“လူတစ်ယောက်အတွက် မြေ ဘယ်လောက်လိုသနည်း”

0
411

“How much land does a man need? ”

“လူတစ်ယောက်အတွက် မြေ ဘယ်လောက်လိုသနည်း”ဝတ္ထုသည် လီယိုတော်လ်စတွိုင်း ၏ ထင်ရှားသော ဝတ္ထုတစ်ပုဒ် ဖြစ် သည်။
လီယိုတော်လ်စတွိုင်းသည် ဆရာ မြသန်းတင့် ဘာသာပြန်သော “စစ်နှင့် ငြိမ်းချမ်းရေး” (War and Peace) ဂန္တဝင်ဝတ္ထုရှည်ကြီးကို ရေသားခဲ့သည့် ရုရှားလူမျိုး ကမ္ဘာကျော် စာရေးဆရာ ကြီးတစ်ယောက် ဖြစ်သည်။ နာမည် အပြည့်အစုံမှာ ကောင့်လက်ဗ်နီကိုလာ အေဗစ် တော်လ်စတွိုင်း (Count Lev Nikolayevich Tolstoy) ဖြစ်သည်။ ၎င်းကို ၁၈၂၈ တွင် မွေးဖွားပြီး ၁၉၁၀ တွင် သေဆုံးသည်။

လီယိုတော်လ်စတွိုင်းသည် ရုရှား ပြည်ရဲ့ တန်ခိုးဩဇာအကြီးဆုံးဘုရင် တစ်ပါးဖြစ်သည့် ပီတာဘုရင်ကြီး(Peter the Great) လက်ထက် ကောင့် ဘွဲ့ရနယ်စားကြီး၊ အသက်အရွယ် အနည်း ငယ်ကြီးလာတော့ ပိုင်ဆိုင်တဲ့ မြေယာ များကို စွန့်လွှတ်ကာ သာမန်ဆင်းရဲ သားတစ်ယောက်လို နေထိုင်ခဲ့သူ၊ ဆင်းရဲသားတောင်သူလယ်သမား သား သမီးများအတွက် စာသင်ကျောင်းများ တည်ထောင်ပေးသည့် ပရဟိတတို့ရဲ့ ဖခင်၊ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၊ အင်္ဂလိပ်စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ် ကဲ့သို့ ပုဂ္ဂိုလ်ကြီးများကပင် လေးစားကြည်ညိုရသူ ဖြစ်သည်။
ဤ”လူတစ်ယောက်အတွက် မြေ ဘယ်လောက်လိုသနည်း”ဝတ္ထုကို ၁၈၈၆ တွင် ရေးသားခဲ့သည်။ ၎င်း၏ ဝတ္ထု သည် ဒဏ္ဍာရီဆန်ဆန် ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ ယင်းဝတ္ထုကို အကျဉ်းမျှ ဖော်ပြပါရစေ။

ဟိုးရှေးရှေးတုန်းက ရုရှားပြည်ကြီး ရဲ့ တစ်နေရာမှာ လူဦးရေ အလွန်နည်းပြီး မြေအလွန်ပေါတဲ့နယ်ကြီးတစ်နယ် ရှိပါ တယ်။ ငွေအနည်းငယ်ပေးရုံနှင့် မြေတွေ အများကြီးရနိုင်သတဲ့။ အဲသတင်းကို မြေအလွန်မက်မောသည့်”ပါဟုံ” ဆိုသော လူကြားတော့ ၎င်းပိုင်ဆိုင်သောမြေများ ကို ရောင်းချကာ မြေပေါပါသည် ဆိုသော နယ်မြေကို သွားပါသတဲ့။ အဆိုပါ နယ် မြေနယ်စားကြီးနှင့်တွေ့ကာ ရုရှားရူ ဘယ်ငွေ တစ်ထောင်ဖိုးဝယ်ပါ လေရော။ ရူဘယ်ငွေတစ်ထောင်ဖိုးအတွက် နေထွက် မှနေဝင် ပတ်နိုင်သလောက် ရမယ်တဲ့။ သို့သော် နေထွက်မှာစထွက်သောနေရာကို နေမဝင်မီပြန် ရောက်ရပါမယ်။ အကယ်၍ ပြန်မရောက်ဘဲ တစ်ထောင်တစ်ထွာမျှ လိုနေလျှင်တောင် မြေဖိုးငွေဆုံးပါမည်တဲ့။

