သုံးနှစ်အတွင်း ဆေးယဉ်ပါးတီဘီ ၁၅၀ ကျော်တွေ့ရ

0
485

တနင်္သာရီတိုင်းဒေသကြီးတွင် သုံးနှစ်တာ ကာလအတွင်း ဆေးယဉ်ပါး တီဘီရောဂါ တွေ့ရှိသည့်လူနာ ၁၅၀ ကျော်အထိရှိကြောင်း တိုင်းဒေသကြီး တီဘီရောဂါကု ဆရာဝန်ကြီးက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း ဆေးယဉ်ပါးတီဘီလူနာ ၁၆၀ ဦး တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီး တီဘီဆရာဝန်ကြီးက ဆိုသည်။

တီဘီရောဂါရိုးရိုး ဖြစ်ပါက ဆေးကုသချိန် ၆ လ မှ ၈ လအထိ ကြာမြင့်ပြီး ဆေးယဉ်ပါးတီဘီမှာမူ အချိန်ကာလ ကြာမြင့်စွာ ကုသရကြောင်း သိရသည်။
ရိုးရိုး တီဘီရောဂါကုသချိန်တွင် ဆေးပုံမှန်မသောက်ခြင်း၊ အချိန်မမှန် ဆေးသောက်ခြင်းနှင့် သတ်မှတ်ကာလအတွင်း ဆေးပတ်လည်အောင်မသောက် ခြင်းတို့ကြောင့် ဆေးယဉ်ပါးတီဘီ ဖြစ်လာရ ခြင်းဖြစ်ပြီး လူနာပတ်ဝန်းကျင် နေသူများကိုလည်း ဆေးယဉ်ပါးတီဘီ ကူးစက်နိုင်ကြောင်း တိုင်းဒေသကြီး တီဘီ ဆရာဝန်ကြီး ဒေါက်တာအောင်ထွန်းက ဆိုသည်။

“ဆေးသောက်ပြီး သုံးလလောက်ကြာရင် ခန္ဓာကိုယ်က ပုံမှန်အနေအထားဖြစ်လာတော့ ကောင်းသွားပြီ လို့ထင်ပြီး ဆေးဆက်မသောက်ရင် ဆေးယဉ်ပါး တီဘီဖြစ်လာနိုင်တယ်”ဟု ဒေါက်တာ အောင်ထွန်းက ပြောသည်။
တိုင်းအတွင်းရှိ မြို့နယ်ဆေးရုံများနှင့် ခရိုင်အဆင့် ဆေးရုံကြီးများတွင် တီဘီရောဂါကို စစ်ဆေးခြင်း၊ ကုသခြင်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။