၇င်နင်.မိသော

0
417

နိဒါန်း ။
ညနေစောင်းမှာ အရေးပေါ် တာဝန် ကျ ဆရာဝန်ထံမှ သေဆုံးရောက်ရှိ အလောင်းနှစ်လောင်း ရောက်နေကြောင်း ဖုန်းဆက်လာသဖြင့် သိလိုက်ရသည်။ ပုံမှန်ထူးခြားတာမဟုတ်ရင်ဖြင့် ဆက်လေ့ မရှိ။ ၃၉ နှစ်အရွယ် အမျိုးသမီး အလောင်း တစ်လောင်းနှင့် ၃ လ ကလေး အလောင်း တစ်လောင်း ။

၁။ ဆွဲကြိုးချသေဆုံးသော မိခင် အလောင်းအတွက် စစ်ဆေးသင့်သည့် အပိုင်းကဏ္ဍက ရှင်းလင်းပေမဲ့ ပီဘိ ကလေးက ဘယ်အတွက် သေဆုံးရသည် ဆိုတာကို သည်ရင်ခွဲရုံရောက်တော့ မသိ ခဲ့ရ။
၎ နှစ်ကလေး ငိုကြွေးနေမှ အိမ်ပေါ် တက်ကြည့်တော့သည် အမျိုး သမီး သေဆုံးနေတာ တွေ့ရသည်။ အနီးပတ် ဝန်းကျင်မှာ ကလေး ပုခက်အတွင်း ကလေးကို တွေ့သည်။ ကလေးလည်း အသက်မရှိတော့။ ရသည့် သဲလွန်စက သည်မျှသာ။
ကလေးမိခင်မှာ လွန်ခဲ့သော တစ် နှစ်ခန့်ကတည်းက ပဋိသန္ဓေတားဆေး depo ထိုးပြီး ကတည်းက ဆံနွယ်တို့ အထွေးလိုက် ကျွတ်ကျကာ ဆံပင်ပြောင် ပြောင် ဖြစ်ခဲ့ရလေသူ။

ဆရာဝန်ထံ ပြန်ပြပေမဲ့ ထိရောက် သော ကုသမှုမရ နှစ်သိမ့်မှု ညွှန်းပို့မှု နှစ်သိမ့်ဆွေးနွေးမှု မရခဲ့။ သူမ စိတ်ဓာတ် ကျလို့ လာသည်။
အရပ်အမောင်း ပေမီဒေါက်မီဖြစ် သော ဆံနွယ်ကောင်းသော သူမသည် သူ့ရွာတွင် သူ့နာမည်လေးနဲ့သူရှိသည့် အပျိုတစ်ယောက် ဖြစ်ခဲ့သလို တစ်နယ်မှ လာသော အထက်သားနှင့်အကြောင်း ပါသည်။ အမွှာနှစ်စုံ အပါအဝင် ကလေးတစ်ကျိပ်ကျော် မွေးခဲ့လေသူ။
ပဋိသန္ဓေတားဆေးထိုးကာမှ ဆံနွယ်က ကျွတ်လို့ ကတုံးဖြစ်ရသူ။ ဒါနှင့်သူ ဆေးဖြတ်တော့ ကိုယ်ဝန်ထပ် ရသည်။ အထွေးက ၄ နှစ်မှာသည် ကလေးငယ်ကို သူမ ထပ်မွေးရသည်။

သားကြောဖြတ်ဖို့ သူမဆုံးဖြတ်ကာ ကလေးမွေးအပြီး ဆေးရုံတက်ကာ ခွဲစိတ်ကုသမှု ခံယူသည်။ ခွဲစိတ်မှု မပြုမီ ကူးစက်ရောဂါ ရှာဖွေခြင်း (screening) လုပ်တော့ အသည်းရောင် အသားဝါဘီပိုး (hepatitis B) ထပ်တွေ့ ရသည်လို့ ဆိုသည်။
သည်အတွက် ခွဲခြားဆက်ဆံသည် ဟု ပြင်းပြင်းထန်ထန် မဆိုလိုသော်လည်း ကူးစက်ရောဂါဆိုပြီး သတိထားကိုင်တွယ် ခွဲစိတ်မှုပြုကြ ရသောအခါ အတိုင်းအတာ တစ်ခုတော့ သူမစိတ်မှာ ခံစားခဲ့ရတာ တော့ ရှိပေလိမ့်မည်။

