ကုန်ထုတ်စခန်းမှ အကျဉ်းသား ၅ ဦး ထွက်ပြေးလွတ်မြောက်

0
471

မွန်ပြည်နယ် ပေါင်မြို့နယ်၊ အင်းဗြောင်အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းမှ အကျဉ်းသား ၅ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ပေါင်မြို့နယ် ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အကျဉ်းသား ၅ ဦးတို့သည် ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် တာဝန်ကျ ဒုတပ်ကြပ်သက်လွင်ကို ကျောက်ခဲဖြင့် ပစ်ပေါက်ကာ ကုန်ထုတ်စခန်းအနီးရှိ တောအတွင်းသို့ ထွက်ပြေး လွတ်မြောက် သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားများမှာ အသက် ၂၁ နှစ်မှ ၃၂ နှစ်အကြား ရှိပြီး ထောင်ဒဏ်ရှစ်နှစ်မှ ၁၃ နှစ်အထိ ကျခံနေရသူများ ဖြစ်ကြောင်း ယင်းမှတ်တမ်းအရ သိရသည်။

“အခုချိန်ထိတော့ ဖမ်းလို့မမိသေးဘူး၊ မနေ့ည ၇ နာရီက အမှုလာဖွင့်တယ်၊ အထောက်အထား မပြည့်စုံလို့ ည ၉ နာရီလောက်မှ အမှုဖွင့်ဖြစ်တယ်၊ အင်းဗြောင်ကုန်ထုတ်စခန်းက တာဝန်ကျ ဒုတပ်ကြပ်တစ်ဦးကို ကျောက်ခဲနဲ့ပစ်ပေါက်ပြီး တောထဲကို ထွက်ပြေးသွား တယ်လို့ပြောတယ်” ဟု ပေါင်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးက ပြောသည်။

အကျဉ်းသား ၅ ဦး ထွက်ပြေးသွားချိန်တွင် လိုက်လံဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားသဖြင့် အင်းဗြောင်ကုန် ထုတ်စခန်းမှ လက်ထောက်ကြီးကြပ်ရေးမှူး (၁) ဦးညီညီလွင်က တရားလိုပြုလုပ်၍ ပေါင်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၅ ဦးကို ပေါင်မြို့မ ရဲစခန်းတွင် (ပ) ၂၂၄၊၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၂၊၂၂၄ ဖြင့် ပြန်လည်ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်ထားကြောင်း ပေါင်မြို့မ ရဲစခန်းထံမှ သိရသည်။