နယ်သာလန်ထုတ် မီးဖိုတစ်ထောင်ကျော် လောင်းလုံးနှင့် သရက်ချောင်းတွင် ဖြန့်မည်

0
376

နယ်သာလန်နိုင်ငံထုတ် စွမ်းအား မြှင့် မီးဖိုတစ်ထောင်ကျော်ကို လောင်းလုံး နှင့် သရက်ချောင်းမြို့နယ်နှစ်ခုအတွင်း ရှိကျေးရွာ ၁၆ ရွာတွင် အခမဲ့ဖြန့်ဝေပေး မည်ဖြစ်ကြောင်း World Vision Myanmar ရုံးခွဲများထံမှသိရသည်။
World Vision Myanmar မှ ယင်းမီးဖိုများကို အသက် ၅ နှစ်အောက် ကလေးရှိသော မိသားစုများကို အဓိက ဦးတည် ထုတ်ပေးခြင်းဖြစ်ပြီးရေရှည်တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ များကို လျှော့ချနိုင်ရန်ရည်ရွယ်ကြောင်း လောင်းလုံးမြို့နယ် စီမံချက်မန်နေဂျာဦး ဝမ်ထွန်းကပြောသည်။
Mimi-moto ဟု ခေါ်သည့် စွမ်းအားမြှင့်မီးဖိုများဇွန်လ ၂၆ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး မီးဖိုတပ် ဆင်နည်းအသုံးပြုနည်းကိုပါ လက်တွေ့ ပြသပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ယင်းမီးဖိုသည် မီးအားကောင်းပြီး ထင်းကုန်သက်သာခြင်း၊ မီးခိုငွေ့ အထွက်နည်းခြင်းတို့ကြောင့် ဒေသခံ များအကြား စိတ်ဝင်စားမှုမြင့်တက်လျက် ရှိပြီး စာရင်းပေးသွင်းသူပေါင်းတစ်ရာ ကျော်ခန့်ရှိသည်ဟု သာယာကုန်း ကျေးရွာရှိ ကျေးရွာဖွံဖြိုးရေး စေတနာ့ ဝန်ထမ်း အဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်မိုး က ပြောသည်။
“လိုချင်တဲ့သူများနေလို့ မရသေး တဲ့ ၅ နှစ်အောက်ကလေးမိသားစုတွေကို နောက်တစ်ခါ ထပ်ပေးစေချင်သေး တယ်” ဟု ၎င်းကပြောသည်။
ကျေးရွာတစ်ရွာလျှင် အရေအတွက် မည်မျှ ထုတ်ပေးမည်ဟု သတ်မှတ် ထားခြင်းမျိုး မဟုတ်ဘဲ အသက် ၅ နှစ် အောက် ကလေးရှိသော မိသားစုများကို ဦးတည်ထုတ်ပေးလျက်ရှိကြောင်း World Vision Myanmar လောင်းလုံး မြို့နယ်ရုံးခွဲထံမှ သိရသည်။