၎င်းစကားကြားတော့ ပါဟုံ အလွန် သဘောကျသွားတာပေါ့။ ကြည့်စမ်း နေထွက်ကနေဝင် ၁၂ နာရီ ခရီးဟာ နည်းသလား။ ၎င်း၏ခြေလှမ်းကြီး နှင့် သွက်သွက်ကလေး ကြိတ်လိုက်လျှင် တစ်နာရီ ၅ မိုင်ထားဦးတော့၊ အမလေး… မိုင် ၆၀ ပတ်လည်ဆိုတဲ့ မြေဧကဟာ မနည်းပါလား။
ဒါနဲ့ အရောင်းအဝယ်လုပ်တဲ့နေ့ မနက် နေမထွက်ကတည်းက ပါဟုံဟာ ခပ်သုတ်သုတ် လျှောက်လာခဲ့တယ်။ သူလက်ထဲမှာ သူရောက်တဲ့နေရာမှတ်ဖို့ ပေါက်တူးတစ်လက်ပါခဲ့တယ်။ ပေါင်မုန့် နဲ့ ရေဘူးပါပါတယ်။ နယ်စားနှင့် နယ်သူ နယ်သားများကတော့ပါဟုံ စထွက်ပြီး ပြန်လည်ဝင်ရောက် လာမည့်နေရာမှာ ပါဟုံပေးသည့် ငွေတစ်ထောင်နှင့် ပျော်ပွဲ စားရင်း ကျန်နေခဲ့ပါတယ်။

ပါဟုံရဲ့စိတ်ကူးက သူလေးထောင့် ခရီးကို လေးဆစ်ချိုးပြီးသွားမယ်။ သူဟာ မနက်နေထွက်ရာကို မျက်နှာမူပြီး စထွက် ပါတယ်။ ကောင်းကင်မှာ နေလေးပုံတစ်ပုံ ရောက်လျှင် မြောက်စူးစူးဖက်ကို ချိုးပါ သည်။ နေမွန်းတည့်ချိန်ရောက်လျှင် အနောက်ဘက်ကို ချိုးလိုက်ပါသည်။ သူဟာ လမ်းတလျှောက် အစားကိုတောင် ရပ်ပြီး မစားပါဘူး။ မြေအရနည်းမှာစိုးလို့ တတ်နိုင်သလောက် ပြေးလိုက် မောရင် လမ်းပြန်လျှောက်လိုက်၊ ဒီလိုနဲ့ နေ့လယ် တစ်ပိုင်းလောက်ရောက်တော့ ၎င်းစထွက် ရာ တောင်ဘက်ပြန်ချိုး လိုက်ပါတယ်။ အဲဒီ အချိန်မှာ သူဟာ ပင်ပန်းနွမ်းနယ်ပြီး မို့ မနက်ကလောက် ခြေလှမ်းမသွက်တော့ ပါဘူး။ သူစထွက်ရသာ နေရာကိုလှမ်းမြင် တော့ နေဝင်မည့်ဆဲဆဲ ဖြစ်နေပါပြီ။ ဒါ ကြောင့် သူ သဲကြီးမဲကြီး ဇွတ်ပြေးပါလေ ရော။ သူစထွက်ရာ နေရာရောက်တော့ သူဟာ ဝမ်းလျားထိုးလဲကျသွားပြီး အသက် မရှိတော့ပါဘူး။ အဲဒီနယ်စားကြီး ဝမ်းနည်းစွာနဲ့ပဲ သူ့အလောင်းကိုတူးမြှုပ် လိုက်ရပြီး သူကြိုးစားခဲ့သမျှ ရလိုက်တဲ့ မြေဟာ သူ့တစ်ကိုယ်စာ အလျား ၆ ပေ၊ အနံ ၄ ပေ ပါပဲတဲ့။

