တက္ကသိုလ်တွင် မူးယစ်ဆေးဝါးကို အန္တရာယ်တစ်ခုအနေဖြင့် ကြုံတွေ့နေရဟု ဆို

0
402

တက္ကသိုလ်တွင် မူးယစ်ဆေးဝါးမှာ အန္တရာယ်တစ်ခုအနေနှင့် တွေ့ကြုံနေရပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
တက္ကသိုလ်အတွင်းရှိ ချုံတောများ ကို ရှင်းလင်းရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် လက္ခဏာများ၊ ပစ္စည်း များ တွေ့ရှိရသည့်အတွက် အန္တရာယ် တစ်ခုအနေဖြင့် တွေ့ကြုံနေရပြီဟု သုံးသပ်နိုင်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

ဇွန်လ ၂၆ ရက်က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
“တက္ကသိုလ်မှာလည်း မူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီး အန္တရာယ်တစ်ခု အနေနဲ့ တွေ့ကြုံနေရပြီလို့ ကျွန်မတို့ အနေနဲ့ သုံးသပ်လို့ရနေပါတယ်၊ ဒါကြောင့် အားလုံး ပူးပေါင်းဆောင်ရွက် စေချင်ပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။

မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ပညာပေး စည်းရုံးခြင်း လုပ်ငန်း များကို အခြေခံပညာကျောင်း များနှင့် တက္ကသိုလ်များတွင် ကျယ်ကျယ် ပြန့် ပြန့် အလေးအနက်ထား လုပ်ဆောင် ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။မည်သည့် တက္ကသိုလ်ဟု ဝန်ကြီးချုပ် က ထုတ်ဖော်မပြောခဲ့သော်လည်း ယမန်နှစ်က ထားဝယ်တက္ကသိုလ်တွင် ချုံတောများရှင်းလင်းခဲ့ဖူးသည်။

တက္ကသိုလ် ကျောင်းသားအချို့ မူးယစ်ဆေးသုံးစွဲမှုများရှိပြီး သုံးစွဲနေသူ များကို ကျောင်းအာဏာပိုင်နှင့် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းကာ ပညာပေးခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်သင့်ကြောင်း ထားဝယ် တက္ကသိုလ်ကျောင်းသား များသမဂ္ဂ အဖွဲ့ဝင် ကိုအောင်ဝေယံကျော် က ပြောသည်။
” တကယ်သုံးနေတဲ့ သူတွေက ပညာပေးပွဲတွေမှာ မပါဘူး” ဟု ကိုအောင်ဝေယံကျော်က ဆိုသည်။
WY စိတ်ကြွဆေးပြားကို တိုင်း အတွင်းရှိ လူငယ်ထုအတွင်း ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲရောင်းဝယ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ မေလ အထိ ၅ လတာကာလအတွင်း မူးယစ် ဆေးဝါး အမှုပေါင်း ၂၃၄ မှုမှ တရားခံ ၃၇၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။