကွာ”လို့ ပြောပါတယ်။

“ဆရာရယ်… ဒီလှေနဲ့ပဲ ကျွန်တော် လုပ်စားနေတာ… ကြာပါပြီ…ခါတိုင်းတုန်းကတော့ ခွင့်ပြုပြီး… ဒီနှစ် မှဆိုတော့ ဒုက္ခရောက်ပြီပေါ့ဒီပေ ၃၀ ၊ မြင်းကောင်ရေ ၂၀ ဆိုတာတွေက အဖိုးတို့၊ အဖေတို့ ခေတ်ကဟာတွေပါ သူတို့တွေ ခေတ်တုန်းက ပင်လယ်ကကောင်းတုန်း လေ။ အဝေးကြီးလည်း သွားစရာမလို ငါးကလည်းပေါနဲ့ ကျွန်တော်တို့ခေတ် ကျတော့ ငါးကလည်း ရှားပြီလေ ပင်လယ်ကလည်းဝေးပြီလေ။ ဒါကြောင့် လှေလည်း ကြီးလာတယ်။ စက်လည်း လိုက် ကြီးလာတာပါဗျာ” လို့ ဖြေရှင်းမိ တယ်။

ဆရာက ဒါတွေ အားလုံးသိတာပဲ ခက်တာက ဆုံးဖြတ်တဲ့လူကြီးတွေ မသိ တာလား။ အခြား ဘာအကြောင်းတွေရှိလဲ တွေးနေတာ။ တာဝန်ရှိတဲ့ သူတွေ ဖြေရှင်းပေးမယ်လို့ မျှော်ရတာပဲ။ ခပ်မြန်မြန်လုပ်ပေးစေချင်တာ။ လှေ တွေက နောက်လလောက်ဆိုရင် အများ စု ပင်လယ်ပြန်ထွက်ကြပြီ။ ရေတပ် ကလည်း တာဝန်အရ ဖမ်းမှာပဲ။ ငါးဦးစီး ကလည်း ဖမ်းမှာပဲ အတော်ပြဿနာ ဖြစ်မှာလို့ ညည်းရင်းပြောပါတယ်။
ဘယ်လိုလုပ်ရမလဲ။

ကျွန်တော်မျက်လုံးထဲ ရွာကလှေ တွေကို ပြေးမြင်ကြည့်တယ်။ အစင်းရေ ၂၀၀ ကျော်မှာ အစင်း ၅၀ လောက်ပဲ ခွင့်ပြု ချက် ရနိုင်တယ်။ ကျန်အစင်း ၁၅၀ လောက် ဘယ်လိုလုပ်ရမလဲ။ ဒီလှေပဲ ဖက်ပြီးရှင်သန်နေရတာ… ရှိသမျှ အရင်းအနှီးကလည်းဒီလှေပဲ.. ၂ စင်း .. ၃ စင်း ရင်းထားတဲ့သူတွေ ဘယ်လို လုပ်ကြမလဲ လှေဖိုးစက်ဖိုး..ပိုက်ဖိုး တွေအပြင် အခြားအရင်းအနှီးတွေပါ တွက်ရင် ကျွန်တော်လှေတန်ဖိုးက သိန်း ရာ ကျော်နေပြီ လုပ်ရက်လိုက်တာလို့ တွေးမိတယ်။

“ဖိုးကျော် မင်းတို့ လှေပိုင်ရှင်မှ မဟုတ်ဘူးရေလုပ်သားတွေလည်း ဒုက္ခပဲ ပြီးတော့ ရေခဲရောင်းတဲ့သူတွေ၊ ဆီ ရောင်းသူတွေ၊ ပိုက်ရောင်းတဲ့သူတွေ အားလုံးပြဿနာတက်မှာ ငါးဒိုင်တွေ ကော ဘယ်ကငါးသွားဝယ်မှာလဲ ဒိုင်က မိန်းကလေးတွေလည်း အလုပ်ပြုတ် ပေါ့ကွာ ရှမ်းထဲသွားပေါ့ရှမ်းထဲကဖမ်းနေလို့ မသွားနိုင်ရင်တော့ အလုပ် ပြုတ်ရင် ဘာလုပ်မလဲ မေးကြည့်ရဦး မယ် ပင်လယ်ငါးတွေ အကုန်လုံးရှားပြီး ..ဈေးကြီးတော့မယ်”လို့ ဆရာက ပြော ပြန်ပါတယ်။

