အနံ့ဆိုးထုတ် ရော်ဘာစက်ရုံ မြို့ နှင့် ဝေးရာရွှေ့ရမည်

0
393

မြိတ်မြို့၊ရှမ်းချောင်းလမ်းရှိ ခရမ့်ရာဘာစက်ရုံအား မြို့နှင့် မိုင် ၂၀ အဝေးသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ဖြေကြားသည်။
ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပ သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို၏ မြိတ်မြို့ပေါ် အနံ့ဆိုးများဖြစ်ပေါ်နေ သည့် စက်ရုံလုပ်ငန်းများကို မည်သည့် အချိန် မည်ကဲ့သို့ အရေးယူ စီမံဆောင် ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်း ချက်ကိုဝန်ကြီးကပြန်လည် ဖြေကြား ခြင်းဖြစ်သည်။

စက်ရုံမှ ထွက်ရှိသော အနံ့အသက် ဆိုးများနှင့် စက်ရုံမှ စွန့်ပစ်သည့် ရေဆိုး ရေညစ်များ စီးဆင်းနေသည့် ရေမြောင်း တစ်လျှောက်မှ ပတ်ဝန်းကျင်အိမ်များ အနံ့အသက်ဆိုးများ ခံစားနေရသဖြင့် ယင်းစက်ရုံအား မြိတ်နှင့် မိုင် ၂၀ ခန့် ကွာဝေးသောငါးအင်းကျေးရွာ အနောက် ဘက်သို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက် လျှက် ရှိကြောင်း ဦးမြင့်မောင်က လွှတ် တော်တွင် ဖြေဆိုသည်။

မည်သည့်အချိန် ပြောင်းရွှေ့မည်ကို မူ လွှတ်တော်တွင် ဖြေဆိုသွားခြင်း မရှိပေ။
“ဘယ်အချိန် ပြောင်းရွှေ့ရမယ် ဆိုတာတော့ဆက်စပ်ဌာနတွေရဲ့ သဘော ထားယူပြီး ဆက်လုပ်သွားမယ်”ဟု ဝန်ကြီးက ဇူလိုင် ၇ ရက်နေ့တွင် တနင်္သာရီ အပတ်စဉ်သို့ ဖြေဆိုသည်။

မြိတ်မြို့ရှိ အနံ့ဆိုးနာမည်ကျော် ငါးမှုန့်ကြိတ်စက်ရုံများကိုမူ အနံ့ဆိုး ထုတ်လွှတ်မှု လျော့နည်းပပျောက်စေရေး အတွက် ထုတ်လုပ်သူများမှ ကောင်းမွန် သော ထုတ်လုပ်မှုကျင့်စဉ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ပတ် ဝန်းကျင်မထိခိုက်စေရေးအတွက် သက်ဆိုင်ရာဌာနများ၏ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင် ရွက်စေမည်ဟု ဝန်ကြီးက ဖြေဆိုခဲ့သည်။