ထားဝယ်ဒေသ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီရွေးချယ်မှု ဝေဖန်သံအပေါ် တနင်္သာရီအစိုးရ ပြန်ရှင်း

0
455

ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ဖြန့်ဖြူးသည့် ကုမ္ပဏီကို ရွေးချယ်ရာတွင် ထုတ်လုပ်သည့် ကုမ္ပဏီက တောင်းဆို ချက်များကို လိုက်လျောနိုင်သည့် ကုမ္ပဏီ ကို ရွေးချယ်ရခြင်းဖြစ်ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးက ရှင်းလင်းပြောကြားသည်။

ထားဝယ်ဒေသ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွကီ်ီDDPC ကုမ္ပဏီနှင့် ဖိုးသီးချို ကုမ္ပဏီတို့ လုပ်ငန်းအဆိုပြုလွှာ တင်ရာတွင် ကောက်ခံမည့် တစ်ယူနစ် ဈေးနှုန်းပိုသက်သာပြီး ဝန်ဆောင်မှု ပိုကောင်းသည်ဟု ဒေသခံတို့ ယူဆသော ဖိုးသီးချို ကုမ္ပဏီကို မရွေးချယ်သည့် အပေါ် ထားဝယ်ဒေသခံတို့ အကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

DDPC ကုမ္ပဏီမှာ လျှပ်စစ်ထုတ် လုပ်သည့် Global Grand Services ကုမ္ပဏီက တောင်းဆိုသော အချက် လေးချက်ကို လိုက်လျောနိုင်သည့်အတွက် ထိုသို့ ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးကြည်လှိုင်က ပြော ကြားသည်။
တောင်းဆိုချက် လေးချက်မှာ လျှပ်စစ်ထုတ်လုပ်သည့် GGS ကုမ္ပဏီထံ စပေါ်ငွေအဖြစ် ငွေကျပ် သိန်းပေါင်း ၁၅၆၀၀ ပေးအပ်ထားရန်၊ လျှပ်စစ်ရယူ သုံးစွဲယူနစ် ကျသင့်ငွေကို လကုန်ပြီး ၂ ရက်အတွင်း ပေးချေရန်၊ ပေးချေရန် ငွေကို သတ်မှတ်ရက်ထက် ကျော်လွန် ပါက တစ်ရက်လျှင် ဒဏ်ကြေးအဖြစ် အမေရိကန် ဒေါ်လာ ၂၀၀၀ ပေးဆောင် ရန် တို့ ဖြစ်သည်။

အဆိုပြုထားသည့် ကုမ္ပဏီ ၂ ခု စလုံးက ဖြန့်ဖြူးမည့် လျှပ်စစ်တစ်ယူနစ် ဈေးနှုန်းတင်ပြခြင်းမရှိပေ။
သို့သော် ဖိုးသီးချို ကုမ္ပဏီက ထုတ်လုပ်ရေး ကုမ္ပဏီကတောင်းဆိုသော စပေါ်ငွေ မသွင်းရပါက သတ်မှတ်ထား သည့် တစ်ယူနစ် ၂၁၀ ကျပ်အောက် ပေးနိုင်မည်ဟု တင်ပြကြောင်း၊ DDPC ကုမ္ပဏီက စပေါ်ငွေပေးသွင်းမည်ဖြစ်ကာ တိုင်းဒေသကြီးအစိုးရက သတ်မှတ်သော တစ်ယူနစ် နှုန်းထားအတိုင်း ဖြန့်ဖြူး မည်ဟု တင်ပြကြောင်း ဝန်ကြီး ဦးကြည်လှိုင် က ရှင်းပြသည်။

