ထားဝယ်တွင် အောက်ဆီဂျင်လိုအပ်ချက် နှစ်စဉ်မြင့်တက်

0
324

ထားဝယ်ခရိုင်အတွင်း လူနာများအတွက်အောက်ဆီဂျင်လိုအပ်ချက် နှစ်စဉ် မြင့်တက်လာနေကြောင်း ထားဝယ်မြို့ အခြေစိုက် အာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးထံမှ သိရ သည်။

ယမန်နှစ်က တစ်လလျှင် ပျမ်းမျှ အောက်ဆီဂျင်အိုးကြီး ၂၀၀ လုံးခန့်သာ လိုအပ်ရာမှာ လက်ရှိတွင် ၂၅၀ လုံးခန့် သုံးစွဲနေရကြောင်း အာယုဒါနမှ တာဝန်ခံ ဖြစ်သူ ဦးအောင်မြင့်က ဆိုသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က တစ်လ လျှင် အောက်ဆီဂျင်အိုးကြီး ၁၅၀ လုံး ခန့် လိုအပ်ခဲ့ကြောင်း သိရသည်။
“အောက်ဆီဂျင် လိုအပ်ချက်ကတော့ နှစ်တိုင်းကို မြင့်တက်နေတယ်”ဟု ၎င်းက ပြောသည်။

လစဉ်အသုံးပြုနေသည့် အောက်ဆီ ဂျင်လိုအပ်ချက်ကို ရန်ကုန်ရှိ အောက်ဆီ ဂျင်စက်ရုံမှဝယ်ယူ လှူဒါန်းနေခြင်း ဖြစ်ပြီး အိုးအကြီး ၁ လုံးလျှင် ကျပ် ရှစ်ထောင်ခန့် ကျသင့်သည်။
အောက်ဆီဂျင်ဘူးများကို မြို့သူ မြို့သားများ၏ လစဉ်လှူဒါန်းငွေဖြင့် ဝယ်ယူလှူဒါန်းလျက်ရှိကြောင်း သိရ သည်။
အောက်ဆီဂျင်အိုးများကို ထားဝယ် ခရိုင်အတွင်းရှိ ဆေးရုံတက် လူနာများ၊ အရေးပေါ်လူနာတင်ယာဉ်များနှင့် အိမ်တွင် ဆေးကုသနေသူများကို ဆရာဝန် ထောက်ခံချက်ဖြင့် ငှားရမ်းလှူဒါန်း နေကြောင်း တာဝန်ခံ ဦးအောင်မြင့်က ဆိုသည်။
ထားဝယ်မြို့တွင် အောက်ဆီဂျင် စက်ရုံကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သော်လည်း စက်ရုံ လည်ပတ်ပြီး တစ်လခန့်အကြာတွင် မီတာခ ဈေးကြီးခြင်းနှင့်စက်ချို့ယွင်း ခြင်းတို့ကြောင့် လက်ရှိအချိန်ထိ ရပ်နား ထားရကြောင်း အာယုဒါနအဖွဲ့ထံမှ သိရသည်။