စာရေးသူ (လီယိုတော်လ်စတွိုင်) က လူတစ်ယောက်အတွက် နောက်ဆုံး ပိုင်ဆိုင်ရမှာက ၎င်းကို မြှုပ်နှံသည့် ၆ ပေ၊ ၄ ပေ မြေကျင်းလေးသာဖြစ်ကြောင်း ဝတ္ထုဖြင့်ထင်ရှားအောင် ပြဆိုခဲ့ပါသည်။ ထို့ သဘောတရားကို ကြိုတင်မျှော်မြင် ကာ သူပိုင်လယ်ယာ မြေများကို မသေမီ စွန့်ကြဲပေးလှူခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ တော့ သူဌေးတစ်ယောက်ရဲ့ မြေပိုင်ဆိုင် မှုဟာ စင်ကာပူနိုင်ငံ အကျယ်အဝန်း လောက်ရှိတယ်ဆိုရင် အံဩသွားမလား။ တိုင်းရဲ့မြောက်ပိုင်း ရေဖြူကလိန်အောင် ကနေ တောင်ပိုင်းကော့သောင်းအထိ မြေဧကထောင်ပေါင်းများစွာကို အပိုင်း ပိုင်းခွဲကာ မောင်ပိုင်စီးတဲ့သူများကို ဆရာကြီး လိယိုတော်လ်စတွိုင်းသာ ရှိသေးရင် ဘယ်လိုများပြောလိမ့်မလဲဟု ကျွန်တော် စဉ်းစားကြည့်မိပါသည်။

“တနင်္သာရီတိုင်းသည် မြန်မာပြည်ရဲ့ ဆီအိုးကြီး ဖြစ်စေရမည်”ဟူသော ကြွေ ကြော်သံနှင့်အတူ ဆီအုန်းစီမံကိန်း အကြောင်းပြကာ တနင်္သာရီတိုင်းအတွင်း မှာရှိသော မြေဧက ထောင်ပေါင်းများစွာ တို့သည် ခရိုနီကြီးငယ်တို့၏ လက် အတွင်းသို့ သက်ဆင်းကြရသည်။ သစ် တောမြေ၊ မြေလွတ် မြေရိုင်း၊ ပလပ်မြေ၊ စားကျက်မြေစသည်တို့သည် မြေအစား ကျူးသော မြေဖုတ်ဘီလူးတို့၏ အစောင့် အရှောက် ဖြစ်ကုန်ပါသည်။