နှစ်သိမ့်ဆွေးနွေး ပညာပေးမှု အရာ မှာ အားနည်းခဲ့တတ်သော ကျွန်တော် တို့တွေသည် လူနာ၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်အား အလေးမထားမိလေသော ကွက်လပ်ကိုတော့ မငြင်းဆန်ကောင်း ပါလေ။
ဆိုတော့ သူမ ပြန်ကတည်းက စိတ်ဓာတ်ကျလို့ နေသည်။ သည်ကလေး မမွေးမီ ကတည်းကလည်း သူမခင်ပွန်းက စနောက်တတ်သည်။
မင်းနဲ့ ငါက အရင်က အရမ်းမြိုင် တယ် ဆိုကြတယ်ကွဲ့။ ခု မင်းက ကတုံး ဖြစ်သွားတော့ ငါ့မယ်အမျိုးတွေကို မပြရဲ ပေဘူး။ ဘယ်က အရူးမတစ်ယောက် မယားလုပ်ယူထားလဲလို့ မေးမှာစိုး တယ်လို့ရယ်ပွဲဖွဲ့ ပြောလေတော့ သူမ ရင်မှာ မချိ။
ခုတော့ ဘီပိုးဆိုတာ တွေ့ပြန်ပြီ။ သူမ သေချင်သည်လို့ လူတကာကို ပြောတတ်တာ လနှင့်ချီကြာခဲ့ပြီ။

အဲသည်နေ့၊
အခင်းဖြစ်သည့်နေ့က ရွာကထိန်ပွဲ ရှိသည်။
ရွာဦးကျောင်းဆရာထံ သူမ သွား ရောက် ဦးတင်သေးသည်။
တပည့်တော်မ ဝဋ်ကြွေးရှိက သည် ဘ၀သည်မျှကြေပါစေဟု ဦးတင်လျှောက် ခဲ့သေးသည်။
သူမ အမျိုးသားက အလုပ်ကိစ္စဖြင့် အိမ်မှ ထွက်သွားတာတစ်ပတ် ရှိပြီ။ အိမ် မှာ ကလေးတွေနှင့် သူမသာရှိချိန်။ ၄ နှစ်အရွယ် ကလေးကို သူမက မုန့်ဖိုး ၂၀၀ ပေးကာ ဆွဲကြိုးချမည့်ကြိုးကို ခေါင်းအုံးအောက်မှ ယူခိုင်းသည်။ နောက် ဝါလတ်ခြင်းကို မှောက်ခုံမှောက်။ တုတ်တန်းပေါ် ကြိုးတင် လုံးထွေးချိန်။ ၄ နှစ်ကလေး မလုပ်တတ် မကိုင်တတ်နှင့် အော်ဟစ် ငိုယိုပြေးကာမှ အိမ်နားနီးချင်း တို့ အခင်းဖြစ်နေတာ တွေ့ကြရသည်။ ၃ လ ကလေးကလည်း အသက်မရှိတော့။
ရင်ခွဲစစ်ဆေးတော့ ကလေး အလောင်းမှာ အသက်ရှုကြပ်သေဆုံး လက္ခဏာတစ်ခုဖြစ်သည့် (central cyanosis )နှင့် ဒူးမှာ ညိုမည်းဒဏ်ရာ တစ်ခုမှအပ ပြင်ပဒဏ်ရာမရှိ။ အဆုတ် ကတော့ အဆုတ်ရောင်ရောဂါ (pneumonia lungs)နှင့် ဆင်ဆင် တူတာက လွဲလို့ ထူးခြားတာမတွေ့။ လေပြတ်သေဆုံးခြင်း(asphyxia) ကြောင့် ဆုံးတာဖြစ်ပေမဲ့လို့ အခြားသတင်း အချက်အလက်တို့ လိုအပ်နေတာအမှန်။ တာဝန်ခံဆရာဝန် ညီငယ်တို့နှင့်အတူ ရင်ခွဲစစ်ဆေးရာသို့ ၎င်းအား သားကြော ဖြတ်ခွဲစိတ်ကုသမှု (asphyxia) လုပ်ပေးစဉ်က ပါဝင်ခဲ့သော ညီမငယ် နေခြည်လင်းကလည်း လာပြီး အားဖြည့် ပေးသလို သေဆုံးရခြင်း အကြောင်းအရင်း (cause of death )အတည်ပြုချက် ပေးနိုင်ဖို့အတွက် အငြိမ်းစား မှုခင်း ဆိုင်ရာဆေးပညာ ပါမောက္ခဆရာကြီး ဒေါက်တာ ဦးဒေးဗစ်ကျော်ဆီလည်း မေးဖြစ်ပါသည်။ မမဆေးရုံအုပ်ကြီး ကလည်း အထူးတလည် စိတ်ဝင်စား သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်လေ။
အမျိုးသမီးအလောင်းကတော့ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ဆွဲကြိုးချသေဆုံးသူ တစ်ယောက်ထက် ထူးခြားသော အချက် အလက်များ မတွေ့ရ။
ပါမောက္ခ ဆရာကြီးကတော့ အခင်းဖြစ်သည့် နေရာ အနေအထား (scense of crime)ကို လိုက်ရန်နှင့် အဆိပ်ဗေဒကို ထည့်သွင်းစဉ်းစားဖို့။ သေတမ်းစာ ကျန်/မကျန် လိုက်ဖို့ အကြံ ပြုသည်။
သည်နေ့မှာ သည်အလောင်းနှစ် လောင်း မြေကျသည်။