စာချုပ်တွင် လကုန်ပြီး ၈ ရက်နေ့ အထိ ကျသင့်ငွေ မပေးဆောင်ပါက လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် ဖြန့်ဖြူးရေး ကုမ္ပဏီအကြား ချုပ်ဆိုထား သည့် စာချုပ် ပျက်ပြယ်မည်ဖြစ်ကြောင်း အချက်လည်း ပါဝင်သည်။
“ထုတ်လုပ်တဲ့ အပိုင်းက သူတို့ရဲ့ တောင်းဆိုချက်ကို တောင်းဆိုတယ် ဆိုတော့ တောင်းဆိုချက်ကို လိုက်လျော နိုင်တဲ့ အပိုင်းကိုပဲ လက်ရှိအနေအထား အရ ကျွန်တော်တို့က ကြည့်ပြီး ရွေး လိုက်တာ” ဟု တိုင်းဒေသကြီး ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
DDPC ကုမ္ပဏီမှာ လက်ရှိ လျှပ်စစ် ဖြန့်ဖြူးနေသော ကုမ္ပဏီဖြစ်ပြီး ဖိုးသီး ချိုမှာ ယင်းမတိုင်မီ လျှပ်စစ်ဖြန့်ဖြူး ခဲ့သော ကုမ္ပဏီဖြစ်သည်။
ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ တစ်ယူနစ် ၂၁၀ ကျပ်ဖြင့် ကောက်ခံသွား ရန်ရှိသည်။
DDPC လျှပ်စစ်မီးဖြန့်ဖြူးစဉ်က မီးအားမငြိမ်ခြင်း၊မီးမကြာခဏ ပျက်ခြင်း တို့အပါအဝင်အခြား ဝန်ဆောင်မှု လိုအပ်ချက်များကြောင့် ဒေသခံတို့က အမြဲတစေဝေဖန်လေ့ရှိ သည်။

မီးပျက်ကြောင်း အကြောင်းကြားနိုင် သည့် ဖုန်းဆက်သွယ် အကြောင်းကြား ခြင်း မှစ၍ လျှပ်စစ်နှင့် သက်ဆိုင်သည့် ဝန်ဆောင်မှု အားနည်းချက်များကို ပြုပြင်ကာ အကောင်းဆုံး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း (DDPC) မှ အမှုဆောင် ဒါရိုက်တာ ဦးဇော်ဆန်းက ဆိုသည်။
“ဝန်ဆောင်မှု အပိုင်းကို အကောင်း ဆုံး ဖြစ်အောင် လုပ်သွားမယ်” ဟု ဦးဇော်ဆန်းက ပြောသည်။
ယင်းအပြင် မီးပျက်သည့် အချိန်တွင် ပြုပြင်ရန် ခေါ်ဆိုပါက ငွေကြေးတစ်စုံ တစ်ရာ ပေးဆောင်ရန် မလိုတော့ကြောင်း ၎င်းကဆိုသည်။
ယခင်က ပြုပြင်ရန် ခေါ်ဆိုပါက ငွေကြေးပေးဆောင်ရသည်။

လျှပ်စစ်ဖြန့်ဖြူးခွင့်အရ DDPC ကုမ္ပဏီကို အစမ်းကာလအနေဖြင့် ၆ လ စောင့်ကြည့်လုပ်ကိုင်စေမည်ဖြစ်ပြီး ဝန်ဆောင်မှုပျက်ယွင်းပါက သတိပေး သွားမည်ဖြစ်ကာ ဆက်လက်ပျက်ယွင်း နေပါက စာချုပ်ပျက်ပြယ်ပြီး လုပ်ငန်း ပြန်သိမ်းသွားမည်ဖြစ်ကြောင်း တိုင်းလျှပ် စစ်ဝန်ကြီးက ဆိုသည်။
စာချုပ်သက်တမ်းကို ထုတ်လုပ် သည့်ကုမ္ပဏီစာချုပ်သက်တမ်းအတိုင်းပင် ၅ နှစ်ရှိမည်ဖြစ်ပြီး ၆ လတစ်ကြိမ် သက်တမ်းတိုးရမည် ဖြစ်သည်။