အခွန်တံဆိပ်ခေါင်းမကပ်ဘဲ ရွှေ နှင့် ကျောက်မျက်ရောင်းက ဒဏ်ကြေး ဆောင်ရမည်

0
488

ရွှေထည်ပစ္စည်းများ နှင့် ကျောက် မျက်ရတနာပစ္စည်းများ ရောင်းချရာတွင် အရောင်းပြေစာပေါ်၌ ကုန်သွယ်ခွန် တံဆိပ်ခေါင်းမကပ်ဘဲ ရောင်းချပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးထံမှ သိရသည်။
ရွှေဆိုင်လုပ်ငန်းရှင်များကို ဇွန်လ ၂၈ ရက်နေ့က ခေါ်ယူ တွေ့ဆုံကာ ပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီးဖြစ် ပြီး အခွန်ဆောင်ရန်ပျက်ကွက်ပါက ဆုပေးဒဏ်ပေးစနစ်ဖြင့် အရေးယူသွား မည်ဖြစ်ကြောင်း အထက်ပါရုံးမှ ဦးစီး အရာရှိ ဒေါ်တင်တင်စိန် ကပြောသည်။
“လက်ရှိပညာပေးအနေနဲ့ ရွှေဆိုင် ရှင်တွေကိုခေါ်ပြီး ရှင်းလင်းဆွေးနွေး ထားပြီးပြီ သူတို့က ကျွန်မတို့ကိုယ်စား အဲဒီအခွန်ကို ကောက်ခံပေးရမယ့်သူ တွေဖြစ်တဲ့အတွက်ပါ” ဟု ဒေါ်တင်တင်စိန် က ပြောသည်။
အခွန်တံဆိပ်ခေါင်းမကပ်ဘဲ ရောင်းချပါက ပထမအကြိမ်တွင် ဒဏ်ကြေး အဖြစ် နှစ်သိန်းကျပ်၊ ဒုတိယအကြိမ် ၅ သိန်း၊ တတိယအကြိမ်လျှင် ၇သိန်းနှင့် ယင်းထက်ပို ပျက်ကွက်ပါက ကျပ် ၁၀ သိန်း အထိ ပေးဆောင် ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အရောင်းပြေစာပေါ်တွင် ကုန်သွယ် အခွန်တံဆိပ်ခေါင်းမကပ်ဘဲရောင်းချ နေကြောင်း သတင်းပေးသူရှိပါက အဆိုပါ သတင်းပေးသူကို ၁၀ ရာခိုင်နှုန်း ပေး မည်ဖြစ်ကြောင်းအထက်ပါရုံးထံမှ သိရ သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ညွှန်ကြားချက်အရ ရွှေထည်နှင့် ကျောက်မျက်ရတနာများဝယ်ယူရာတွင် ကုန်သွယ်ခွန်ကို မြိတ်မြို့၌ ဇူလိုင်လ ၁ရက်နေ့မှ စတင်ပေး ဆောင်ရမည် ဖြစ်ကြောင်း အထက်ပါရုံးမှ သိရသည်။
အဆိုပါကုန်သွယ်ခွန်မှာ ရွှေထည်သီးသန့်အတွက် ရွှေတန်ဖိုး၊ လျော့တွက်နှင့် လက်ခ စုစုပေါင်းတန်ဖိုး အပေါ်တွင် ၁ ရာခိုင်နှုန်း၊ စိန်၊ မြ၊ နီလာ ကျောက်မျက်ရတနာ စသည့်တို့ ပါဝင်သော လက်ဝတ်ရတနာဖြစ်ပါက အထူးကုန်စည် ဖြစ်သည့် ကျောက်မျက် ရတနာ တန်ဖိုးအပေါ်ကုန်သွယ်လုပ်ငန်း ခွန် ၅ ရာခိုင်နှုန်းနှင့် ရွှေထည်တန်ဖိုး အပေါ် ၁ ရာခိုင်နှုန်း သီးခြားစီပေးဆောင် ရမည်ဖြစ်သည်။