၂။ ကျန်သော ကွက်လပ်တို့ကို ထပ်ဖြည့် ပေးသူတို့ ပေါ်လာသည်။
စာတွေရေးခဲ့တယ်ဆရာ။ သူ့ အမျိုးသားဆီကို တစ်စောင်။ အဖေ့ဆီ တစ်စောင်။ ဘယ်ဓာတ်ပုံဆိုင်မှာ ဘယ် ဓာတ်ပုံတွေရွေး။ ရန်ကုန်က အမျိုးသား ဘက်ကို ဘယ်ဓာတ်ပုံပို့။ အဖေ့အိမ်မှာ ဘယ်ပုံချိတ်ထားကစလို့ သူပေးစရာရှိတဲ့ အကြွေးရစရာရှိတဲ့ အကြွေးတွေပါရေး သမျှ အမှန်တွေချည်းပဲ ဆရာ။ အမျိုးသား လည်း အသုဘ မြေမကျခင်ရောက် လာပါတယ်။ အခေါင်းနားသွားပြီး ပြော ပြောပြီး ငိုနေတာရယ်။ ကလေးမ အဖေ ငိုနေတာရယ်က စိတ်မချမ်းမသာစရာ။
စာထဲမှာ သူ့ကလေးအငယ်ဆုံး အတွက် ဘယ်သူ့မှ ဒုက္ခမပေးဘူးလို့ ရေးခဲ့ပါတယ် ဆရာ။
ကလေး သေတာလား။ နို့ညှာလေး ပြောပြပါတယ်။ ကလေးကို အောက်ချ ထားပြီး အပိုင်းနဲ့ နှာခေါင်းကို ဖျစ်ညစ် ဖိထားတာရယ်။ သူ့ကိုပါ လိုက်ဆွဲပြီး သတ်ဖို့ ခေါ်လို့ ငိုပြီးအိမ်ပေါ်မှာ ပတ်ပြေး တာရယ် ပြောရှာ ပါတယ်လို့ သေသူရဲ့ အမျိုးတစ်ယောက်က ထပ်ဖြည့်လို့ ပြောပြပါသည်။

၃။ရင်မှာမချိသော သည်အဖြစ်တွေက ကျွန်တော်တို့ သတိထားစရာ သင်ခန်းစာ အချို့ရခဲ့ပါသည်။
စိတ်ကျန်းမာရေးအတွက် ကိုယ်တိုင် နှစ်သိမ့်ဆွေးနွေးဖို့ အချိန်မပေးနိုင်သော်မှ စိတ်ဓာတ်ကျတယ်။ သေချင်တယ်လို့ ပြောဆို ကြံစည်နေသူကိုမှ ဝေဒနာရှင်လို့ ကျွန်တော်တို့ လူ့ဘောင်အသိုင်းအဝိုင်းက သတိမထား အသိအမှတ်မပြုနိုင်ခဲ့သလို သူမလိုအပ်နေပါသော နှစ်သိမ့်ဆွေး နွေးမှုကို မပေးနိုင်ခဲ့တာ စိတ်လက်မချမ်း သာမိပါ။
စိတ်ကျန်းမာရေးကိစ္စများအတွက် ဆရာ ကိုခင်ဇော်တို့ ဆရာ ကိုစိုးမင်းတို့ လို စိတ်ကျန်းမာရေး ဆိုင်ရာ အထူးကု ဆရာဝန်ကြီးတွေက ကူညီဖို့ရှိကြသည်ကို ကျွန်တော်တို့ မေ့ထားမရလေ။ခေတ်၏ အပြောင်းအလဲမှာ စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေးရှုထောင့်ကို လူမှုဖိစီးမှု ဖိအားတွေအကြား ကျွန်တော် တို့ အလေးပေးကြဖို့လည်း သည်အဖြစ် အပျက်က မီးမောင်း ထိုးပြနေသလို ရှိပါ သည်။

(မြိတ်မြို့နယ် ကျေးရွာတစ်ရွာမှ ဖြစ်ရပ်မှန်မှုခင်းတစ်ခုအား ပြန်လည်ရေး ဖွဲ့ပါသည်။)