မြိတ်ယာဉ်လိုင်းများ အဝေးပြေး ကားဝင်းအသစ်မှ စတင်ပြေးဆွဲ

0
374

မြိတ်ယာဉ်လိုင်းများအားလုံး အသစ်သတ်မှတ်ထားသည့် မြိတ် လေယာဉ်ကွင်းအနီးရှိ အဝေးပြေးကား ကွင်းအသစ်မှ စတင်ပြေးဆွဲလျက်ရှိ ကြောင်း မြိတ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီး ကြပ်ရေးကော်မတီထံမှ သိရသည်။
ညွှန်ကြားချက်အတိုင်း ဇွန်လ ၂၉ ရက်နေ့မှ စ၍ ယာဉ်လိုင်းများအားလုံး ကားကွင်းအသစ်သို့ ပြောင်းရွှေ့နေရာ ချထားခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ယင်းအဝေးပြေးကားကွင်းအသစ်မှ စတင်ကာ ပြေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

အဝေးပြေးကားကွင်းအသစ်ကို လာမည့် ဩဂုတ်လတွင်ဖွင့်လှစ်ရန်စီစဉ် ထားသော်လည်း မြိတ်မြို့အတွင်း ယာဉ်အန္တရာယ်များပြားနေသဖြင့် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အပတ်စဉ်အစည်းအဝေး ဆုံးဖြတ်ချက် အရ ဇွန်လ ၃၀ ရက်နေ့ကို ယာဉ် အသင်းအားလုံး အဝေးပြေးကားဝင်း အသစ်မှ စတင်ပြေးဆွဲရမည်ဟု လမ်းညွှန် ချက်ပေးခဲ့သည်။

“အခုလောလောဆယ်တော့ ခရီးသည်တွေ နေထိုင်စားသောက်မှု အပိုင်းလေးတွေနဲ့ ယာဉ်မောင်းတွေအတွက် အခက်အခဲလေးတွေရှိတယ်”ဟု ရွှေဝယ် မင်းခရီးသည်တင်ယာဉ်လိုင်းမှ ဂိတ်မှူး ဦးမောင်ဇော် က ပြောသည်။
မြိတ်မြို့တွင် ယာဉ်လိုင်းများမှာ ယာဉ်ကြီး ၂၃ သင်း၊ ယာဉ်အသေး၂၅ သင်း၊ ကုန်ကားအသင်း ၂၂ သင်း ရှိကြောင်း အထက်ပါကော်မတီထံမှ သိရသည်။