ရဲကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျ

0
423

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလက ထားဝယ်မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် မူးယစ် တရားခံ သီဟနိုင် အား အမှု ၃ ခုအတွက် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ် လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံး ထံမှ သိရသည်။
အမိန့်ချရန် ကျန်နေသေးသည့် အမှု ၃ မှုတွင် အမှု ၂ မှု ကို နှစ် အကန့်အသတ်မရှိ ထောင်ဒဏ် ချမှတ် ခဲ့ပြီး ၁ မှုကို ထောင်ဒဏ် ၄ နှစ်ချမှတ် လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံး ထံမှ သိရသည်။

သီဟနိုင်(ခ) ညီငယ် ကို လူသတ် မှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် တရားစွဲ ဆိုထားသော အမှုပေါင်း ၇ မှုရှိသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ အမှု ၄ မှုအတွက် ထောင်ဒဏ် ၄၄ နှစ် ချမှတ် ထားပြီး ကျန်ရှိသည့် ၃ မှုအတွက် ယင်းကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ် သည်။

မူးစိတ်ပုဒ်မ ၁၉(က)/၂၂(ခ)အရ ဇွန်လ နောက်ဆုံးအပတ်က ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ချမှတ် လိုက်ပြီး ယင်းအမှုတွဲပါ လူ ၅ ဦးကို အမြင့်ဆုံးပြစ်ဒဏ် ၁၂ နှစ် အပါအဝင် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက် ကြောင်း ထားဝယ်ခရိုင် တရားရုံးမှ သိရသည်။
ဇွန်လ ၂၉ ရက်တွင် အခြားအမှုဖြစ် သည့် မူးစိတ်ပုဒ်မဖြင့် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ထပ်မံချမှတ် လိုက်ပြီး ယင်းအမှုမှ မူးစိတ်ပုဒ်မ ၁၅ အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်ကို ချမှတ်ကာ တပေါင်းတစည်းတည်း ကျခံ စေရန် အမိန့်ချလိုက်ကြောင်း ခရိုင် တရားရုံး မှတ်တမ်းအရ သိရသည်။

ယင်းအမှုတွင် တပေါင်းတစည်း တည်း ကျခံစေရန် အမိန့်ချသည့်အတွက် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ပြစ် ဒဏ်ကိုသာ ကျခံရမည်ဖြစ်သည်။
ဧပြီလ ၄ ရက်နေ့က အမိန့်ချသည့် အခြား မူးယစ်ဆေးဝါးအမှုတစ်ခုတွင် သီဟနိုင်က အပြစ်မရှိကြောင်း ထင်ရှား သည့်အတွက်အမှုမှ အပြီးအပြတ်လွတ်ခဲ့ ပြီး ယင်းအမှုတွင် ပါဝင်သည့် အမျိုး သမီးတစ်ဦးအပါအဝင် တရားခံ ၅ ဦးကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၅ နှစ် အပါအဝင် ထောင်ဒဏ် အသီးသီးချမှတ် ခဲ့သည်။
“ဒီဇင်ဘာလ နောက်ပိုင်းမှာ အမှု သုံးခုအတွက် အမိန့်ချလိုက်တာ၊ အမှု အားလုံး ကုန်သွားပြီ” ဟု ထားဝယ်ခရိုင် တရားသူကြီး ဒေါ်သန်းသန်းအေးက ပြောသည်။ထားဝယ်မြို့ ကမ်းနားလမ်းရှိ နေအိမ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ဝင်ရောက်ဖမ်းဆီးစဉ် သေနတ်တစ်လက်၊ တရားခံ ၄ ဦးနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး သီဟနိုင်(ခ) ညီငယ်မှာ လွတ်မြောက်သွားကာ ရဲတပ်ဖွဲ့မှ မူးယစ်တရားခံပြေးအဖြစ် သတ်မှတ်ခဲ့ သည်။

မူးယစ်တရားခံပြေးဖြစ်သူ သီဟနိုင် အား ထားဝယ်မြို့ လယ်ရှိ နေအိမ် တစ်အိမ်တွင် ၂၀၁၆ ခုနှစ် မေလတွင် ဝင်ရောက်ဖမ်းဆီးစဉ် ရဲတပ်သားတစ်ဦး အား သီဟနိုင်က သေနတ်ဖြင့် ပစ်ခတ် သဖြင့် ရဲတပ်သား သေဆုံးသွားခဲ့သည်။