“တာဝန်ရှိတဲ့ လူကြီးတွေကတော့ ပြည်သူတွေ ဒုက္ခရောက်ပါစေဆိုပြီးတော့ မထားပါဘူး။ ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ထားကွာ အကူအညီပေးနိုင် တဲ့သူတွေ ရှာဦးမယ် နောက်ဆုံးတော့ ငါတို့ရဲ့ အားကိုးရာ အမေစုဆီပဲ အသနားခံ တောင်းဆိုရမယ်။ သမ္မတကြီး လည်း စဉ်းစားမှာပါ ငါတို့တွေ စည်း စည်းလုံးလုံးနဲ့ ဝိုင်းပြောရင် ရနိုင်မယ်လို့ ထင်တယ် မရရင်တော့ ကျောင်းသား.ကျောင်းသူ မရှိတဲ့ကျောင်းမှာ ငါလည်း..ပြုတ်ရုံပဲကွာ” လို့ ပြောပါတယ်။

ဒီလိုပြောရင်း ဆိုင်ရှေ့ကို ဆိုင်ကယ် တစ်စင်းရပ်လာတယ်။ ရပ်ရေးရွာရေးမှာ ဦးဆောင်နေတဲ့ ကိုငယ်လေးပါ။ ဆိုင်ထဲ ဝင်လာပြီး ကျွန်တော်တို့ စားပွဲဝင်ထိုင် တယ်။
“နေကောင်းလားဆရာ”လို့ နှုတ် ဆက်တယ်။ “အေး”လို့ ဆရာပြန် ပြောရင်း… “လှေလိုင်စင်ကိစ္စ…သိပြီးပြီ လား” လို့ မေးပါတယ်။”ကြားတယ် ဆရာ… မြွေပူရာ..ကင်းမှောင့် .. ဗူးလေး ရာ..ဖရုံဆင့်..ဆရာ” လို့ ကိုငယ်လေးက ပြောတယ်။

“ထားဝယ် ကမ်းရိုးတန်း တစ် လျှောက် ကျောက်ထုတ်တာက တစ်မျိုး ရေနက် ဆိပ်ကမ်းက တစ်ဖုံ ရေနံချက် စက်ရုံကတစ်နည်း၊ ကျောက်မီးသွေး စက်ရုံက တစ်သွယ် ကမ်းခြေတွေမြေသိမ်း တာက အစုစု ကမ်းဝေးတွေ ဝင်ဆွဲတာက တစ်ဇာတ်နဲ့ ရေလုပ်ငန်းတော့ ဇာတ် သိမ်းတော့မယ်။ ရေလုပ်ငန်း ပျက်ရင် တော့ ထားဝယ်ပျက်တာပါပဲ။ မြေသိမ်း တာ လျော်ကြေး တောင်းနိုင်သေးတယ်။ ရေသိမ်းတာ ဘာလျော်ကြေးမှ မရှိဘူး ဆရာ အခုတော့ လှေသိမ်းတာ ဖြစ်နေပြီ။ လျော်ကြေးတောင်းဖို့ နေနေသာသာ လှေ အဖမ်းမခံရအောင် လုပ်ကြရတော့ မယ်..ဆရာ” လို့ ဆက်ပြောပါတယ်။

ဆရာရဲ့ သက်ပြင်းချသံနှင့်အတူ ကျွန်တော့် အနာဂတ်ဟာ ရိုက်ခတ်သွားပါ တယ်။
လူရယ်လို့ အရွယ်ရောက်ကတည်း က အဖေ့လှေပေါ်လိုက်ခဲ့တယ်။ မိုးထဲ နေထဲ လှိုင်းနဲ့ လေနဲ့ ရှင်သန်ခဲ့တယ်။ တောင်သူလယ်သမားနေ့ ဆိုတာကြီး ရှိတော့ တောင်သူဦးကြီးတွေကို အားကျ မိတယ်။ ရေလုပ်သားကြီးတွေကိုကျ ဘယ်သူမှ အထင်မကြီးကြပါဘူး တချို့ ဆိုရင် တံငါသည်လို့တောင် ပြောခံရ သေးပါတယ်။ ဒါကလည်း ကျွန်တော့် ဘ၀ပေးပေါ့ဗျာ။

လှိုင်းကြီးရင် လှေအောက်ဆိုပြီး ဇွဲမလျှော့ခဲ့ဘူး။ ရိုးရာမျှောပိုက်တွေနဲ့ ရိုးသားစွာ ရှာဖွေခဲ့တယ်။ ဘယ်နည်း ပညာမှမသုံးဘဲ မျှတစွာ ငါးဖမ်းခဲ့တယ်။ ဒီဝင်ငွေနဲ့ မိသားစုရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာ ရေး၊ လူမှုရေးတွေကို လုပ်ခဲ့တယ်။ ရေတစ်ဖျား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပင်လယ်ထဲကို အကြိမ်ကြိမ် စုန်ဆင်းခဲ့တယ်။
အခုတော့ ကျွန်တော်တို့ဘ၀တွေ လှော်ရင်း နစ်ခဲ့ပြီလားဗျာ။
.