အခြေခံပညာကျောင်းသားများ အုပ်စုအလိုက် စာမေးပွဲ ဖြေရမည်

0
468

အခြေခံကျောင်းများတွင် တစ်နှစ် စာမေးပွဲလေးကြိမ်သာ စစ်ဆေးရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားထားပြီး အုပ်စုအလိုက်စာမေးပွဲများလည်း ဖြေဆိုရမည်ဖြစ်သည်။
စားမေးပွဲများကို ဇူလိုင်၊ အောက်တိုဘာ၊ ဒီဇင်ဘာနှင့် ဖေဖော်ဝါရီ လများတွင်ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင်လနှင့် ဒီဇင်ဘာလတွင် ပြုလုပ်သော စာမေးပွဲတွင် အုပ်စုလိုက် ဖြေဆိုသည့်ပုံစံ (Group Work) ဖြင့် ဖြေဆိုရ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပထမနှစ်ဝက်စာမေးပွဲနှင့် နှစ်ဆုံးစာမေးပွဲကို အောက်တိုဘာနှင့် ဖေဖော်ဝါရီလများတွင် အသီးသီး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခင်ပညာသင်နှစ်များတွင် တစ်နှစ်လျှင် အနည်းဆုံး ၅ ကြိမ်မှ အများဆုံး ၇ ကြိမ်အထိ စာမေးပွဲ ဖြေရသည်။

စာမေးပွဲများလျော့ကျလာသဖြင့် ကာယ၊ ဂီတ နှင့် ပန်းချီစသည့် တွဲဖက်ဘာသာရပ်များအတွက် အချိန်ပိုပေးနိုင်သည့်အပြင် အုပ်စုလိုက်ဖြေဆိုခြင်းကြောင့် စာမလိုက်နိုင်သော ကျောင်းသားများအတွက် များစွာ အထောက်အကူဖြစ်ကြောင်း လောင်းလုံး မြို့နယ် ပန်းဒလဲအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့် ကပြောသည်။
စားမေးပွဲနည်းလာသဖြင့် ကျောင်းသားများအတွက် အားလပ်ချိန် ကိုယ်လက်လှုပ်ရှားပြုလုပ်ချိန် ပိုရပြီး ယခင်ကထောင်ကျသကဲ့သို့ဖြစ်နေသော ကျောင်းသားများအတွက် စိတ်မွန်းကြပ်မှု လျော့ကျလာ မည်ဟု ပန်းဒလဲကျေးရွာနေ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်စန်းဌေးကပြောသည်။
“ကျောင်းစာနဲ့ ဝေးလာပြီး ဖုန်းထိုင်ပွတ်နေမှာကိုလည်း စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။