သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော် ထိန်းသိမ်းရန် ယခုဘဏ္ဍာနှစ် ရန်ပုံငွေ မရှိ

0
426

သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော် ထိန်းသိမ်းရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်ရန်ပုံငွေရရှိထားခြင်း မရှိဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရ သည်။
ထို့ကြောင့် မြို့ဟောင်းတူးဖော်မှု ကိုလည်း ယာယီရပ်နားထားရပြီး ယမန် နှစ်က တူးဖော်ထားသည့် အဆောက်အဦ များကိုမူ အမိုးမိုးပြီး ထိန်းသိမ်းထားသည် ဟု မွန်ပြည်နယ် ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ) မှ ဒု-ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ပြောသည်။

” မြို့ဟောင်းတူးဖော်တဲ့ကိစ္စက ပြည်ထောင်စုဘတ်ဂျက်နဲ့ သွားတယ်၊ ပြည်နယ်နဲ့ မဆိုင်ဘူး၊ ဒီဘဏ္ဍာနှစ်မှာ ချပေးတဲ့ဘတ်ဂျက် စာရင်း မတွေ့ဘူး” ဟု ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြော သည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော် ထိန်း သိမ်းရန်အတွက် ပြည်ထောင်စုယဉ် ကျေးမှုဝန်ကြီးဌာနမှ ဘတ်ဂျက် ငွေကျပ်သိန်း ၁၅၀၀ ချပေးခဲ့သည်ဟု မွန်ပြည်နယ် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ) ထံမှ သိရသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းကို ပြည်ထောင်စုဘက်ဂျက် ကျပ်သိန်း ၂၀၀ ဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလခန့်က ပထမအကြိမ် စတင်တူးဖော်ခဲ့ပြီး ဒုတိ ယအကြိမ်ကို ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာန ဘတ်ဂျက် ငွေကျပ်သိန်း ၈၀၀ ဖြင့် ၂၀၁၅ ခုနှစ်က တူးဖော်ခဲ့ သည်။သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံ အောက်ပိုင်း မွန်လူမျိုးတို့၏ ရာမည ဒေသရှိ စစ်တောင်းမြစ်ဝပတ်ဝန်းကျင်မှ တောင်ဘက် သံလွင်မြစ်ဝ ပတ်ဝန်းကျင် ထိကို သုဝဏ္ဏဘူမိနေရာဟု မွန်သမိုင်း မှတ်တမ်းအရ သိရသည်။

ပထမဝီအနေအထားအရ ပဲခူးတိုင်း ဒေသကြီးအရှေ့ပိုင်းဝေါမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မော်လမြိုင်ခရိုင်မြောက်ပိုင်းဒေသများကိုခြုံငုံ၍ သုဝဏ္ဏဘူမိဧရိယာဟု မွန် သမိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်။