အခွန်ဆောင်ပြီး ပြေစာရှိမှသာ တင်ဒါဆွဲရမည်

0
386

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် တိုင်းအတွင်းရှိ တင်ဒါလုပ် ငန်းများကို အခွန်ဆောင်ပြီးကြောင်း ပြေစာ (စလစ်)ရှိမှသာ တင်ဒါဆွဲယှဉ် ပြိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ထံမှ သိရသည်။
ယခင်က ကုမ္ပဏီလိုင်စင် သက် တမ်းရှိရုံဖြင့်တင်ဒါဆွဲခွင့်ပြုခဲ့ပြီး ကုမ္ပဏီအချို့က အခွန်ရှောင်မှုများရှိနေ သည့်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ် အတွက် အခွန်ဆောင်ပြီးကြောင်း စလစ်ပြနိုင်မှသာ တင်ဒါ ဆွဲခွင့်ပြုမည် ဖြစ်ကြောင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။

တိုင်းဒေသကြီး အစိုးရအနေဖြင့် အစိုးရတင်ဒါလုပ်ငန်းများကို ယခင်ကာလ များထက် ပိုမိုတင်းကြပ်စိစစ်လာခဲ့သည်။
တိုင်းအတွင်း အစိုးရ တင်ဒါလုပ် ငန်းများကိုတိုင်းအစိုးရအဖွဲ့ရုံးတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကိုသာ တင်ဒါဆွဲခွင့်ပြုမည်ဟု စည်းကမ်းတင်း ကြပ်ခဲ့ပြီး ယခုကဲ့သို့ ထပ်မံတင်းကြပ် လိုက်ခြင်းဖြစ်သည်။

“အခွန်မဆောင်ဘဲ ကုမ္ပဏီအဟောင်း ကိုဖျက်သိမ်းပြီး ကုမ္ပဏီလိုင်စင်အသစ် နဲ့ ပြန်လုပ်တာရှိတယ်”ဟု တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင် က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်အတွက် အခွန်များကို စည်းကြပ် ဆဲပင်ဖြစ်သည့်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် အခွန်ဆောင်ထား ကြောင်း စလစ်ကိုသာ တောင်းယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခွန်ဆောင်ထားပြီး အမှန်အကန် လုပ်ကိုင်နေသည့် ကုမ္ပဏီများ အနေဖြင့် ယင်းကဲ့သို့ စိစစ်ပါက ကြိုဆိုကြ လိမ့် မည်ဟုထင်ကြောင်း ထားဝယ်အခြေစိုက် ရဲမြတ်ဟိန်း ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးပြည့်ဖြိုးဟိန်းက ဆိုသည်။
“နိုင်ငံအနေနဲ့ အခွန်ယိုပေါက် တွေ လည်း မရှိနိုင်တော့ဘူးပေါ့” ဟု ဦးပြည့် ဖြိုးဟိန်းက ပြောသည်။
လက်ရှိအချိန်တွင် တိုင်းဒေသကြီး အစိုးရ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ပေါင်း ၃၀၀ ကျော်ရှိကြောင်း တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။