မြိတ်တွင် လိုင်စင်မဲ့ဆေးဆိုင် နှစ်ဆိုင် ပိတ်သိမ်း

0
365

မြိတ်မြို့တွင် လိုင်စင်မရှိဘဲ ရောင်း ချနေသည့် ဆေးဆိုင်နှစ်ဆိုင်ကို ဇွန်လ ၁၅ ရက်က စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ပိတ်သိမ်းစေခဲ့ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။

စပ်ဆေးရောင်းချခြင်း ရှိ၊ မရှိကို ဝင်ရောက်စစ်ဆေးရာမှ မြိတ်မြို့ရှိ ဆေး ဆိုင် ၃ ဆိုင်တွင် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးများ(တရားမဝင်ဆေး)ကို စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင် ၂ ဆိုင်တွင် ဆေးဆိုင်လိုင်စင်မရှိကြောင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

” လိုင်စင်မရှိတဲ့ ဆေးဆိုင် ၂ ဆိုင်ကို လိုင်စင်မရ မချင်း ပိတ်သိမ်း ခိုင်းထားတယ်” ဟု ကော်မတီ အတွင်း ရေးမှူးက ပြောသည်။တွေ့ရှိသည့် တရားမဝင်ဆေးများ ကို သိမ်းဆည်းကာဆေးဆိုင်ပိုင်ရှင် များ ကို ခံဝန်ထိုးခိုင်းခဲ့ကြောင်း ကော်မတီ အတွင်းရေးမှူးက ဆိုသည်။ထားဝယ်ခရိုင်နှင့် ကော့သောင်း ခရိုင်အတွင်းရှိ ဆေးဆိုင်များကိုလည်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ် ကဲရေး ကော်မတီထံမှ သိရသည်။