SCL ကုမ္ပဏီ တနင်္သာရီတိုင်းတွင် အစုရှယ်ယာ လိမ်ရောင်းနေဟုထုတ်ပြန်

0
355

တနင်္သာရီတိုင်းဒေသကြီးတွင်Saxon Capital Limited (SCL) ကုမ္ပဏီမှ အစုရှယ်များအား လိမ်လည် ရောင်းချနေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနက၊ ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ထုတ်ပြန်လိုက်သည်။

Saxon Capital Limited (SCL) ကုမ္ပဏီသည် ဘဏ်လုပ်ငန်း စနစ်နှင့် မိုဘိုင်းလ်တယ်လီဖုန်းစနစ်ကို အသုံးပြု၍ အစုရှယ်ယာတစ်စုလျှင် ကျပ် ၁၂၅၀၀ သတ်မှတ်ပြီး မြင့်မားသောအတိုး နှုန်းပေးကာ ပြည်သူများအား လိမ်လည် ရောင်းချလျက်ရှိသည်ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။သို့သော် တနင်္သာရီအပတ်စဉ်၏ စုံစမ်းမှုအရ အွန်လိုင်းပေါ်တွင် အမှန် တကယ်ရောင်းချခဲ့သော အစုရှယ်ယာ တစ်ယူနစ်ဈေးမှာ ၁၂၅၀ ကျပ်ဖြစ်ပြီး အဖွဲ့ဝင်များသည် အနည်းဆုံး ယူနစ် ၁၅၀ အတွက် ၁၈၇၅၀၀ အနည်းဆုံး ပေးသွင်းရန် လိုအပ်သည်။
ထိုသို့ပေးသွင်းထားပါက လေးလ (ရက်ပေါင်း ၁၂၀) အတွင်း ငွေကျပ် ၃၃၀၀၀၀ ကျော် ရရှိလာမည်ဖြစ်ကြောင်း မက်လုံးပေး စည်းရုံးခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီအပတ်စဉ်၏ စုံစမ်းမှု အရ SCL Myanmar for Dawei ဟူသော facebook စာမျက်နှာတစ်ခု ဖွင့်လှစ်၍ လုပ်ဆောင်ခဲ့ပြီး ယခုအချိန် တွင် ယင်းစာမျက်နှာကို ရှာဖွေမတွေ့ ရှိတော့ပေ။

ယင်းကုမ္ပဏီသည် တနင်္သာရီ တိုင်းနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် လိမ်လည်ရောင်း ချလျက်ရှိသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။”မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်က ညွှန်ကြားလာလို့ ဒီကုမ္ပဏီ(SCL) နာမည်နဲ့ ဘဏ်အကောင့်ရှိမရှိ စိစစ်ဖို့ အတွက် တိုင်းထဲက ဘဏ်ခွဲတွေကို ညွှန်ကြားထားတယ်။ အဲဒီကုမ္ပဏီ နာမည်နဲ့ ဘဏ်အကောင့်လာဖွင့်မယ် ဆိုရင်လည်း လက်မခံဖို့ ညွှန်ကြားထား တယ်”ဟု တိုင်းဒေသကြီး မြန်မာ့စီးပွား ရေးဘဏ် မှ တိုင်းမန်နေဂျာ ဦးထွန်းထွန်း ဝင်းက ပြောသည်။

ဘဏ်လုပ်ငန်းစနစ်နှင့် မိုဘိုင်းလ် စနစ်ကို အသုံးပြု၍ အများပြည်သူသို့ အစုရှယ်ယာရောင်းချခြင်းသည် ဥပဒေ အရ ဆောင်ရွက်ခွင့်မရှိသည့် လုပ်ငန်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။ယင်းလုပ်ငန်းအား ဆောင်ရွက်ပါ က တရားဥပဒေအရ အရေးယူမည်ဖြစ်ပြီး အများပြည်သူအနေဖြင့် အဆိုပါလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရှိပါက ငွေ ချေးသက်သေခံလက်မှတ် ကြီးကြပ်ရေး ကော်မရှင်ရုံး ဖုန်းနံပါတ် ၀၁-၃၇၀၁၉၈ သို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထား သည်။