အပြန်အလှန် ထိန်းကျောင်းခြင်း

0
698

ဒီမိုကရေစီ၏ အနှစ်သာရတွင် တကယ့်အခြေခံမှာ ဥပဒေပြုရေး (လွှတ် တော်)၊ အုပ်ချုပ်ရေး(အစိုးရ)နှင့် တရားစီရင်ရေး (တရားရုံးများ) မဏ္ဍိုင်တို့ သီးခြားကျင့်သုံးပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းကျောင်းခြင်း ဖြစ်ကြောင်း အထူးပြောစရာလိုမည် မထင်ပါ။

ယခုရက်သတ္တပတ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က ရှင်ဓာတ်ဝဲဘုရား ပြင်ဆင်နေမှု ကို ဥပဒေ၊ နည်းဥပဒေများနှင့် အညီမလုပ်ဆောင်နိုင်မီ အစိုးရက ရပ်တန့်ထားရန် ဆုံးဖြတ်လိုက်မှုသည် ဒီမိုကရေစီ၏ အနှစ်သာရ စတင်အသက် ဝင်လာခြင်းဟု ယူဆနိုင်သည်။ စတင်အသက်သွင်းသော တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုလည်း များစွာအသိအမှတ်ပြုရမည် ဖြစ်သည်။

သက်ဆိုင်ရာ လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် မိမိမဲဆန္ဒနယ်ကို ကိုယ်စားပြုကာ ပြောဆိုတင်ပြဝေဖန်ဆွေးနွေးရမည့်အပြင် အစိုးရ၏ လုပ်ရပ်များ ဥပဒေနှင့်အညီ ဖြစ်၊ မဖြစ် စောင့်ကြည့်ထိန်းကျောင်း ရန်လည်း တာဝန်ရှိသည်။
ထိုကြောင့် တိုင်းဒေသကြီး အစိုးရ၏ ရှင်ဓာတ်ဝဲဘုရား ပြင်ဆင်နေမှုသည် တည်ဆဲဥပဒေများနှင့်အညီ မလုပ်ဆောင်နိုင်မီ ရပ်ဆိုင်းထားရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ခြင်းကို ဒီမိုကရေစီ၏ အနှစ်သာရကို ဖော်ဆောင်သော လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ရှင်ဓာတ်ဝဲဘုရားကိစ္စကို လွှတ်တော်တင်သော လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းအဖြစ်သာ မေးမြန်းခဲ့သော်လည်း ဝန်ကြီး၏ အဖြေကို မကျေနပ်သဖြင့်ဟုဆိုကော (တိုက်တွန်းကြောင်းအဆိုတင်ကဲ့သို့) မဲခွဲဆုံးဖြတ်ခြင်းသည် သက်တမ်းနုနု မြန်မာ့ဒီမိုကရေစီ အလေ့အကျင့်တွင် ထူးခြားသော လွှတ်တော်ရေးရာ ဆုံးဖြတ်ချက်ဖြစ်စဉ်တစ်ခု ဖြစ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးက လွှတ်တော်ကို ပြန်လှန် မေးခွန်းထုတ်မှု ရှိ၊ မရှိမှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။
ထိုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှာ အစိုးရကို မီဒီယာမှ တစ်ဆင့်ဝေဖန်မိသဖြင့် မိခင်ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံ ထုချေလွှာတင်ရမည်ဟု ဆိုရာ အပြန်အလှန်ထိန်းကြောင်းခြင်းကို ဖျက်လိုဖျက်ဆီးလုပ်နေသော လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီအတွက် များစွာ အနုတ်လက္ခဏာဆောင်သော ဖြစ်ရပ်အဖြစ်လည်း မှတ်တမ်းပြုလိုပါသည်။