တကယ်တော့ ဆီအုန်းစီမံကိန်းကို အမှန်တကယ် အကောင်အထည်ဖော်သော ကုမ္ပဏီလုပ်ငန်းရှင် အနည်းသာ ရှိသည်။ အများစုသည် မြေရယူကာ လမ်းဘေး ဝဲယာမှာ ဟန်ပြစိုက်ပျိုးကြပြီး သစ်ထုတ် လုပ်ခဲ့ကြသည်။ ကုမ္ပဏီတို့ ရယူထား ကြသော မြေအားလုံး နီးပါးသည် ရန်ကုန်၊ ထားဝယ်၊ ကော့သောင်းလမ်းပိုင်း ပြည်ထောင်စု လမ်းမပေါ် မေးတင်ထား သော မြေများ ဖြစ်ကြသည်။ နောင်တချိန် အမှန်တကယ် တန်ဖိုးရှိလာမည့် မြေများ မို့ လက်ဦးမှုရယူကာ သိုလှောင်ထားခြင်း ပဲ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှာ မြေဘီလူးတို့အတွက် မြေအလိုရှိပါက ဝတ္ထုထဲကဇာတ်ကောင် ပါဟုံ လို နေထွက်ကနေဝင်ပတ်ပြေးစရာ မလိုပေ။ စားပွဲမှာ ထိုင်ရာမထ မြေပုံပေါ် လက်ညိုးထောက်ရာ ရခဲ့ကြသည်။ သူတို့ ရဲ့မြေပုံပေါ်က မြေလွတ်မြေရိုင်းများသည် အောက်ခြေ၌ ဥယျာဉ်ခြံမြေများ များစွာ ပါဝင်သည်။ တချို့ဥယျာဉ်မြေများဆိုလျှင် မျိုးဆက်သုံးဆက်လောက် ဓားမဦးချ လုပ်ကိုင်ခဲ့ကြသော မြေများ ပါဝင်သည်။ ဒါကို သက်ဆိုင်ရာ အာဏာပိုင်ဆိုသူတွေ၊ ခရိုနီကြီးတွေလည်း သိကြပါမည်။
ဝတ္ထုဇာတ်ကောင် ပါဟုံသည် ပိုင်ရှင်မရှိသော မြေလွတ်မြေရိုင်းများကို သာ လောဘတက်ခဲ့သည်။ မြန်မာ နိုင်ငံက ပါဟုံများကတော့ ပိုင်ရှင် ရှိသော မြေများပါ မချန် လောဘကြီး ခဲ့ကြသည်။ ရိုးသားသောကျေးတောသား တို့၏ ချွေးစက်များနှင့် ခုတ်ထွင်းထားသော မြေများစွာကို အဓမ္မရယူ ခဲ့ကြသည်။
စီမံကိန်းဟူသော ခေါင်းစဉ်အောက် တွင်ပါဝင်ခဲ့သော ဥယျာဉ်ခြံမြေများသည် ဥယျာဉ်တောင်သူများ၏ မျှော်လင့်ချက်၊ တောင်သူများ၏ဘ၀၊ တောင်သူများ၏ အနာဂါတ်များဖြစ်သည်ကိုမူ သတိပြု သင့်ပေသည်။

မြေပိုင်ရှင်ဆိုသူ ခရိုနီကြီးများနှင့် ဥယျာဉ်ခြံစိုက်တောင်သူတို့၏ မြေယာ အငြင်းပွားမှုပြဿနာသည် အရင်စစ် အစိုးရ၊ ကြံ့ခိုင်ရေးပါတီအစိုးရ လက် ထက်မှသည် လက်ရှိအစိုးရထက် အောင် ပါလာသော အမေဘုတ်ရဲ့ချည်ငင် ထွေး ကြီးများ ဖြစ်သည်။
အရင်အစိုးရဆိုသူတွေနှင့် ခရိုနီ ဆိုသူဟာ ပုလင်းတူ ဘူးဆို့များမို့ တောင်း သူတို့မျှော်လင့်ချက်တွေ ဝေးခဲ့ရသည်။ အခုပြည်သူ့အစိုးရ လက်ထက်မှာတော့ ဤမြေယာပြဿနာတို့ ပြေလည်နိုင်မည် ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် တစ်နှစ်ကျော်လာသော အစိုးရသည် လည်း မရှင်းနိုင်သေးပေ။

ပါဟုံ သည်မြေအတွက် အသက်ဆုံး သည်အထိ လောဘတက်ခဲ့သော်လည်း ရလိုက်တာက ၆ပေ ၄ပေ။
သူတစ်ပါး မျက်ရည်တွေကျမှ ရလာတဲ့မြေတွေဟာလည်း သေရင်ထားခဲ့ ရမှာပင်။ အလွန်ဆုံးရလှ ကျွန်တော်တို့ တစ်ကိုယ်စာ ၆ ပေ ၄ပေ အကျယ်လေးပါ။ အကယ်၍ ကျန်ရစ်သူများသာ သုသာန် မြေမှာ မြုပ်နှံမပေးပဲ မီးသင်္ဂြိုဟ် လိုက် လျှင်မူ ပြာမှုန်ဘ၀ဖြင့် လွင့်ချင်ရာလွင့် သွားကာ မြေမြူတမှုန်မှမရဘဲဖြစ်သွား တတ်ပါကြောင်း သတိပေးလိုက်ရပါသည်။

ကိုးကား – သော်တာဆွေ၏ သူတို့ ပြည်ခရီးသွား မှတ်တမ်းစာအုပ်။